Main menu

အစားအသောက်အန္တရာယ်နှင့်လူ့လောဘ

Powered by Drupal
Mon, 05/29/2023 - 15:57 -- consumer_admin

       လူ့ဘောင်လောကတွင် အစာလည်းဆေး ၊ ဆေးလည်းအစာဟု ဆိုရိုးစကားရှိပါသည်။ သို့ပေမယ့်လည်း အစားအစာတိုင်းဟာ ဆေးဝါးမဖြစ်နိုင်ပါဘူး။ ဆေးဝါးဖြစ်နိုင်တဲ့ အစားအသောက်တွေကို စားမှသာ ဆေးဝါးအဖြစ် အကျိုးရှိနိုင်မှာပါ။ ဆိုလိုတာကတော့ ဓါတုဆေးဝါးတွေ ကင်းစင်တဲ့ အစား အသောက်တွေကို စားသောက်မှသာ လူတိုင်းအတွက် အကျိုးရှိနိုင်မယ့် ဆေးဝါးအဖြစ် အကျိုး ပြုနိုင်မှာပဲဖြစ်ပါသည်။

         ယခုခေတ် အစားအစာတိုင်း ဓါတုဆေးဝါးကင်းစင်တဲ့ အစားအသောက်တွေဖြစ်ဖို့ရာ အင်မတန် ရှားပါးလှပါသည်။ ဒါ့ကြောင့်လည်း လူတွေဟာ အစားအသောက်ကြောင့် "ဆေး" မဖြစ်ဘဲ "ဘေး" ဖြစ်ခဲ့ရသူများလာခဲ့ပါသည်။ အစားအသောက်နဲ့ပတ်သက်ပြီး လူတွေကိုအဓိက ဒုက္ခပေးနေတာ ကတော့ အစားအသောက် တွေမှာ အသုံးပြုတဲ့ ဓါတုဆိုးဆေးတွေ၊ တာရှည်ဆေးတွေနဲ့ ပိုးသတ် ဆေးတွေပဲ ဖြစ်ပါတယ်။ ဓါတုဆိုးဆေးတွေကတော့ ငါးပိ၊ ငါးခြောက်၊ လက်ဖက်နဲ့ မုန့်ပဲ သားရေစာတို့မှာ အသုံးပြုကြပါသည်။ တာရှည်ခံဆေးတွေကတော့ ပဲပြား၊ ပဲသွေးနဲ့ မုန့်ဟင်းခါး တွေမှာ အများဆုံးအသုံးပြုပါတယ်။ ပိုးသတ်ဆေးနဲ့အခြားဓါတုဆေးတွေကိုတော့ ဟင်းသီး ဟင်းရွက် တွေမှာ အသုံးပြုပါတယ်။ အဲဒီဓါတုဆေးဝါးတွေကပဲ လူတွေကိုရောဂါ အမျိုးမျိုး ဖြစ်ပေါ်စေပြီး "ဆေး" အဖြစ်ပဲ "ဘေး" ဖြစ်ခဲ့ရခြင်းဖြစ်တယ်။

