ရှမ်းတောင်ဒေသ၊ ဆိုက်ခေါင်မြို့ထွက် ကျောင်းချယ်ပျားနာနတ်
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဆိုက်ခေါင်နာနတ် (ခေါ်) ပျားနာနတ်ကို အများဆုံးစိုက်ပျိုးလေ့ရှိကြသည်။ နာနတ်သီးသည် အပူပိုင်းရာသီဥတုကိုနှစ်သက်သော်လည်း အအေးပိုင်းရာသီဥတုဖြစ်သော ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆိုက်ခေါင်မြို့အနီးတဝိုက်ရှိ ကျောင်းချယ်၊ လွယ်ဆမ်ဆစ်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးဖြစ်ထွန်းလေ့ရှိကြသည်။ ဆိုက်ခေါင်နာနတ်သီးသည် များသောအားဖြင့် အခွံပါးပြီးအသားထူ၍ အူတိုင်သေးသောအသီးများဖြစ်သည်နှင့်အညီ ပျားရည်ကဲ့သို့ ချိုသောအရသာရှိသောကြောင့် ပျားနာနတ်ဟူ၍လည်းတင်စားခေါ်ဝေါ်လေ့ရှိကြပါသည်။ ဆိုက်ခေါင်တွင် ဆိုက်ခေါင်ကျောက်စိမ်းသီး၊ ဆိုက်ခေါင်ပျားနာနတ်ဟူ၍လည်း အမျိုးအစားကွဲပြားပါသေးသည်။ ဆိုက်ခေါင်ကျောက်စိမ်းသီး၏ လက်လီဈေးနှုန်းမှာ အလုံးလတ်တစ်လုံးလျှင် ၇၀ကျပ်မှ ၈၀၀ကျပ်အထိ၊ အလုံးကြီးတစ်လုံးလျှင် ၉၀၀ကျပ်မှ ၁၁၀၀ကျပ်အထိဖြင့် ဈေးကွက်အတွင်း ရောင်းချလေ့ရှိကြပြီး ဆိုက်ခေါင်ပျားနာနတ်၏ လက်လီဈေးနှုန်းမှာ ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်အထိဖြင့် ဈေးကွက်အတွင်း ရောင်းချကြောင်းသိရှိရပါသည်။ နာနတ်သီး၏အရွယ်အစားအနေဖြင့် အသေး/ အလတ်/ အကြီးဟူ၍ သုံးမျိုးခွဲခြားထားပါသည်။ လက်ကားဝယ်ယူသူများဆီသို့တင်ပို့ရာတွင် အသီး၏ အသေး/ အလတ်/ အကြီး စသည့် အလေးချိန်နှင့် အရွယ်အစားပေါ်မူတည်၍ ၅၀ ကျပ်သားအောက်အလုံးများအား တစ်ခြင်းလျှင် အလုံး ၄၀ခန့်ခြင်းများဖြင့်လည်ကောင်း၊ ၅၀ကျပ်သားနှင့်အထက် ၁ပိဿာအောက်အလုံးများအား တစ်ခြင်းလျှင် အလုံး ၄၀ခန့်ခြင်းများဖြင့်လည်ကောင်း၊ ၁ပိဿာအထက်အလုံးများအား တစ်ခြင်းလျှင် အလုံး ၃၀ခန့်ဆံ့ဝင်သောခြင်းများဖြင့်လည်းကောင်း၊ အလုံးလိုက်ဖြင့်လည်ကောင်း အမြို့မြို့အနယ်နယ်ရှိ မှာယူသူများထံသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ဒေသတွင်းအပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်သို့ပါ အများဆုံးတင်ပို့ရောင်းချပါသည်။ ဆိုက်ခေါင် (ကျောင်းချယ်) ပျားနာနတ်သည် ဇူလိုင်လလယ်တွင်ထွက်ပေါပြီး ဩဂုတ်လတွင် လှိုင်လှိုင်ထွက်ရှိကာ စက်တင်ဘာလတွင် ကုန်ဆုံးကြောင်းသိရှိရပါသည်။
DOCA(ရှမ်း)