ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့၊ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများတိုက်ရိုက်အရောင်းဈေးတွင် သက်သာသောဈေးနှုန်းဖြင့်ရောင်းချ

    ပဲခူတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တောင်ငူမြို့ ဘုရင့်နောင်ဈေးအနီးတွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများတိုက်ရိုက်အရောင်းဈေးဖွင့်လှစ်၍ ဆန်၊ အသားငါးနှင့် ဟင်းသီးဟင်းရွက်တို့ကို သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ မည်သူမဆို လွတ်လပ်စွာလာရောက်ဝယ်ယူနိုင်ပါသည်။

   ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁၇ရက်နေ့တွင် မွေးမြူရေးထုတ်ကုန်လုပ်ငန်းရှင်များက ကြက်သားတစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပါသည်။

    တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများက သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များရောင်းချပေးလျက်ရှိရာ ဖရုံသီးတစ်လုံးလျှင် ၈၀၀ကျပ်၊ ဘူးသီးတစ်လုံးလျှင် ၁၀၀၀ကျပ်၊ ဂေါ်ရခါးသီးတစ်လုံးလျှင် ၂၀၀ကျပ်၊ သခွားသီးတစ်ပိဿာလျှင် ၈၀၀ကျပ်၊ ကြက်ဟင်းခါးသီးတစ်ပိဿာလျှင် ၈၀၀ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ ဂေါ်ဖီတစ်ပိဿာလျှင် ၅၀၀ကျပ်၊ ငရုတ်သီးစိမ်း တစ်ပိဿာလျှင် ၄၀၀၀ကျပ်ဖြင့်ရောင်းချပေးလျက်ရှိပါသည်။

      ထို့အတူ ရုံးပတီသီး၊ ပဲသီး၊ ဂေါ်ရခါးညွန့်၊ သပွတ်ညွန့်၊ နံနံပင်၊ ကန်စွန်းရွက်၊ ကင်မွန်း ချဉ်ရွက် စသည့်ဟင်းသီးဟင်းရွက်များကိုလည်းရောင်းချပေးလျက်ရှိရာ စိုက်ခင်းများမှ တိုက်ရိုက် လာရောက်ရောင်းချခြင်းဖြစ်သဖြင့် လတ်ဆတ်သည့်အပြင် ဈေးနှုန်းလည်းချိုသာသဖြင့် ဝယ်ယူအားပေးလျက်ရှိကြောင်းနှင့် တိုက်ရိုက်အရောင်းဈေးသို့ သက်ဆိုင်ရာဌာနဆိုင်ရာများကကြီးကြပ်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့နယ်တွင် ကုမ္ပဏီနှင့်အကျိုးတူ‌ပူးပေါင်း၍ စိုက်ပျိုးသော ဂျပန်ရုံးပတီသီး အကျိုးဖြစ်ထွန်းလျက်ရှိ

     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဆင်ဆိပ်ကျေးရွာအုပ်စု၊ ခပေါင်းတိန်ကျေးရွာရှိ ဂျပန်ရုံးပတီသီးစိုက်ပျိုးသော တောင်သူကြီးများဝင်ငွေတိုးကာ အကျိုးဖြစ်ထွန်းလျက်ရှိပါသည်။ ၂၀၂၃ခုနှစ် ဇူလိုင်လ ၅ရက်နေ့တွင် Nilar Forzen Foods Co.,Ltd မှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးပညာရှင်များသည် ခပေါင်းတိန်ကျေးရွာရှိ တောင်သူကြီးများနှင့်တွေ့ဆုံ၍ ဂျပန်ရုံးပတီသီးများစိုက်ပျိုးကြရန်အလို့ငှာ ဆွေးနွေးခဲ့ကြပါသည်။

