တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ဒေသထွက်ထန်းသီးနုနုများကို တစ်မွှာလျှင် ၁၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိရာ အရောင်းသွက်သည်ကို တွေ့ရပါသည်။ ထန်းသီးနုလေးသည် ဂျယ်လီကဲ့သို့ အိအိလေးနှင့် စားကောင်းသော အသီးတစ်မျိုးဖြစ်ပါသည်။ နွေရာသီတွင် ထန်းသီးနုနုချိုချိုလေးကို ရေခဲ၊ နို့စိမ်းတို့နှင့်ရောစပ်၍ ထန်းသီးဖျော်ရည်အဖြစ် စားသုံး၍ရသလို ထန်းသီးမနုမရင့်လေးများအား ထန်းသီးကျောက်ကျောအဖြစ် ထိုးစား၍လည်းရပါသည်။ ထန်းသီးအမှည့်များမှ အရည်ကို ညှစ်ယူ၍ ထန်းသီးမုန့်အဖြစ် ပြုလုပ်၍လည်း စားသုံးနိုင်ပါသည်။ ထန်းရည်ချိုချိုမှ ထန်းလျက်ပြုလုပ်ကြပါသည်။
ထန်းပင်သည် အပင်အမြစ်မှစ၍ ပင်စည်၊ အရွက်၊ အသီးအထိ အသုံးဝင်သော အပင်တစ်မျိုး ဖြစ်ပါသည်။ ထန်းပင်၏အရွက်အား ယပ်တောင်၊ ဦးထုပ်များပြုလုပ်နိုင်သလို၊ အိမ်မိုးရာတွင်လည်း ထန်းလက်အား အသုံးပြုနိုင်ပါသည်။ ထန်းပင်၏ ပင်စည်အသားအား တိုင်၊ ရေတံလျှောက်၊ လှေများ ပြုလုပ်၍ အသုံးပြုနိုင်ပါသည်။ ထန်းလက်ကို ကုလားထိုင်ပြုလုပ်ပြီး အသုံးပြုကြပါသည်။ ထန်းသားမှာ ရေထိလျှင် ပို၍ခိုင်ခံ့သော အသားဖြစ်ပါသည်။ ထန်းသီးမှ ထွက်လာသော အစို့အား ထန်းမြစ်ဟုခေါ်၍ မီးဖုတ်၍သော်လည်းကောင်း၊ ပြုတ်၍သော်လည်းစားသုံးနိုင်ပါသည်။ ထို့ကြောင့်ထန်းပင်မှာ အလွန်အဖိုးတန်သော အပင်တစ်ပင် ဖြစ်ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် ထန်းပင်၊ ထန်းတောများ ပေါများသည်။ တောင်ငူမြို့ အနောက်ဘက်ရှိ ထန်းတောများသည် ကေတုမတီဘုရင် တပင်ရွှေထီး အပန်းဖြေရာ ထန်းတောများဖြစ်သည်ဟု ပါးစပ်ရာဇဝင်အရ သိရပြီး တပင်ရွှေထီးထန်းတောဟုလည်း ခေါ်တွင်ကြ ပါသည်။ ထို့ကြောင့် တောင်ငူဒေသတွင် ထန်းပင်မှရရှိသော ထန်းရည်၊ ထန်းလျက်၊ ထန်းလက် ကုလားထိုင်များအား ဒေသတွင်းရောင်းချ၍ အသက်မွေးဝမ်းကြောင်းပြုကြသူ များပြားကြောင်း ရေးသားတင်ပြလိုက်ပါသည်။
DOCA (ပဲခူး)