Main menu

မအူပင်မြို့နယ်၏ မတ်ပဲ၊ ပဲတီစိမ်း ဈေးကွက်ရရှိမှုနှင့် ဝယ်လိုအားရရှိမှု အခြေအနေ

Powered by Drupal

     မအူပင်မြို့နယ်တွင် ကျေးရွာအုပ်စု (၇၆)အုပ်စုရှိပြီး ယခုနှစ်တွင် စိုက်ဧက (၆၁၁၈၈) ရှိရာ ပျမ်းမျှအထွက်နှုန်း (၁၇.၂၉) တင်းနှုန်းဖြင့် (၁၀၅၇၉၄၁) တင်းထွက်ရှိကြောင်း၊ ပဲတီစိမ်း စိုက်ဧက (၂၃၄၈) ဧကရှိပြီး ပျမ်းမျှ အထွက်နှုန်း (၁၈.၃၆)ထွက်ပြီး (၄၃၁၀၉) တင်းထွက်ရှိနိုင်ကြောင်း မအူပင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် ဖွံ့ဖြိုးကုန်သွယ်နိုင်ငံကြွယ် ဆိုသည့်အတိုင်း မအူပင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ မေလ (ဒုတိယပတ်)တွင် မအူပင်မြို့နယ်ရှိ၊ မတ်ပဲ၊ ပဲတီစိမ်းရောင်းဝယ်မှုပြုလုပ်နေသည့် တပင်ရွှေထီး မတ်ပဲ၊ ပဲတီစိမ်းရောင်းဝယ်ရေး၊ ထွန်းသူဇာမတ်ပဲ၊ ပဲတီစိမ်းရောင်းဝယ်ရေး၊ AAA မတ်ပဲ၊ ပဲတီစိမ်းရောင်းဝယ်ရေးနှင့် ရေလဲကျေးရွာရှိ ရွှေကုလားကျွန်း မတ်ပဲ၊ ပဲတီစိမ်းရောင်းဝယ်ရေး၊ တက်နေဝန်း ပွဲရုံများသို့ ကွင်းဆင်းလေ့လာဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည့်အပြင် မတ်ပဲ၊ ပဲတီစိမ်း စိုက်ပျိုးသော စစ်ချောင်း၊ နတ်စဉ်၊ ရေလဲ၊ အင်းတေး၊ အင်းမနှင့် ရွှေတောင်မှော်ရွာများသို့ ကွင်းဆင်း၍ မတ်ပဲ၊ ပဲတီစိမ်း ဈေးကွက်ရရှိမှုနှင့် စိုက်ပျိုးထုတ်လုပ်မှု၏ အားနည်းချက်၊ အားသာချက်များကို ကွင်းဆင်းမေးမြန်းဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါကွင်းဆင်းလေ့လာမှုတွင် ရေလဲကလေးကျေးရွာ တက်နေဝန်းပွဲရုံပိုင်ရှင် ဦးရင်ထွေးက ယခုနှစ်တွင် မတ်ပဲ၊ ပဲတီစိမ်းများမှာ နှစ်ပေါ်ဦးအစမှစ၍ ဈေးအဖွင့်၊ မတ်ပဲတစ်တင်းလျှင် ၅၀၀၀၀/-ကျော်ဈေးနှင့် ပဲတီစိမ်း တစ်တင်းလျှင် (၄၀၀၀၀/-) ကျပ်ကျော်ဖြင့် အဖွင့်ဈေးမှစ၍ ဈေးကောင်းရရှိခဲ့ပြီး နေ့စဉ် ပွဲရုံသို့ ကုန်ချိန်တင်း (၁၀၀၀) ကျော်ဝယ်ယူရရှိကာ (၂)ရက်လျှင် တစ်ကြိမ်သော်လည်းကောင်း၊ နေ့စဉ်သော်လည်းကောင်း၊ ရန်ကုန်သို့ တင်ပို့လျက်ရှိကြောင်း တက်နေဝန်းပွဲရုံပိုင်ရှင် ဦးရင်ထွေး၏ပြောပြချက်အရ သိရှိရပါသည်။

  မတ်ပဲနှင့် ပဲတီစိမ်းလှိုင်လှိုင်ပေါ်သော ဖေဖော်ဝါရီလနှင့် မတ်လများတွင် တောင်သူများ၏ ရောင်းချမှုများပြားလာ၍ မိမိတို့ပွဲရုံပိုင်ရှင်များအနေဖြင့် ငွေကြေးအလျင်မမှီမှုများရှိခဲ့သည့် အခြေအနေများကို ထည့်သွင်းဆွေးနွေးမှုအပေါ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးက မတ်ပဲရောင်းချမှု အခက်အခဲများ အဆင်ပြေစေနိုင်သည့် သက်ဆိုင်ရာဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံမှ ငွေကြေးကြိုတင်ရရှိနိုင်သည့် နည်းလမ်းများကို ဆွေးနွေးခဲ့ပါသည်။

    စစ်ချောင်းကျေးရွာမှ တောင်သူဦးအောင်ကြည်၏ မတ်ပဲရောင်းချမှုတွင် မတ်ပဲကို မိုးစပါးရိတ်သိမ်းပြီး ပတ်ကြားအပ်မြေတွင် စတင်စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် မတ်ပဲစိုက်ပျိုးသည့်အချိန်၌ မြေမှီသဖြင့် အပင်ကောင်း၊ အောင်မြင်ပြီး တစ်ဧကလျှင် (၁၇)တင်းကျော်ထွက်ခဲ့ပြီး ယခုအချိန်တွင် ရောင်းချရသောကြောင့် တစ်တင်း လျှင် (၆၀၀၀၀/-)ကျပ်ကျော်ရရှိသဖြင့် ဈေးကောင်းရရှိကြောင်းနှင့် မတ်ပဲ၊ ပဲတီစိမ်းများ စိုက်ပျိုးထုတ် လုပ်ရာတွင် တစ်နှစ်ထက်တစ်နှစ် ပိုမိုစိုက်ပျိုးထုတ်လုပ်နိင်ရေးအတွက် မတ်ပဲမျိုးကောင်းရရှိနိုင်မှု၊ မြေဩဇာလိုအပ်ချက်နှင့် မြေပြုပြင်မှုအခြေအနေများကို ထည့်သွင်းဆွေးနွေးခဲ့ရာ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးမှ မတ်ပဲမျိုးကောင်းရရှိနိုင်မှု မြေပြုပြင်မှုများအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ဆောင်ရွက်နိုင်မည့်နည်းလမ်းကောင်းများကို အသေးစိတ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)