       NFF ကုမ္ပဏီက စိုက်ပျိုးရန်မျိုး၊ သွင်းအားစုများကို ကြိုတင်ထုတ်ပေးထားပါသည်။ စိုက်ပျိုးရန်လိုအပ်သည့် နည်းပညာအတွက် စိုက်ပျိုးရေးပညာရှင်နှစ်ဦးထားရှိပေးပါသည်။ သီးနှံ ပေါ်ချိန်တွင် ကုမ္ပဏီမှသတ်မှတ်ထားသည့် အရည်အသွေးအတိုင်း ဈေးပေးဝယ်ယူမည်ဖြစ်ပါသည်။ ကုမ္ပဏီမှဖြန့်ဖြူးထားသည့် မျိုး၊ သွင်းအားစုနှင့် ဆေးများကိုသာအသုံးပြုရပါသည်။ မျိုး၊ သွင်းအားစုနှင့် ဆေးဖိုးများကို ချက်ချင်းပေးရန်မလိုဘဲ ရုံးပတီသီးဝယ်ယူသည့်အချိန်တွင် ခုနှိမ်ပေးသွားမည်ဖြစ်ပါသည်။

       ခပေါင်းတိန်ကျေးရွာရှိ တောင်သူလယ်သမား ၁၆ဦးမှာ ရုံးပတီသီး ၂၄ဧကစိုက်ပျိုးထားပါသည်။ NFF ကုမ္ပဏီနှင့် စိုက်ပျိုးသူတောင်သူလယ်သမားများအနေဖြင့် နှစ်ဦးသဘောတူ ရုံးပတီသီးရောင်းဝယ်ရေးဝန်ခံကတိစာချုပ်ချုပ်ဆိုရပါသည်။ မျိုးစေ့ထုတ်ပေးသည့်အချိန်တွင် ပျိုးထုပ်ဖြင့် စတင်စိုက်ပျိုးပါသည်။ ပျိုးထုပ်အတွင်း ၁၅ရက်သားခန့်ရှိသော အပင်ပေါက်များကို မြေပြုပြင်ထားသည့် အခင်းအတွင်း၌ ပင်ကြား၊ တန်းကြား (၁.၅ပေ×၃ပေ) တစ်ဧကဝင်ဆန့်သောအပင်ရေ ၇၀၀၀၊ ၈၀၀၀ပျိုးပင်ပေါက်များကိုစိုက်ပျိုးကြပါသည်။

       စိုက်ပျိုးပြီး ၂၅ရက်သားခန့်တွင် ပထမအကြိမ်အဖြစ် ပေါင်းမြက်ရှင်းပေးရပါသည်။ ရုံးပတီသီးတစ်ဧကလျှင် သဘာဝမြေဩဇာ ၃တန်၊ ဇီဝမြေဩဇာ ၃အိတ်၊ ကွန်ပေါင်း (၁၅:၁၅:၁၅) တစ်အိတ်၊ ယူရီးယားတစ်အိတ်ထည့်သွင်းပေးရပါသည်။ စိုက်ခင်းအတွင်း ၄၅ရက်သားရှိပါက အသီးများစတင်ဆွတ်ခူးနိုင်ပါသည်။ ရုံးပတီသီးများကိုခူးဆွတ်သည့်အခါ နံနက် (၁၁း၀၀)နာရီနောက်ဆုံးထား၍ ခူးဆွတ်ပေးရပါသည်။ နှစ်ရက်လျှင်တစ်ကြိမ် အသီးများခူးဆွတ်နိုင်ပါသည်။

    အကျိုးတူစိုက်ပျိုးထားသည့် ရုံးပတီသီးများကို သဘောတူစာချုပ်ပါအတိုင်း ပြင်ပသို့ ရောင်းချခြင်းမပြုရပါ။ ၆.၉စင်တီတာဆိုဒ် တစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ ၉ စင်တီမီတာမှ ၁၃ စင်တီမီတာအတွင်း တစ်ပိဿာလျှင် ၇၀၀ကျပ်ဟုသတ်မှတ်ပြီး ကုမ္ပဏီမှဝယ်ယူပါသည်။ သတ်မှတ်စံချိန်စံညွှန်းမီရမည်ဖြစ်ပါသည်။ NFF ကုမ္ပဏီသည် တောင်သူများကို ကြိုတင်ထုတ်ပေးထားသည့် မျိုး၊ သွင်းအားစုနှင့် ဆေးဖိုးများကို ၈ကြိမ်ခွဲပြီး အရစ်ကျခုနှိမ်ပါသည်။ ကျေးရွာအထိဆင်းပြီး ဝယ်ယူပေးပါသည်။ တနင်္ဂနွေ့နေ့တွင် အဝယ်နားပါသည်။

