Main menu

ပြည်ခရိုင်၊ ရွှေတောင်ဒေသထွက် လူသိများတဲ့ စည်းလုံချည်

Powered by Drupal
Thu, 05/25/2023 - 16:32 -- consumer_admin

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ ကျီးသဲရွာနှင့် မြို့မရွာတို့တွင် စီးပွားဖြစ်ရက်ကန်းစင်များရှိသလို တစ်ပိုင်တစ်နိုင်ကိုယ်ပိုင် ရက်ကန်းစင်များ ရှိကြောင်းသိရပါသည်။ ရှေးယခင်ကပင် ရက်ကန်းလုပ်ငန်းဖြင့် ထင်ပေါ်ကျော်ကြား ခဲ့သော ကျေးရွာများဖြစ်သည်။ ရွှေတောင်မြို့နယ် ကျီးသဲနှင့် မြို့မကျေးရွာတို့မှထွက်ရှိသော စည်းလုံချည်သည် အထူးနာမည်ရသော အဝတ်အထည်ဖြစ်ပါသည်။

ရွှေတောင်မြို့နယ်၊ ကျီးသဲရွာမှ ထွက်ရှိသော မြန်မာ့ရိုးရာစည်းလုံချည်သည် နာမည်ကြီးပါသည်။ ကျီးသဲဆိုသည့်စကားမှာ ရှမ်းဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်ပြီး ယခင်က ကျီးသဲကျေးရွာတွင် မြန်မာများသာမက ရှမ်းတိုင်းရင်းသားများ ပါနေထိုင်ကြသည်။ ထိုရှမ်းတိုင်းရင်းသားတို့နှင့်အတူ ပိုးထည် ရက်လုပ်ခြင်းလုပ်ငန်းပါ ပါလာသဖြင့် ယခင်ကကျီးသဲရွာ တစ်ရွာလုံး၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ ပိုးထည်ရက်လုပ်ခြင်းလုပ်ငန်းဖြစ်ပါသည်။ နောက်ပိုင်းတွင် ပိုးထည်အစား ချည်ထည်များကို ပြောင်းလဲရက်လုပ်လာကြောင်းသိရပါသည်။ ထိုသို့ချည်ထည်များအဖြစ် ပြောင်းလဲထုတ်လုပ်ရာတွင် အမျိုးသားဝတ်၊ အမျိုးသမီးဝတ်၊ ချည်ချောနှင့် ချည်ကြမ်း လုံချည်များကို ရက်လုပ်လာကြပြီး နောက်ပိုင်းတွင် ရိုးရိုးချည်ထည် များအစား သားရေပင်ဖြင့်စည်း၍ ပုံဖော်ယက်လုပ်ရသော စည်းလုံချည်ကို မြန်မာတစ်နိုင်ငံလုံးတွင် ကျီးသဲရွာတစ်ခုတွင်သာ တီထွင်ရက်လုပ်လာကြကြောင်း သိရပါသည်။ စည်းလုံချည်၏ အဓိကပညာရပ်မှာ သားရေပင်ဖြင့်စည်း၍ လိုချင်သော အပွင့်အမျိုးမျိုးကိုပုံဖော်ပြီး ဆေးရောင်အမျိုးမျိုးဖြင့် လိုက်ဖက်အောင် ဆေးဆိုးပေးရပါသည်။ ကျီးသဲစည်းလုံချည်မှာ စက်ရက်ကန်း ဖြင့် ရက်လုပ်၍မရပဲ လက်ရက်ကန်းဖြင့်သာ ရက်လုပ်ရသော မြန်မာရိုးရာစစ်စစ် ချည်လုံချည် ဖြစ်ပါသည်။

