ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဖျာပုံခရိုင်တွင်ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းနှင့် စီးထွက်မှုအခြေအနေ

          ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို  လုပ်ကိုင်ကြသော ဒေသဖြစ်သည်။ နှစ်စဉ် ဖျာပုံမြို့နယ်မိုးစပါးကို  ပေါ်ဆန်းအုပ်စုဖြစ်သည့် ဘေးကြားတောင်ပျံကို အဓိကစိုက်ပျိုးကြပြီး ဧည့်မထအုပ်စုဖြစ်သည့် ရက်(၉၀)စပါးနှင့် သီးထပ်ရင် စပါးများကို နွေစပါးစိုက်ပျိုးနိုင်ရန် မျိုးစပါးအဖြစ်သာ ထည့်သွင်းစိုက်ပျိုးကြသည်။ နွေစပါးစိုက်ပျိုးချိန်၌ ရက်(၉၀)စပါးနှင့် သီးထပ်ရင်စပါးကို ပိုဖို့ စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းကောင်းပြီး စိုက်ပျိုးသူတောင်သူများအဖို့ တွက်ခြေကိုက်မှုရှိကြောင်း  သိရသည်။ ၂၀၂၅ ခုနှစ်ဇန်နဝါရီလ ပထမအပတ်တွင် ဖျာပုံမြို့ဈေးကွက်၌  ဖြစ်ပေါ်နေသော စပါး/ဆန် အသစ်ဈေးနှုန်းမှာဘေးကြားတောင်ပျံစပါးတစ်တင်းလျှင်ကျပ်(၂၇၀၀၀)၊ဘေးကြားတောင်ပျံ၂၄ပြည်ပါဆန်တစ်အိတ်လျှင်(၁၃၀၀၀၀)ကျပ်ရက်(၉၀)စပါး တစ်တင်းလျှင် (၂၀၀၀၀)ကျပ် ရှိပြီး ၂၄ ပြည်တစ်အိတ်လျှင်(၁၀၁၀၀၀)ကျပ် သီးထပ်ရင်စပါးတစ်တင်းလျှင်(၁၇၀၀၀)ကျပ်၊ ဆန်တစ်အိတ်လျှင် (၇၅၀၀၀)ကျပ် ဖြင့်    အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

          ဖျာပုံခရိုင်တွင် နှစ်စဉ်ဒေသတွင်း ဆန်ဖူလုံမှုရှိပြီး ပိုလျှံသော ဆန်များကို ဆန်လိုဒေသများ  ဖြစ်သည့်အခြား  တိုင်းဒေသကြီးသို့  စီးထွက်လျှက်ရှိပြီး အဓိကစီးထွက်မှုမှာ ရန်ကုန်တိုင်းဒေသကြီး  နှင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တိုဖြစ်သည်။ ၂၀၂၄ခုနှစ် ဒီဇင်ဘာလအတွင်း စီးထွက်မှုအနေဖြင့် ဖျာပုံမြို့မှ ဆန်အိတ်( ၃၉၉၆၄ )၊ ဘိုကလေးမြို့မှ(၁၈၆၆၅၀) အိတ် ၊ ကျိုက်လတ်မြို့မှ  (၁၁၂၄၄၉ ) အိတ်၊ ဒေးဒရဲမြို့မှ ( ၁၂၉၅၃၉ )  အိတ်ရှိပြီး စုစုပေါင်း(၄၆၈၆၀၂ )အိတ် စီးထွက်နိုင်ခဲ့ပြီး ဖျာပုံခရိုင်အနေဖြင့်  ယခင်နှစ်ထက် ဆန်( ၉၈၈၀၀)အိတ် ပိုမို စီးထွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်အတွင်း အားလူးများဈေးကောင်းရရှိလျက်ရှိ

           ပုသိမ်မြို့ရှိ မြို့မဈေး၊ အောင်ဧရာဈေး၊ အောင်သီရိဈေးများတွင် ရောင်းချလျက်ရှိသည့် အာလူးဈေးနှုန်းမှာ တစ်ပိဿာလျှင် အလုံးကြီး(၁၀၀၀၀)ကျပ်၊ အလုံးလတ် (၈၀၀၀)ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိရာ ဒေသထွက်အာလူးများ ထွက်ပေါ်ချိန်၌လည်း ဈေးနှုန်းကျဆင်းသွားခြင်းမရှိဘဲ ယခင်နှုန်းအတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ဒီဇင်ဘာလအတွင်း အာလူးဈေးနှုန်းများမှာ တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်အထိမြင့် တက်ခဲ့သော်လည်း အရောင်းအဝယ်မှာ ကောင်းနေကြောင်း၊ လာမည့်ရက်အတွင်း ဒေသထွက်အာလူးများ ပေါ်ချိန်ရောက်မည်ဖြစ်သောကြောင့် အာလူးဈေးနှုန်းမှာ ယခုထက်အနည်းငယ်ပို၍ ကျဆင်းနိုင်ကြောင်း ကုန်စုံဆိုင်ရောင်းချသူ လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပြည်သရက်သီးစိမ်းဈေးကွက်