    ရုံးပတီသီးတစ်ဧကစိုက်ပျိုးထားသူ ဦးလှစိုးမှာ ရုံးပတီသီးပိဿာ ၁၉၀၀ခန့်ထွက်ရှိသည်ဟုသိရပါသည်။ တစ်ပိဿာ ၁၅၀၀ကျပ်ဖြင့်ရောင်းချပါက ၂၈၅၀၀၀၀ကျပ်ရရှိပြီး မျိုး၊ သွင်းအားစုနှင့် လုပ်သားခ ၁၀၀၀၀၀၀ကျပ်နုတ်ပါက အမြတ်ငွေ ၁၈၀၀၀၀၀ကျပ်ရရှိမည်ဖြစ်ပါသည်။ စိုက်ပျိုးနည်းစနစ်များကို ကုမ္ပဏီမှ အကြံပြုပေးခြင်း၊ စိုက်ပျိုးရေးဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးပေးခြင်း၊ ကျေးရွာအထိဆင်း၍ဝယ်ယူခြင်း စသည့်အားသာချက်များရှိခြင်းကြောင့်  NFF ကုမ္ပဏီနှင့်တောင်သူလယ်သမားများ အကျိုးတူစိုက်ပျိုးထား‌ကာ ဂျပန်ရုံးပတီစိုက်တောင်သူများ အကျိုးဖြစ်ထွန်းလျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ရွှေဘိုပေါ်ဆန်းဈေးနှုန်းတည်ငြိမ်ပြီး အခြားဆန်ဈေးနှုန်းကျ

    တောင်ငူမြို့တွင်  ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၅၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမနေပြီး ဖျာပုံပေါ်ဆန်းမှာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်တွင် တစ်အိတ်လျှင် ၁၃၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်၊ ဒေသပေါ်ဆန်းမှာ ယခင်အပတ်တွင် တစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၀၃၀၀၀ကျပ်၊ ဧည့်မထဆန်ဟောင်းမှာ ယခင်အပတ်တွင် တစ်အိတ်လျှင် ၈၀၀၀၀ကျပ်မှ ၈၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၇၈၀၀၀ကျပ်မှ ၈၀၀၀၀ကျပ်အထိနှင့် ဧည့်မထဆန်သစ်မှာ ယခင်အပတ်တွင် တစ်အိတ်လျှင် ၆၃၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၅၆၀၀၀ကျပ်မှ ၅၈၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းကျဆင်းလာပါသည်။

       စပါးအဟောင်းလက်ကျန်မရှိတော့ဘဲ စပါးအသစ်မှာ တင်း၁၀၀လျှင် ၁၆၀၀၀၀၀ကျပ်၊ ဆန်ကွဲကြီးမှာ တစ်အိတ်လျှင် ၅၀၀၀၀ကျပ်၊ ဆန်ကွဲသေးမှာ တစ်အိတ်လျှင် ၄၃၀၀၀ကျပ်၊ ဖွဲနုမှာ ယခင်အပတ်ဈေးနှုန်းအတိုင်း တစ်အိတ်လျှင် ၂၆၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပါသည်။

