Main menu

ဝါးသယံဇာတအရင်းအမြစ်များ စဉ်ဆက်မပြတ် အသုံးချနိုင်ရန်ဆောင်ရွက်

Powered by Drupal
Thu, 05/25/2023 - 15:08 -- consumer_admin

    ဝါးကို ဒေသရိုးရာအဖြစ် အဆောက်အအုံဆောက်ခြင်း၊ ခြံစည်းရိုးကာခြင်း အပါအဝင် လူ့အသုံးဆောင်အမျိုးမျိုး ထုတ်လုပ်သုံးစွဲခြင်းတို့ကြောင့် ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်ပါသည်။ ဝါးပင်များမှ ဝါးပန်းပု၊ ဝါးမီးသွေး၊ ဝါးဆပ်ပြာ၊ အပင်ပိုးသတ်ဆေး၊ အလှကုန်နှင့် ကျန်းမာရေးသုံးပစ္စည်းများ၊ ဝါးကြမ်းခင်း၊ ယင်းလိပ်၊ စားပွဲတင်ဖျာ၊ ထိုင်ခုံနောက်မှီအခင်းပြားစသည့် ဝါးပရိဘောဂများ၊ နှီးဖြာ၍ ထုတ်လုပ်ရသော တန်ဖိုးမြှင့်ဝါး လက်မှုပစ္စည်း အမျိုးမျိုး၊ သွားကြားထိုးတံ၊ တူ၊ အသားကင်ဝါးချောင်းများ စသည့် ဝါးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်သည်။ ဝါးပင် နှစ်နှစ်သားခန့်တွင် နှီးဖျာအဖြစ် ရက်လုပ်နိုင်ပြီး ငါးနှစ်သားခန့်တွင် ဝါးလုံး၊ ဝါးကပ်၊ ထရံ၊ ကုလားထိုင်၊ အိမ်အမိုးအကာ၊ တိုင်၊ ငြမ်းအသုံးပြုခြင်းဖြင့် အလွန်အသုံးဝင်သည်။ ဝါးဖြင့်ဖန်တီးပြုလုပ်လျက်ရှိသော နိုင်ငံတကာအဆင့်မီ အိမ်သုံးပရိ ဘောဂပစ္စည်း အသုံးအဆောင်များကိုလည်း ထုတ်လုပ်နိုင်သည်။ ဝါးပင်ပေါက်ကို စားစရာမျှစ်အဖြစ် အသုံးဝင်သည့်အပြင် မျှစ်ချဉ်၊ မျှစ်ခြောက်များအဖြစ် တာရှည်ခံအောင် တန်ဖိုးမြှင့်ဆောင်ရွက်ခြင်း၊ ပို့ကုန်အမယ်သစ်အဖြစ် မျှစ်စည်သွပ်ဘူး ထုတ်လုပ်ခြင်းကိုလည်း အားပေးနိုင်ပါသည်။ ပြည်ပသွင်းကုန် အစားထိုး စက္ကူအမျိုးမျိုး ထုတ်လုပ်နိုင်ရေး ကိုလည်း အားပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယနိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် တတိယ ဝါးသယံဇာတပေါများသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း ဝါးအချောထည် ထုတ်ကုန်ပစ္စည်း တင်ပို့မှုအနည်းငယ်သာရှိကြောင်း သိရသည်။ အရည်အသွေး ကောင်းမွန်သော ဝါးကုန်ကြမ်းများကို ပြည်ပနိုင်ငံများမှလည်း ဝယ်ယူလေ့ရှိသဖြင့် အဆင့်မြင့် နည်းပညာများနှင့် အရည်အသွေးမြင့်စေသော ဝါးမျိုးများ စိုက်ပျိုးထုတ်လုပ်နိုင်ပါက ပြည်ပသို့ တင်ပို့နိုင် မည်ဖြစ်ကြောင်း သိရသည်။ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် များစွာအသုံးဝင်သော ဝါးပင်များကို ခုတ်ယူသုံးစွဲမှုများပြီး ပြန်လည်ပြုစု ပျိုးထောင် စိုက်ပျိုးခြင်းမရှိသဖြင့် ယခင်က တောစပ်များတွင် ခုတ်ယူနိုင်သောဝါးများကို တောအတွင်းပိုင်းအထိ ဝင်ရောက်ခုတ်ယူ နေရခြင်းကြောင့် သယ်ယူစရိတ်များ ပိုမိုကုန်ကျကာ ဝါးဈေးများ မြင့်တက်လာခြင်း၊ ဝါးအသုံးပြုရသည့် ပစ္စည်းများဈေးတက်ခြင်းများ ဖြစ်ပေါ်လာသည်။