   ဒီလိုဘေးအန္တရာယ်အမျိုးမျိုးတို့ ဖြစ်ပေါ်စေနိုင်သော အစားအသောက်များ ဖြစ်ပေါ်လာ အောင် လုပ်ဆောင်ခဲ့တဲ့ အဓိကတရားခံကတော့ လူတွေရဲ့လောဘကြောင့်ဘဲဖြစ်ပါသည်။ လူတွေဟာဘယ်သူသေသေငတေမာရင်ပြီးတာပဲ ဆိုတဲ့ ထုံးနှလုံးမူပြီး ကိုယ်တစ်ယောက် ကောင်းစားရေးအတွက်ပဲ ရှေးရှုဆောင်ရွက်တာကြောင့်ပဲဖြစ်ပါတယ်။ ဒီနေရာမှာ ဓါတုဆေးဝါးတွေ ကို အသုံးမပြုရတော့ဘူးလားလို့ မေးကောင်းမေးနိုင်ပါတယ်။ ဓါတုဆေးဝါးတွေကို သင့်တော်တဲ့ နေရာမှာ သင့်တော်တဲ့အမျိုးအစား၊ သင့်တော်တဲ့အချိန်အတိုင်းအတာနဲ့ အသုံးပြုနိုင်ပါတယ်။ ဥပမာ ဆိုးဆေးဆိုတဲ့နေရာမှာ ဓါတုဆိုးဆေးမဟုတ်တဲ့ သဘာဝဆိုးဆေးကိုအသုံးပြုဖို့ ဟင်းသီးဟင်းရွက် တွေမှာအသုံးပြုတဲ့ ပိုးသတ်ဆေး၊ မှိုသတ်ဆေးနဲ့ အားဆေးတွေဆိုရင်လည်း ဆေးထုပ်တွေ၊ ဆေးဘူးတွေမှာ ပါဝင်တဲ့ကုန်အညွှန်းအမှတ်အသား လမ်းညွှန်ချက်များအတိုင်း တိကျလိုက်နာ ဆောင်ရွက်ရမှာ ဖြစ်ပါသည်။ ဒါမှလည်း လူတို့အတွက် "ဆေး" ဖြစ်နိုင်မဲ့ အစားအသောက်တွေ ဖြစ်လာနိုင်မှာပဲဖြစ်ပါသည်။

     ဒီနေရာမှာ လူတွေရဲ့လောဘအကြောင်းကို ဆက်လက်ဖော်ပြပါအုံးမည်။ မြန်မာလူမျိုးတွေ ဟာ ကလေး၊ လူကြီးမရွေးအလှအပကို အလွန်မက်မောတက်ကြပါတယ်။ အဝတ်အစားဆိုလည်း လှတာလေးမှဝတ်ချင်သလို အစားအသောက်ဆိုလည်း အရောင်လှလှလေးကိုမှ ပိုပြီးစားချင်ကြ ပါသည်။ အဲ့ဒီအချက်ကိုသိတဲ့ လောဘသားလုပ်ငန်းရှင်အချို့က သဘာဝဆိုးဆေးမဟုတ်တဲ့ ဓါတု ဆိုးဆေးတွေကို အသုံးပြုပြီး အရောင်တွေဆိုးခဲ့ကြပါတယ်။ လောဘသား စိုက်ပျိုးရေး တောင်သူ တွေကလည်း အသီး၊ အရွက် ပိုးမကျအောင် ပိုးသတ်ဆေးတွေကို အလွန့်အကျွံသုံး၊ အသီးအရွက် ကြီးထွားသန်မာအောင် အားဆေးတွေအလွန့်အကျွံသုံး၊ မရင့်မှည့်သေးတဲ့အသီးတွေကို ရင့်မှည့် လာအောင် တို့ဆေးတွေသုံး၊ နောက်ဆုံး ဆေးပတ်မလည်သေး၊ ပိုးသတ်ဆေး အာနိသင် မကုန် သေးတဲ့အချိန်တွေမှာ ဈေးကောင်းရတာရယ်၊ ဝယ်သူလိုက်တာရယ်ကြောင့် ခူးဆွတ်ရောင်းချခဲ့တဲ့ အထိ လောဘဇောတိုက်လာခဲ့ကြပါတယ်။ ဒါကြောင့်လည်းလူတွေဟာ ဓါတုဆေးဝါးတွေ အကြွင်း အကျန်များသော အစားအသောက်တွေကိုစားရင်း ရောဂါဆိုး ရောဂါဆန်းတွေကို ခံစားခဲ့ရတာပဲ ဖြစ်ပါတယ်။

       ဒါကြောင့် "အစာလည်းဆေး ဆေးလည်းအစာဖြစ်ဖို့" လောဘကို ချုပ်တည်းနိုင်ပြီး ဓါတုဆေးဝါးကင်းစင်တဲ့ အစားအသောက်တွေကိုသာ ထုတ်လုပ်ရောင်းချနိုင်ဖို့ ရေးသား တိုက်တွန်းလိုက်ရပါသည်။

DOCA(ပဲခူး)