      မတ်ပဲ(၃၀ ပိဿာအိတ်)မှာ ယခင်အပတ်တွင် တစ်အိတ်လျှင် ၁၂၃၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် ၁၂၈၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်လာပါသည်။ ပဲလွန်းဖြူနှင့် ပဲတီစိမ်းမှာ အရောင်းအဝယ်မရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူခရိုင်၏ အောက်တိုဘာလ တတိယပတ်တွင် ဆန်စီးထွက်မှုနှင့်ဈေးနှုန်း၊ဈေးကွက် အခြေအနေ

          “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဝင်/စီးထွက်မှုအခြေအနေများကို စာရင်းကောက်ယူလျက်ရှိရာ ကန့်ဘလူခရိုင်အတွင်း  ဆန်စီးဝင် စီးထွက်အခြေအနေများကို ဖော်ပြလိုက်ရပါသည်။

         ကန့်ဘလူခရိုင်အနေဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်းဖြစ်ပေါ်ခဲ့သော စပါး၊ ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၃,၄၀၀,၀၀၀၊ ဧရာမင်း စပါးတင်း (၁၀၀)လျှင် ကျပ် ၃,၀၀၀,၀၀၀ နှင့် နွေစပါးရွှေဝါထွန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၁,၆၈၀,၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၁၂၂,၀၀၀၊ ဧရာမင်းဆန်(၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၁၂၇,၅၀၀ နှင့် ရွှေဝါထွန်းဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၆၈,၀၀၀ ဖြစ်ပြီး  ကန့်ဘလူခရိုင်မှ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဆန်စီးထွက်မှုမှာ  မန္တလေးတိုင်းသို့ အိတ်ရေ ၅၀၀ အိတ်၊ ကချင်ပြည်နယ်သို့ အိတ်ရေ ၅၀၀ အိတ် စုစုပေါင်းအိတ်ရေ ၁၀၀၀ အိတ်၊ တန်အားဖြင့် (၅၀)တန် စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက် လုပ်ငန်းရှင်နှင့် ချိတ်ဆက်မေးမြန်းမှု အရ သတင်းရရှိပါသည်။        

DOCA(စစ်ကိုင်း)       

ကန့်ဘလူခရိုင်အတွင်း ရောင်းချနေသော အောက်တိုဘာလ တတိယပတ် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းအခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

          ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျှက်ရှိသော စိုက်ပျိုးရေး သုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ အောက်တိုဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ပန်းဖူး(50)kg တစ်အိတ်လျှင် (၈၇၀၀၀)ကျပ်၊ မျှားကမ္ဘာ(50)kg တစ်အိတ်လျှင် (၇၇၀၀၀)ကျပ်၊ ကွန်ပေါင်း(10:10:5) (50)kg တစ်အိတ်လျှင်(၇၇၀၀၀)ကျပ်၊ ကွန်ပေါင်း (15:15:15) (50)kg တစ်အိတ်လျှင်(၁၆၀၀၀၀)ကျပ်၊ ပိုတက် (50)kg တစ်အိတ်လျှင် (၁၄၈၀၀၀)ကျပ်နှင့် ရွှေတောနစ် (၅၀၀)စီစီ တစ်ဘူးလျှင် (၁၁၀၀၀)ကျပ်၊ မိုရယ်လ်မုန်း (၅၀၀)စီစီ တစ်ဘူးလျှင် (၂၅၀၀၀) ကျပ်၊ ဟတ်ကာ(၅၀၀)စီစီ တစ်ဘူးလျှင် (၂၄၅၀၀)ကျပ် ၊ AP ဇာပြာ (၅၀၀)စီစီ တစ်ဘူးလျှင် (၂၁၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်း ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

          DOCA(စစ်ကိုင်း)

အောက်တိုဘာလ တတိယအပတ် ကျွန်းလှမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

            မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကား ဈေးနှုန်းများအား  နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည် ။

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင် (၃)ဆိုင် ပုံမှန် ဖွင့်လှစ် ရောင်းချလျက်ရှိပြီး အောက်တိုဘာလ ဒုတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီ တာလျှင်(၂၀၉၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာ(၂၁၉၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာ(၂၃၄၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်)တစ်လီတာ(၂၄၅၅)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရပါသည်။