          ပြည်ဈေးကွက်အတွင်းတွင် မြဝတီဘက်မှ ဝင်ရောက်မှုရှိလာသော သရက်သီးစိမ်းများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။ ပြည်ဒေသထွက် သရက်သီးများ ဈေးကွက် အတွင်းတွင် မရှိတော့သော်လည်း မြဝတီဘက်မှ ယိုးဒယားသရက်သီးများ တစ်လလျှင်(၂)ကြိမ် အဝင်ရှိသည့်အတွက် ဈေးကွက်အတွင်းတွင် ပြတ်လပ်မှုမရှိကြောင်းသိရပြီး တစ်ကြိမ်လျှင် အလုံး (၃၀၀)ခန့် အဝင်ရှိနေပါသည်။ သရက်သီးအလုံးအကြီး၊ အသေးပေါ်မူတည်၍ ဈေးနှုန်းမှာတစ်လုံး လျှင် ကျပ်(၁၀၀၀ - ၁၂၀၀)ဖြင့် ရောင်းချမှုများရှိနေကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်ဒေသ၏ ကျောက်ဖရုံသီး ဈေးကွက်

ကျောက်ဖရုံသီးသည် ကျန်းမာရေးအတွက်တန်ဖိုးရှိသော အသီးအနှံဖြစ်ပါသည်။ ကျောက်ဖရုံ သီးကိုဟင်းချက်၍ စားကြသလို ကျောက်ဖရုံသီးကို ယိုထိုး၍လည်း စားသုံးကြပါသည်။ ကျောက်ဖရုံ ပင်ကို စင်ထိုး၍ စီးပွားဖြစ်စိုက်ပျိုးနိုင်သည့်အပြင် နေရာဒေသမရွေး အလေ့ကျပေါက်သော အပင် တစ်မျိုးလည်းဖြစ်ပါသည်။ ပြည်ဈေးကွက်တွင် ကျောက်ဖရုံသီးများ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပြည်ဒေသအနီးတဝိုက်ရှိ ကျေးရွာများ၊ သဲကုန်းမြို့နယ်ရှိ ပုတီးကုန်း၊ ဝက်ပုတ်နှင့်ရွှေတောင်မြို့ရှိ ကျေးရွာများမှ တင်ပို့ရောင်းချလျက်ရှိပါသည်။ ရန်ကုန်မြို့ရှိ ဒညင်းကုန်းဈေးနှင့် သီရိမင်္ဂလာဈေးများ သို့ အခြားကုန်စိမ်းများနှင့်အတူတင်ပို့ ရောင်းချကြကြောင်း သိရပါသည်။ တစ်ပင်လျှင် အလုံး(၅၀)မှ (၇၀)အထိသီးကြောင်း သိရသည်။ ကျောက်ဖရုံသီးများကို ပီနံတစ်အိတ်လျှင် (၆)လုံးပါ အိတ် (၂၀-၂၅)အိတ်အထိ ရန်ကုန်သို့ကားများဖြင့် တင်ပို့ရကြောင်းသိရသည်။ ကျောက်ဖရုံသီးဈေးမှာ ပေါ်ကာစ အချိန်တွင် အလုံးကြီးတစ်လုံးလျင် ၂၅၀၀- ၃၀၀၀ ကျပ်နှင့် အလုံးသေးတစ်လုံးလျှင် (၁၅၀၀ -၂၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။ လက်ရှိပေါက်ဈေးအရ ကျောက်ဖရုံယို တစ်ပိဿာ လျှင် (၁၅၀၀၀)ကျပ်ရှိကြောင်းလည်း သိရသည်။

DOCA(ပဲခူး)