   ထို့ကြောင့် မြန်မာနိုင်ငံ၏ ဝါးသယံဇာတအရင်းအမြစ်များနှင့် သဘာဝဝါးတောများ ရေရှည်တည်တံ့ပြီး စဉ်ဆက်မပြတ် အသုံးချနိုင်ရန်၊ ဝါးကုန်ကြမ်းများကို သဘာဝတောမှအပြင် ဝါးစိုက်ခင်းများမှ စနစ်တကျ ထုတ်ယူသုံးစွဲနိုင်ရန်၊ ဝါးအချောထည် ထုတ်ကုန်ပစ္စည်း များထုတ် လုပ်မှု တိုးတက်လာစေရန်အတွက် နိုင်ငံတော်အကြီးအကဲက ဝါးစိုက်ပျိုး ထုတ်လုပ်မှုတိုးမြှင့်ရေး၊ ဝါးစိုက်ခင်းများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာရေး လမ်းညွှန်ထားပါသည်။ အဆိုပါ လမ်းညွှန်ချက်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနအနေဖြင့် ဝါးပျိုးပင် (၇၇၅၀၀)ပင်ပျိုးထောင်ထားရှိပြီး ၂၀၂၃ ခုနှစ်၊မိုးရာသီတွင် တိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ ကျောင်းဝန်းများ၌ ဖြန့်ဝေစိုက်ပျိုးသွားရန်စီစဉ်ထားကြောင်းသိရပါသည်။ ပုဂ္ဂလိက ဝါးစိုက်ခင်းတည်ထောင်ခွင့်အတွက် စိစစ် ခွင့်ပြုပေးလျက်ရှိရာ ၂၀၂၀ ခုနှစ် စိုက်ပျိုးပြီးအပါအဝင် ကနီမြို့နယ်နှင့် ကောလင်းမြို့နယ်မှ လုပ်ငန်းရှင် ၈ ဦးအား ၄၀၀ ဧကကို ပုဂ္ဂလိကဝါးစိုက်ခင်းများအဖြစ် တည်ထောင်ခွင့်ပြုထားပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ဝါးထုတ်လုပ်မှုမှာ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ဝါးလုံးရေထောင်ပေါင်း (၁၂၉၀၀) ကျော် ထုတ်ပြီး၊ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ဝါးလုံးရေထောင်ပေါင်း (၉၆၀၀)ကျော်ထုတ်ခဲ့ကြောင်း သိရပါသည်။ နှစ်စဉ် ဝါးလုံးရေပေါင်း (၁၈၆၀၀)ခန့်ထုတ်ရန် လျာထားရာ ကလေးခရိုင်၊ ယင်းမာပင်ခရိုင်၊ ကန့်ဘလူခရိုင်နှင့် ကသာခရိုင်တို့သည် ဝါးထွက်ရှိမှုအများဆုံးဒေသများဖြစ်ပါသည်။ ဝါးဈေးနှုန်းအနေဖြင့် ရိုးရိုးဝါး (၁၀)တောင်အရှည်ခန့်တစ်လုံးလျှင် (၉၀၀)ကျပ်၊ (၁၂)တောင်အရှည်ခန့်မှာ(၁၃၀၀)ကျပ်နှင့် လွှာရက်သုံးနိုင်သော တင်းဝါးတစ်လုံးလျှင်(၂၀၀၀)ကျပ်ဖြစ်ကြောင်း မုံရွာမြို့ရှိ ဝါးဆိုင်မှသိရသည်။