          ယခု အောက်တိုဘာလ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင်    (၂၀၉၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာ(၂၁၉၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာ(၂၃၄၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာ(၂၄၅၅)ကျပ်ဖြင့် ရောင်းချသောကြောင့်  ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက  ဈေးနှုန်းတည်ငြိမ်နေ လျက်ရှိကြောင်း ကျွန်းလှမြို့ စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၂၄.၁၀.၂၀၂၃ )

    ၂၄.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့နယ်အတွင်းရှိ ကြိမ်၊ ဝါး၊ ကြိမ်၊ ဗေဒါ MSME လုပ်ငန်းများနှင့်ဈေးကွက်ရောင်းချမှု

     ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့ရှိ အောင်မိသားစု Bamboo and Rattan Handmade Bags Production & Trading Centre မှ ဒေသထွက်ကြိမ်၊ ဝါး၊ ဗေဒါ ကုန်ကြမ်းများကိုအသုံးပြု၍ ပြည်တွင်း၊ ပြည်ပဈေးကွက် ဝယ်လိုအားရှိသော မြန်မာ့လက်မှုရိုးရာ HandMade  ပစ္စည်းများထုတ်လုပ်ရောင်းချလျက်ရှိပြီး ရေကြည်မြို့ နှင့်ငါးသိုင်းချောင်းမြို့များသည် ကြိမ်၊ဝါး၊ဗေဒါလက်မှုလုပ်ငန်းများကို အဓိက လုပ်ကိုင် လျက်ရှိရာ လက်ရှိစီးပွားရေးလုပ်ငန်းရှင် လက်ကြီးသမား ၁၀ဦးကျော် လုပ်ငန်းရှင် အသေး ၁၀၀ ကျော်နှင့်မြို့နယ်အတွင်းရှိ မြို့ပေါ်နှင့် ကျေးရွာပေါင်း ၅၀ ကျော်မှ ကျေးလက်နေ ဒေသခံပြည်သူ ၂၀၀၀ ကျော်အား MSME လုပ်ငန်းများဖြင့် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးနိုင်ခဲ့ကြောင်း လုပ်ငန်းရှင်ထံမှသိရသည်၊၊

        ဈေးကွက်အတွင်းလုပ်ငန်းရှင်မှ ထုတ်လုပ်ထားသော ပစ္စည်းများအပြင် ဝယ်ယူသူမှ အော်ဒါမှာယူသော ဒီဇိုင်းပုံစံများကိုလည်းပြုလုပ်ပေးရပြီး ဦးထုပ်အမျိုးမျိုး၊ ခမောက်၊ ဆွဲခြင်းအမျိုးမျိုး ၊ တောင်း၊ပလုံး ၊စကော ၊ ဇကာ ၊ စားပွဲတင်ပန်းအိုး၊ ဘောပင်ခြင်း၊ တစ်ရှုးဘောက်၊ ပိုက်ဆံအိတ်အမျိုးမျိုး ၊ အမျိုးသမီးအိတ်မျိုးစုံ ၊ ခြင်းလုံး ၊ အလှခတ်ခြင်း၊ ဟော်တယ်သုံးကော်ဖီခွက်အောက်ခံပြား ၊ အမှိုက်ခြင်း၊ ကျောင်းသုံးဆွဲခြင်းအမျိုးမျိုး ၊ ပန်းအိုးအကြီး၊ အသေးမျိုးစုံ ဟိုတယ်သုံးအဝတ်အစားထည့်ခြင်း၊ သစ်သီးခြင်း၊ လက်ဆောင်ခြင်း၊ ဇွန်းခရင်းထည့်သောခွက် ဟိုတယ်သုံးစောင်၊ ခြင်ထောင်ထည့်သောခြင်း၊ ခေါင်းအုံး စသည့်တို့အပြင် ပစ္စည်းတစ်ခုချင်းအတွက် အမျိုးအစားပေါင်းစုံ ရာဂဏန်းကျော်ပြုလုပ်၍ မြန်မာပြည်အတွင်း အမှာစာရရှိသောနေရာများသို့ ပေးပို့ရာတွင် ငွေဆောင်၊ ချောင်းသာ၊ ကမ်းခြေဒေသများနှင့် တန်ခိုးကြီးဘုရားများရှိသော မန္တလေး၊ ပုဂံ၊ ညောင်ဦး၊ ကျိုက်ထီးရိုး၊ မကွေး၊ စစ်ကိုင်းမြို့၊ ပြည်မြို့များတွင် အဓိကလာရောက်လည်ပတ်သော ပြည်တွင်းပြည်ပ ဧည့်ခရီးသွားများမှ အများဆုံး လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်၊၊

