စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးသည် စာသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများကို ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဖိတ်ကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူးဦးဇော်ဇော်ထွေးသည် (၁၂.၅.၂၀၂၃)ရက်နေ့ မွန်းလွဲပိုင်းက ရေတာရှည်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျင်းပသည့် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေဝါသနာရှင်များ အား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။
မြို့နယ်တာဝန်ခံက စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်များဝယ်ယူရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားသည့်ကုန်စည်များအား ဝယ်ယူသုံးစွဲသင့်ပုံ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ခန့်အပ်ထားသည့် စစ်ဆေးရေးအရာရှိများက ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်နေမှုများ၊ စားသုံးသူနစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက စားသုံးသူရေးရာဦးစီးဌာန၏ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများနှင့် ခရိုင်ဦးစီးမှူးရုံးများတွင် ဖွင့်လှစ်ထားသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)များနှင့် စားသုံးသူရေးရာဦးစီးဌာန၏ website ဖြစ်သော www.doca. gov.mm သို့ ဝင်ရောက်၍ တိုင်ကြားနိုင်ပုံ စသည်တို့ကို ရှင်းလင်းပြောကြားပါသည်။
ထို့နောက်ဟောပြောပွဲသို့ တက်ရောက်လာသော စာပေဝါသနာရှင်များက သိလိုသည်များကို မေးမြန်းကြရာ မြို့နယ်တာဝန်ခံက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ကြူကြူခိုင် နှင့် စာပေဝါသနာရှင် (၆)ဦး တက်ရောက်ကြောင်း သိရပါသည်။
DOCA (ပဲခူး)