ရွှေတောင်စည်းလုံချည်ထုတ်လုပ်ပုံအဆင့်ဆင့်

          စည်းလုံချည်ပြုလုပ်ရာတွင် အဓိကလိုအပ်သည့် ကုန်ကြမ်းပစ္စည်းမှာ (၂/၈၀)ချည် အမျိုးအစား ဖြစ်ပြီး၊ ဆိုးဆေးမှာ ဓါတ်ဆေး၊ ဆိုးဆေးတို့ဖြစ်ပါသည်။ ချည်ထည်ယက်လုပ်ရာတွင် ပထမဦးစွာ ချည်ကိုပြုတ်၍ နေလှန်းပြီးချည်ချရပါသည်။ ထို့နောက် ပြုတ်ပြီးသော ချည်အဖြူထွေးအား လိုချင်သောပုံစံဖြစ်စေရန် သားရေကွင်းဖြင့် စည်းပြီးပါက လိုချင်သောဆေးရောင်ကိုဆိုး၍ ပြန်လည်ပြုတ်ရပါသည်။ ထိုချည်များကိုလျှော်၍ နေထပ်လှန်းပြီး စည်းပွင့်ခွဲခြင်းနှင့် စည်းပွင့် ချည်ခြင်းများ ကို လုပ်ရပါသည်။ ပြီးလျှင် လိပ်တုံးဖြင့်ရစ်ပတ်ပြီး ရက်ကန်းစင်တင်၍ ရက်ကန်းခတ်ခြင်း စတင်ပြုလုပ်ကြောင်း သိရပါသည်။ စံချိန်မီ စည်းလုံချည်တစ်ကွင်း၏ အတိုင်းအတာမှာ ကွင်းအကျယ် (၄)တောင်၊ အနံ(၄၂)လက်မ၊ ချည်ပင်(၁) လက်မ၊ အတိုင်(၇၂)ပင်၊ အဖောက် (၆၈)ပင်ရှိရမည်ဖြစ်ပါသည်။ ချည်ခင်အနေအထားမှာ စည်းလုံချည်တစ်ကွင်းဖြစ်လာရန် အဆင့်(၁၀) အားဖြတ်ကျော်ရမည်ဖြစ်ပါသည်။ ထိုအဆင့် (၁၀)မှာ (၁) ချည်ချခြင်း၊ (၂) အဖြူရက်ကန်းရှည်ခြင်း၊ (၃) စည်းကား သွင်းခြင်း၊ (၄) စည်းပွင့်ဖော်ခြင်း၊ ပန်းဖော်ခြင်း၊ (၅) ဆေးဆိုးခြင်း၊ (၆) ဆေးရောင်သွင်းခြင်း၊ (၇) အခြောက်ခံနေလှန်းပြီးစည်းကားခြင်း၊ (၈) ရက်ကန်းရှည်ခြင်း၊ (၉) လိပ်တုံးသွင်းခြင်းနှင့် (၁၀) ရက်ကန်းစင်တင်၍ ယက်လုပ်ခြင်းဖြစ်ကြောင်း သိရပါသည်။ ရက်ကန်းစင်တစ်စင်လျှင် လုပ်သားဦးရေ (၁၀)ဦးဖြင့် ယက်လုပ်ရပါသည်။ စည်းလုံချည် တစ်ထည်ဖြစ်မြောက်စေရန်အတွက် တစ်ပတ်ခန့်ကြာမြင့်ပြီး လုပ်သားများ စည်းလုံးညီညွတ်မှုရှိမှသာ သေသပ်လှပသော စည်းလုံချည် တစ်ထည် ရရှိမှာဖြစ်ပါသည်။ ရက်ကန်းစင်တစ်စင်လျှင် တစ်ပတ်လျှင် စည်းလုံချည်ကွင်း(ဝမ်းဆက်)(၃၀)ခန့် ထွက်ရှိကြောင်း သိရပါသည်။

ရက်ကန်းစင်တစ်စင်လျှင် ကုန်ကျစရိတ်နှင့် အကျိုးအမြတ်

ရက်ကန်းစင်တစ်စင်လျှင် လုပ်သား(၁၀)ဦးခန့်ဖြင့် ပြုလုပ်ရပြီး၊ ရက်ကန်းစင်တစ်စင်အတွက် ကုန်ကျစရိတ်မှာ -

(၁)     တိုင်ချည် ၃ထုတ် လျှင် ၈၅၀၀ကျပ်                        -         ၂၅၅၀၀၀ ကျပ်