ပြည်မြို့၏သခွားသီးဈေးကွက်

          ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ မှော်ဇာကျေးရွာအုပ်စုတွင် စပါး၊ ပဲ၊ ပြောင်းတို့ကို အဓိကထား စိုက်ပျိုးကြသလို ဟင်းသီးဟင်းရွက်ဖြစ်သော သခွားသီးကိုလည်း စိုက်ပျိုးကြပါသည်။ သခွားသီးကို မိုးသခွားသီး နှင့် ‌ဆောင်းသခွားသီးဟူ၍ အမျိုးအစား(၂)မျိုး ခွဲခြား၍ ရာသီအလိုက် စိုက်ပျိုးကြပါ သည်။ သခွားသီးကို မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်းနုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်မြေများ တွင်စိုက်ပျိုးခြင်းသည် ပိုမိုဖြစ်ထွန်းစေပါသည်။ မိုးသခွားသီးကို မိုးရာသီဖြစ်သော မေလနှင့်ဇွန်လ တို့တွင်စိုက်ပျိုးကြသလို ဆောင်းသခွားသီးကို ဆောင်းရာသီဖြစ်သော အောက်တိုဘာလနှင့် နိုဝင်ဘာ လတို့တွင် စိုက်ပျိုးကြပါသည်။ သခွားသီးတစ်ဧကစိုက်ပျိုးလျှင် သခွားသီးအလုံးရေ(၂)ထောင် ကျော် ထွက်ရှိသည်ဟု သိရှိရပါသည်။

          ပြည်မြို့နယ်အတွင်းရှိ ဈေးကွက်များတွင် သခွားသီးများကို အချိန်မရွေး ရောင်းချနေသော် လည်း ယခုအချိန်ဖြစ်သော မိုးတွင်းကာလတွင် မိုးသခွားများပေါ်ချိန်ဖြစ်သော်လည်း စိုက်ခင်းများ တွင်ရေများ ဝင်ရောက်မှုရှိသဖြင့် ထွက်ရှိမှုနည်း၍ သခွားသီးဈေးများ အနည်းငယ် မြင့်တက်လာပါ သည်။ သခွားသီးဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် အသေးတစ်လုံးလျှင် (၅၀-၁၀၀)ကျပ်ရှိ၍ သုပ်၍စားရသော အရွယ်တစ်လုံးလျှင် (၂၅၀-၃၀၀)ကျပ်ရှိခဲ့ပြီး ယခုနှစ်တွင် သခွားသီးအသေး တစ် လုံးလျှင်(၂၀၀-၂၅၀)ကျပ်ရှိပြီး သုပ်၍စားရသောအရွယ်တစ်လုံးလျှင် (၈၀၀)ကျပ်ဖြင့် ဈေးကွက် အတွင်း ရောင်းချနေကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ဈေးကွက်တွင် ရောင်းချလျက်ရှိသောကွမ်းရွက်ဈေးကွက်

          ပြည်မြို့ရှိ ကွမ်းဈေးကွက်တွင် ကွမ်းရွက်ဈေးနှုန်းများ ပွင့်လင်းရာသီရောက်ရှိလာသော ကြောင့် ဈေးမြင့်တက်မှုရှိလာကြောင်း သိရှိရပါသည်။ ပြည်ဈေးကွက်တွင် ရောင်းချလျက်ရှိသော ကွမ်းရွက်များကို ပေါက်ခေါင်း၊ ပေါင်းတလည်နှင့် ခွေးရဲဘက်မှ ဝင်ရောက်လာသော ကွမ်းများကို ရောင်းချလျက်ရှိပါသည်။ ယခင်နှစ်တွင် ယာရှယ်သန့် ကွမ်း တစ်ပိဿာလျှင် (၅၀၀၀ - ၅၅၀၀)ကျပ်၊ ရိုးရိုးယာကွမ်းအသေးတစ်ပိဿာလျှင် (၂၃၀၀)ကျပ်၊ ယာကွမ်းအကြီးတစ်ပိဿာလျှင် (၂၅၀၀)ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခုနှစ်အောက်တိုဘာ လ တတိယပတ်တွင် ယာရှယ်သန့်ကွမ်းရွက် တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ် ဈေးဖြင့်ရောင်းချ ကြောင်းသိရပါသည်။ ကွမ်းရွက်ဈေးနှုန်းများမှာ ယခင်နှစ်ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းမှာသိသိသာသာ  မြင့်တက်လာခဲ့ပါသည်။ ထိုသို့ ကွမ်းရွက်ဈေးများ သိသိသာသာမြင့်တက်လာရခြင်းမှာ ကွမ်းရွက်များအထွက်နည်းခြင်း စားသုံးမှုများ လာခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရပါသည်။