   ဝါးရုံသည် မြေဆီလွှာနှင့် ရေတိုက်စားမှုကို ကာကွယ်ပေးနိုင်ခြင်း၊ ဝါးပင်များသည် ကမ္ဘာကြီး ပူနွေးမှုနှင့် ရာသီဥတုပြောင်းလဲမှုကိုဖြစ်စေသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို သစ်ပင်များထက် ပိုမိုစုပ်ယူပေးထားနိုင်ခြင်း၊ ဝါးရွက်ကြွေများသည် အလွယ်တကူဆွေးမြည့်နိုင်ပြီး မြေဆီလွှာအာဟာရကို ဖြည့်တင်းပေးခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း အတွက်လည်း အသုံးဝင်သည်။ ဝါးသယံဇာတများကို လေးစားတန်ဖိုးထား တတ်ကြစေရန်ရည်ရွယ်၍ စက်တင်ဘာ ၁၈ ရက်နေ့ကို World Bamboo Day အဖြစ် သတ်မှတ်ထားရာ မြန်မာနိုင်ငံ ဝါးစိုက်ပျိုးထုတ်လုပ်သူများအသင်းက ဝါးချစ်သူများ စုဝေး၍ အသိပညာဖြန့်ဝေခြင်းများဆောင်ရွက်မှုရှိကြောင်းသိရသည်။ အချို့ဝါးခုတ်သူများသည် ဝါးပင်များအား ပြန်လည်အစားထိုး စိုက်ပျိုးလေ့မရှိသကဲ့သို့ စိုက်ပျိုးရေးနည်းစနစ်များကိုလည်း သေချာစွာ သိရှိသူနည်းပါးကြောင်းတွေ့ရသည်။ ဝါးပျိုးထောင်မှု နည်း(၄)နည်း မှာ ဝါးဘေးကိုင်းတက် အသုံးပြုမျိုးပွားခြင်းနည်း၊ ဝါးအဆစ်ဖြတ်ပိုင်းများ အသုံးချမျိုး ပွားနည်း၊  ပင်ပွားခွဲ၍မျိုးပွားနည်းနှင့် တစ်နှစ်သား ဝါးအမြစ်ဆုံကို အသုံးပြုမျိုးပွားနည်းများဖြစ်ပါသည်။ ဝါးများကို မေလနှင့်ဇွန်လတို့တွင်  မျိုးပွားပျိုးထောင်ရပြီး တည်ထောင်ပြီး ၅-၇ နှစ် အတွင်း စီးပွားဖြစ် ဝါးထုတ်ယူနိုင်မည်ဖြစ်ပါသည်။ ဝါးသယံဇာတများ ရေရှည်တည်တံ့ပြီး အရည် အသွေးမီဝါးများ စဉ်ဆက်မပြတ် ထုတ်ယူနိုင်ရန် စနစ်ကျသောဝါးခုတ်ယူမှုကို ဆောင်ရွက်သင့်ပါသည်။ ဝါးရုံများအား အရုံလိုက် အပြောင်ခုတ်လှဲခြင်း မပြုဘဲ ဝါးရုံသန်စွမ်းမှုအတွက် ချန်လှပ်ထိန်းသိမ်းထားရပါမည်။ မုတ်သုံမိုးကျပြီး ဇွန်၊ ဇူလိုင်လ မျှစ်ထွက်ချိန်နှင့် ဝါးပင်ကြီးထွားရာသီ ဇွန်လမှ အောက်တိုဘာလ ကြားကာလအတွင်း ဝါးခုတ်ယူမှု မပြုသင့်သေးဘဲ နိုဝင်ဘာလမှစ၍ မေလအထိ ဝါးထုတ်ယူပါက ဝါးတွင်းအချိုဓာတ်ကျဆင်းချိန်ဖြစ်၍ အသုံးပြုရာတွင်လည်း တာရှည်ခံနိုင်မည် ဖြစ်သည်။

   ဝါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးရေးကို စနစ်တကျလုပ်ဆောင်နိုင်ပါက ပြည်ပပို့ကုန် အဖြစ် အားထားနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း တိုးပွားစေမည်ဖြစ်သည်။ ရေရှည်တည် တံ့မှုကို စဉ်းစားပြီး နှစ်စဉ်ထွက်ရှိနိုင်မည့် ပမာဏထက် မကျော်ဘဲ ထုတ်လုပ်သွားနိုင်စေရန်အတွက် ဝါးကို သစ်ပင်အမျိုးအစားအဖြစ် ထည့်သွင်းထားပြီး စီမံဆောင်ရွက်ကြောင်းသိရသည်။ ဝါးစိုက်ခင်းများ ယခုထက် ပိုမိုဆောင်ရွက်လာနိုင်ရန်၊  ဝါးအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများတိုးတက်လာစေရန် သက်ဆိုင်ရာဌာနများက နည်းပညာများ ပံ့ပိုးပေးခြင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်  ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံခြင်း၊ ဝါးစိုက်တောင်သူများက ပူးပေါင်း ပါဝင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ဝါးအခြေခံသည့်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်ပါသည်။

DOCA(စစ်ကိုင်း)