     ဦးထုပ်ကျားဆောင်းတစ်လုံးလျှင် ကျပ် ၂၀၀၀/၅၀၀၀၊ မဆောင်းဦးထုပ်တစ်လုံးလျှင် ၄၅၀၀/၅၀၀၀ ၊ ဗန်းအသေးအကြီး ၄၅၀၀ /၂၅၀၀၀ ကျပ်ဈေးအတွင်း ဘောပင်ထည့်ခွက် ၂၀၀၀/ ၂၇၀၀ကျပ်၊  သစ်သီးခြင်း ၄၅၀၀/၇၅၀၀ဈေး၊ ဗေဒါအိတ် အကြီးအသေး ၆၅၀၀/ ၁၇၀၀၀ ဈေး၊ စားပွဲတင်ပန်းအိုး ၄၅၀၀ ဈေးနှင့် ပစ္စည်းအမျိုးအစား အကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းအမျိုးမျိုးရှိကြောင်း ကြိမ်၊ ဝါး၊လက်မှုပစ္စည်းများကိုပြည်တွင်းမှာ အိမ်အသုံးအဆာင်၊ ရုံးသုံးနှင့် ဟိုတယ်သုံးပစ္စည်းများအပြင် ပြည်ပဈေးကွက်မှလည်း ဝယ်ယူသူကြိုက်နှစ်သက်မှုရှိကြောင်း ၎င်းအပြင် online မှလည်း ဂျပန်၊ စင်ကာပူ၊ ဩစတြေးလျနှင့် အခြားနိုင်ငံများမှလည်း အမျိုးသမီးသုံးအိတ်မျိုးစုံ  ဖိနပ်နှင့်ဦးထုပ်ကို အများဆုံးမှာယူလျက်ရှိကြောင်း လုပ်ငန်းရှင်မှ ပြောကြားပါသည်၊၊

     မြန်မာ့ရိုးရာလက်မှုလုပ်ငန်းများသည် ကျေးရွာနေလူတန်းစားများအတွက် အိုးမကွာ၊ အိမ်မကွာဝင်ငွေရှိပြီး ဒေသထွက်ကုန်သယံဇာတများကို အသုံးပြုလျက် ကုန်ချောများပြုလုပ် ရောင်းချနိုင်ခြင်းဖြင့် ပြည်တွင်းပြည်ပဝင်ငွေရရှိနေသလို ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး One Village One Product တစ်ခုဖြစ်ပြီး လုပ်သားများအနေဖြင့်လည်း တစ်နေ့လျှင် ၅၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အတွင်း ဝင်ငွေရရှိနေသော MSME လုပ်ငန်းများဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်၊၊

DOCA(ဧရာဝတီ)