DOCA(ပဲခူး)

ပြည်ဒေသထွက် ပန်းဂန္ဓမာ

          ဂန္ဓမာပန်းတွင် မျိုးကွဲပေါင်းများစွာရှိပြီး ပန်းမျိုးများအား အပွင့်၏ပုံစံ၊ အရောင်၊ အရွယ် အစားပေါ်မူတည်၍ အမည်အမျိုးမျိုးခေါ်ဝေါ်ကြပါသည်။ ဂန္ဓမာပန်းမျိုးကွဲများစွာ အနက်မှ ကြွေဖြူ၊ ကြွေဝါ၊ ပုလဲဖြူမျိုးများကို ပြည်မြို့အတွင်းရှိ မှော်ဇာ၊ တောင်လုံးညိုရွာနှင့် ရွှေတောင်မြို့နယ်ရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ထွက်ရှိလာသော ဂန္ဓမာပန်းများကို ဈေးကွက် အတွင်း ရောင်းချလျက်ရှိရာ ၂၀၂၄ခုနှစ် စက်တင်ဘာလကုန်တွင် ဂန္ဓမာပန်း (၁၀)ပွင့်စည်း တစ်စည်းလျှင် ၃၅၀၀-၃၀၀၀-၂၀၀၀ကျပ်နှုန်းဖြင့် ပန်းပင်အမျိုးအစား အပွင့်အရွယ်အစားပေါ် မူတည်၍ ရောင်းချကြပါသည်။ ပြည်မြို့နှင့် ရွှေတောင်မြို့နယ်များမှ ထွက်ရှိသော ဂန္ဓမာပန်းများ ရန်ကုန်မြို့ရှိ ဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

စပျစ်သီးနှင့်ကျန်းမာရေး

              အရောင်အသွေး၊ အနံ့၊ အရသာနှင့် ပြည့်စုံသော စပျစ်သီးသည် ယခုနွေရာသီတွင် ကျန်းမာရေးနှင့် ညီညွတ်သော အသီးအနှံတစ်မျိုးဖြစ်သည်။ စပျစ်သီးတွင် ကယ်လိုရီ၊ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ၊ အမျှင်ဓါတ်၊ ဗီတာမင် c၊ ဗီတာမင် k၊ သီရာမင်း၊ ဗီတာမင် BG၊ ပိုတက်ဆီယမ်၊ ကော့ပိုး၊ မဂ္ဂနီဆီယမ် စသည့် အဟာရ (၁၃) မျိုးပါသည်။

              စပျစ်သီးအားစားသုံးခြင်းဖြင့် နှလုံးကိုကျန်းမာစေခြင်း၊ သွေးပေါင်ကျစေခြင်း၊ ဝမ်းမှန် စေခြင်း၊ ဓါတ်မတည့်မှုကို သက်သာစေခြင်း၊ မျက်လုံးကိုကျန်းမာစေခြင်း စသည့် ကျန်းမာရေးများကို အထောက်အကူပြုစေပါသည်။

              စပျစ်သီးဈေးနှုန်းများအနေဖြင့် တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချ ပေးလျက်ရှိကြောင်း တောင်ငူမြို့ရှိ သစ်သီးဆိုင်များမှ စုံစမ်းသိရှိခဲ့ရပါသည်။

DOCA(ပဲခူး)

 

ဓနုဖြူမြို့နယ် ရေကျော်ကျေးရွာတွင် စိုက်ပျိုးသော ကြံ တောင်သူအကျိုးအမြတ်ရ

            ဧရာဝတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတွင် ကြံကို နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး မြေအောက်ရေသွင်းစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ ကြံသီးနှံကို ယခင်နှစ်က စိုက်ဧက ၂၅ ခန့် စိုက်ပျိုး၍ ယခုနှစ်တွင် စိုက်ဧက ၅၀ ကျော် စိုက်ပျိုးထားရှိကြောင်း သိရသည်။