(၂)      အဖောက်ချည် ၃ထုတ် လျှင် ၅၀၀၀ကျပ်                 -         ၁၆၅၀၀၀ ကျပ်

(၃)     စည်းပွင့်ဖော်ခ ၂ဦး တစ်ဦးလျှင် ၅၀၀၀ကျပ်             -         ၁၀၀၀၀ ကျပ်

(၄)     စည်းပွင့်အထွေးချည်ခ ၂ဦး ၊ တစ်ဦးလျှင် ၅၀၀၀ကျပ်  -         ၁၀၀၀၀ ကျပ်

(၅)     စည်းကားခွဲခ ၂ဦး ၊ တစ်ဦးလျှင် ၂၅၀၀ကျပ်              -         ၅၀၀၀ ကျပ်

(၆)     ရစ်လုံးချည်ချခ ၂ဦး ၊ တစ်ဦးလျှင် ၅၀၀၀ကျပ်           -         ၁၀၀၀၀ ကျပ်

(၇)     ယက္ကန်းခတ်ခ ၁ဦး ၃၀၀၀၀ ကျပ်                          -         ၃၀၀၀၀ ကျပ်

                                      စုစုပေါင်း                           -         ၄၈၅၀၀၀ကျပ် ကုန်ကျကြောင်းသိရပါသည်။

ရက်ကန်းစင်တစ်စင်လျှင် တစ်ပတ်လျှင် ဝမ်းဆက်လုံချည်ကွင်း (၃၀)ထွက်ရှိကြောင်း သိရပါသည်။ ရောင်းဈေးမှာ ချည်လုံချည်တစ်ကွင်းလျှင် (၁၀၀၀၀)ကျပ်၊ ချည်ဝမ်းဆက်တစ်စုံလျှင် (၁၈၀၀၀-၂၀၀၀၀) ကျပ်ဖြင့် ရောင်းချသဖြင့်  အကျိုး အမြတ်မှာ (၅၅၀၀၀-၅၇၀၀၀)ကျပ်ခန့် အမြတ်အစွန်းရှိကြောင်း သိရပါသည်။ ရက်ကန်းစင်တစ်စင်တွင် တစ်ပတ်လျှင် လုံချည်ကွင်း/ ဝမ်းဆက် (၃၀)ခန့်ထွက်ရှိလျှင် တစ်လလုံးအလုပ်ရှိ၍ ရက်လုပ်မည်ဆိုလျှင် ကွင်းပေါင်း (၁၂၀)ခန့် ထွက်ရှိမှာ ဖြစ်ပြီး အကျိုးအမြတ်မှာ ပျမ်းမျှတစ်လလျှင် (၂၂၀၀၀၀-၂၃၀၀၀၀)ကျပ်ခန့် ရရှိမည်ဖြစ်ကြောင်း ခန့်မှန်းသိရှိရပါသည်။

ရွှေတောင်စည်းလုံချည်ဈေးကွက်

          လူတို့အတွက် စားဝတ်နေရေးတွင် "ဝတ်'' က ဒုတိယနေရာတွင် တည်ရှိနေသဖြင့် အဝတ် အစားမှာ ဒုတိယအရေးကြီးသော အရာဖြစ်ပါသည်။ ရာသီဥတုမှာလည်း တစ်နှစ်နှင့်တစ်နှစ် ပူပြင်း လာသဖြင့် လူအများလည်း ချည်ဖြင့်ရက်လုပ်သော အဝတ်အစားများကို ရှာဖွေဝတ်ဆင်လာကြပါသည်။ ယခုနောက်ပိုင်းတွေင် ရွှေတောင်မြို့၌ စက်ရက်ကန်းဖြင့် ရက်လုပ်သော (၂/၁၀၀) ချည်ကို ကျစ်ပိုးများဖြင့် ရက်လုပ်ထား လုံချည်များလည်း ရောင်းချကြပြီး  ရောင်းဈေးမှာ ချည်ကျစ်ပိုး လုံချည် တစ်ကွင်းလျှင် (၁၁၀၀၀)ကျပ်၊ ချည်ကျစ်ပိုး ဝမ်းဆက် တစ်စုံလျှင် (၂၃၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရပါသည်။ ရွှေတောင်စည်းလုံချည်မှာ ပွဲတိုးပြီး ဝတ်ဆင်ရတာ သက်တောင့် သက်သာရှိကာ မြန်မာအမျိုးသမီးများ ကြိုက်နှစ်သက်ကြပါသည်။ ထို့ကြောင့် ဈေးကွက်အနေဖြင့် ရွှေတောင်မြို့ပေါ်နှင့် အနီးအနားရှိမြို့များ၊ ပြည်မြို့၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချသည့်အပြင် ကမ္ဘာလှည့် ခရီးသွားများကလည်း ရက်ကန်းစင်များသို့ ကိုယ်တိုင်လာရောက်လေ့လာပြီး နှစ်ခြိုက်စွာ ဝယ်ယူ ကြပါသည်။ ရွှေတောင် စည်းလုံချည်မှာ နာမည်ရသော ဒေသထုတ်ကုန်တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် သာမကဘဲ နိုင်ငံခြားသို့လည်း ထိုးဖောက်ဝင်ရောက်နိုင်သည့် အထည်တစ်မျိုးဖြစ်ပါကြောင်း လေ့လာ သုံး သပ်တင်ပြအပ်ပါသည်။

source - facebook

DOCA(ပဲခူး)