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း ဆိပ်ဖြူကြက်သွန်နီ ဈေးနှုန်းဈေးကွက်နှင့် စီးဆင်းမှုအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကြက်သွန်နီကုန်စည်ဒိုင်၌ စက်တင်ဘာလ (ပထမပတ်)မှစ၍ ကြက်သွန်နီဈေးနှုန်းကျဆင်းလာကြောင်း သိရှိရသည်။ ဈေးကွက်အနေဖြင့် စက်တင်ဘာလ(ပထမပတ်)တွင် ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၃၁၀၀)မှ အနိမ့်ဈေး ကျပ်(၂၇၀၀)၊ (ဒုတိယပတ်)တွင် အမြင့်ဈေး ကျပ်(၃၀၀၀)မှ အနိမ့်ဈေးကျပ်(၂၇၀၀)ဖြင့် ဈေးနှုန်းကျ ဆင်း၍အရောင်းအဝယ်ဖြစ်ပြီး စက်တင်ဘာလ(တတိယပတ်)တွင် အမြင့်ဈေး ကျပ်(၂၉၅၀)မှ အနိမ့် ဈေး ကျပ်(၂၆၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး စက်တင်ဘာလ(စတုတ္ထပတ်)တွင် ကြက်သွန်နီတစ် ပိဿာလျှင် အမြင့်ဈေး ကျပ်(၂၆၅၀)၊ အနိမ့်ဈေးကျပ်(၂၄၀၀)ဈေးနှုန်းများဖြင့် တရိပ်ရိပ်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကြက်သွန်နီဈေးကွက်မှ သိရှိရပါသည်။ စက်တင်ဘာလအတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၄၅၀)ခန့်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

  စက်တင်ဘာလတွင် ကြက်သွန်နီဈေးနှုန်းများ တရိပ်ရိပ်ကျဆင်းရခြင်းမှာ ပြည်ပဝယ်လက်အားနည်းပြီး ပြည်တွင်းသုံးစွဲမှုနည်းခြင်းအပြင် မိုးရွာသွန်းမှုများပြီးအစိုဓာတ်ဖြင့် ကြက်သွန်နီအခွံ အရောင်ပျက်ခြင်းကြောင့် ဈေးနှုန်းကျဆင်းကြောင်း ဈေးကွက်မှသိရှိရသည်။

      ဆိပ်ဖြူမြို့နယ်မှ ထွက်ရှိသည့်ကြက်သွန်နီများကို နေ့စဉ် ရန်ကုန်ဘုရင့်နောင်(ကုန်စည်ဒိုင်)၊ ပြည်၊ ပုသိမ်မြို့များနှင့် ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့လျက် ရှိကြောင်း သိရှိရသည်။

     စက်တင်ဘာလအတွင်း ကုန်စည်စီးဆင်းမှုအနေဖြင့် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ပျမ်းမျှပိဿာ(၆)သိန်း၊ မူဆယ်မြို့သို့ ပိဿာ(၅)သောင်းခန့်၊ မြဝတီမြို့သို့ ပိဿာ(၅) သိန်းခန့်၊ မော်လမြိုင်မြို့သို့ ပိဿာ(၁)သိန်းခန့်၊ ပြည်မြို့ ပိဿာ(၅)သောင်းခန့်၊ ပုသိမ်မြို့သို့ ပိဿာ (၁)သိန်းခန့်၊ စုစုပေါင်းကြက်သွန်နီပိဿာ(၁၄)သိန်းခန့် တန်ချိန် (၂၂၈၆)ခန့် ဆိပ်ဖြူမြို့မှကုန်စည် စီးဆင်းခဲ့ကြောင်း ကြက်သွန်နီဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)

 

ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ (အောက်တိုဘာဘာလ တတိယအပတ်)

ရက်စွဲ၊ ၁၈.၁၀.၂၀၂၃

         ၂၀၂၃ ခုနှစ် အောက်တိုဘာလ တတိယအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် အခြေခံစားကုန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း တစ်ပြည် (၅၂၀၀)ကျပ်၊ ဧရာမင်း တစ်ပြည် (၅၅၀၀)ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီဈေးမှာ အကြီး /အသေး ပေါ်မူတည်၍ တစ်ပိဿာလျှင် (၃၀၀၀/၃၅၀၀)ကျပ်၊ ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ) အလုံးကြီး တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ် ၊ အလုံးသေး တစ်ပိဿာ လျှင် (၉၀၀၀)ကျပ် ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ ဂျင်း တစ်ပိဿာလျှင် (၄၀၀၀/၅၀၀၀) ကျပ်၊ ငရုတ်သီးခြောက် တစ်ပိဿာ (၁၇၀၀၀/၁၈၀၀၀)ကျပ် ၊ အာလူး အသေး/အကြီး အမျိုးအစားအလိုက် တစ်ပိဿာ (၂၅၀၀)ကျပ် ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