          မျိုးအနေဖြင့် ကြံညိုမျိုးကို စိုက်ပျိုးပြီး ယခုစိုက်ဧက ၀.၅၀ဧကအား ကြံမျိုးဈေး ငွေကျပ် ၁ပင်လျှင် ၁၀၀၀/-ဖြင့် ဝယ်ယူစိုက်ပျိုးရသည်။  စိုက်ခင်း ၃ခင်းရှိပြီး ၁ဧက၏ တစ်ဝက်ဖြစ်သော (၀.၅၀)ဧကတွင် ကြံပင် ၃၀၀၀ ပင် စိုက်ပျိုးထားကြောင်း၊ ကဆုန်လတွင် စိုက်ပျိုးပြီး တန်ခူးလအထိ ထွက်ရှိသောကြောင့် ကြံပင်၏သက်တမ်းမှာ  တစ်နှစ်သက်တမ်းရှိသည်။ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခ၊ ရေတင်ခ အပါအဝင်  ဧကဝက်တွင်  ငွေကျပ် ၂ ၀၀၀ ၀၀၀ ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ ကြံစိုက်ခင်း အထွက်နှုန်းအနေဖြင့် စိုက်ခင်းအပင် ၄၀၀၀ခန့် ပွား၍  ထွက်ရှိကြောင်း သိရသည်။

          ဈေးနှုန်းအနေဖြင့် စက်တင်ဘာလမှ စတင်ရောင်းတန်းဝင်ပြီး ဒီဇင်ဘာနှင့် ၂၀၂၅ခုနှစ် ဇန်နဝါရီတွင် ကြံညိုတစ်ချောင်းလက်ကားဈေး ငွေကျပ် ၁၀၀၀ ဖြင့် ရောင်းချရကြောင်း၊  ယခု စိုက်ခင်း ဧကဝက်တွင် ငွေကျပ် ၄ ၀၀၀ ၀၀၀ ရရှိ၍ တစ်နှစ်ကြံစိုက်ခင်း ငွေကျပ် ၂ ၀၀၀ ၀၀၀ ခန့် အကျိုးအမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် စံကင်းတိုက်နယ်၊ စကာကြီးတိုက်နယ်တို့သို့ ရောင်းချ ပြီး ၎င်းနေရာများမှ ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ လပ္ပတ္တာမြိုသို့တင်ပို့ပြီး ရန်ကုန်မြို့သို့ အဓိကတင်ပို့ရောင်းချကြောင်း၊ ရန်ကုန်မှ အခြားနယ်မြေများသို့လည်းတင်ပို့ကြောင်း သိရသည်။ ကြံစိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်များ ပိုမိုရရှိသောကြောင့် နှစ်စဉ်တိုးချဲ့ စိုက်ပျိုး လျက်ရှိကြောင်းလည်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကန်စွန်းဥအကြောင်းသိကောင်းစရာ

နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့ညဈေးတွင် ရောင်းချနေသော ကန်စွန်းဥ ဈေးနှုန်းများသည် ကန်စွန်းဥ တစ်ဆယ်သား (၅၀၀) ကျပ် ၊ကန်စွန်းဥတစ်ပိဿာ (၅၀၀၀)ကျပ်ဖြင့်ရောင်းချနေကြောင်း သိရပါသည်။ ကန်စွန်းဥစားသုံးခြင်းသည် ဦးနှောက်ရဲ့ လုပ်ဆောင်မှုကို တိုးတက်ကောင်းမွန်စေသလို မှတ်ဉာဏ်ကိုလည်း တိုးတက်စေနိုင်ပါသည်။ ကန်စွန်းဥက အာဟာရကြွယ်ဝသလို ဓာတ်တိုးဆန့်ကျင် အာနီသင်လည်း ကြွယ်ဝတဲ့စားစရာတစ်မျိုးဖြစ်ပါသည်။ အသက်ရွယ်ကြောင့်ဖြစ်တဲ့ မှတ်ဉာဏ် ယုတ်လျော့မှုကိုလည်း လျော့ပါးစေနိုင်ပါသည်။ ကန်စွန်းဥဟာ သွေးတွင်းသကြားဓာတ် လျော့နည်းစေပြီး ဆီးချိုရောဂါရှိသူတွေမှာ သွေးတွင်းသကြားဓာတ်ကို လျော့ချပေးနိုင်ကြောင်း သိရှိရပါသည်။ ကန်စွန်းဥကို သရေစာအဖြစ်သာ စားကြတာများပြီး ကျန်းမာရေးအကျိုးအတွက် အိုမင်းရင့်ရော်မှုကို ထိန်းပေးနိုင်ပါသည်။ ကန်စွန်းဥကို ပြုတ်စား၊ မီးဖုတ်စား၊ ကြော်စား၊ ပေါင်းစား၊ယိုထိုးစားခြင်းအပြင် မုန့်မျိုးစုံ ပြုလုပ်ရာတွင်လည်း အသုံးပြုကြောင်းသိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း