          ငရုပ်သီးစိမ်း တစ်ပိဿာ (၃၀၀၀) ကျပ် ၊ ခရမ်းချဉ်သီး တစ်ပိဿာ အကြီး/ အသေးပေါ်တူတည်ပြီး (၁၈၀၀/၂၀၀၀) ကျပ် ၊ ခရမ်းသီး တစ်ပိဿာ (၂၀၀၀) ကျပ် ၊ ပန်းဂေါ်ဖီ တစ်ပွင့် (၂၀၀၀) ကျပ် ၊ ဂေါ်ဖီထုပ် တစ်ထုပ် လျှင် (၁၅၀၀/၁၈၀၀) ကျပ် ၊ ခါကြက်ဥ(တရုတ်) တစ်ပိဿာ (၅၀၀၀)ကျပ် ၊ ခါကြက်ဥ (ဗမာ) တစ်ပိဿာ လျှင် (၃၅၀၀)ကျပ် ၊ သံပုရာသီး တစ်လုံးလျှင် (၅၀) ကျပ် မှ (၁၀၀) ကျပ် ၊ ကန်ဇွန်းရွက် တစ်စီးလျှင် (၁၅၀) ကျပ်၊ ပဲတောင့်ရှည် တစ်စီးလျှင်(၃၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရ ပါသည် ။

          ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံး (၂၆၀)ကျပ်၊ (အသေး)တစ်လုံး (၂၅၀) ကျပ် ၊ ဘဲဥ တစ်လုံး (၃၀၀)ကျပ်ရှိသည်။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ (၁၂၀၀၀ )ကျပ် ၊ ကြက်သား(ဗမာ) တစ်ပိဿာ (၁၂၅၀၀)ကျပ်  ၊ ဝက်သား တစ်ပိဿာ (၁၇၀၀၀/၁၈၀၀၀) ကျပ် ၊ အမဲသာ တစ်ပိသာ (၁၁၀၀၀) ကျပ် မှ (၁၄၀၀၀) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ငါးကြင်း အကောင်လိုက်နှင့် ငါးကြင်းခုတ်သား ဈေးမှာ တစ်ပိသာ (၉၀၀၀) ကျပ် မှ (၁၆၀၀၀) ကျပ်၊ တီလားဗီးယားငါး အသေးတစ်ပိသာ (၅၀၀၀)ကျပ် ၊ အကြီး တစ်ပိသာ (၇၀၀၀)ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

          စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့် တစ်ပိသာလျှင် (၁၄၀၀၀)ကျပ် ၊စားအုန်းဆီတစ်ပိသာလျှင် (၅၂၀၀) ကျပ် ဖြင့်အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

      အောက်တိုဘာလ တတိယအပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများအား ယခင်အပတ်ဈေးနှုန်းများ နှိုင်းယှဉ်ကြည့်လျှင် အခြားအခြေခံစားကုန်ဈေးနှုန်းများ ကွာဟမှုမရှိကြောင်းနှင့် အသီးအရွက်ဈေးများလည်း တည်ငြိမ်ကာ၊ ခရမ်းချည်သီး၊ ကြက်သွန်နီဈေး အနည်းငယ်မြင့်တက်လာပြီး၊ ဂျင်းတက်ဈေး အနည်းငယ် ကျဆင်းလာကာ အသားဈေး/ငါးဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိနေကြောင်း ကန့်ဘလူမြို့မဈေး ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း