Main menu

စစ်ကိုင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာန၌ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း အသိပညာပေးဟောပြော

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင် ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်ဦးဆောင်၍ (၂၂.၅.၂၀၂၃)ရက်နေ့၊ နံနက် (၁၀း၃၀) နာရီအချိန်၌  ခရိုင်ငါးလုပ်ငန်းဦးစီးဌာနရှိ ဝန်ထမ်း (၁၃)ဦးအား စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။

   စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ အဆင့်ဆင့်ကိုပြောကြားရာတွင်  စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့က ပြဌာန်းခဲ့ပြီး အခန်း(၂၅)ခန်းနှင့် ပုဒ်မ ၈၄ ခု ပါဝင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေး နည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့က ပြဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၉) ပုဒ်မ(၁၉)နှင့်ပုဒ်မ(၂၀)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေး (၈)ချက်နှင့် စားသုံးသူ၏ တာဝန်များကို သိရှိရမည်ဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြမည့် အချက်(၈) ကို အသေးစိတ်ရှင်းလင်းပြောကြားကာ ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း ၊ပုဒ်မ(၄၃)ပါ ပြဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်း မပြုရန် ပုဒ်မ(၆၈)၌ ပြဌာန်းထားပြီးဖြစ်ပါကြောင်း၊ ပုဒ်မ(၆၈)ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ ထက် မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေသည် စားသုံးသူများကို ကာကွယ်ပေးကာ လုပ်ငန်းရှင်များကို ထိန်းကြောင်းပေးသည့် ဥပဒေတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူအခွင့်ရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက  မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊ Website ၊ Facebook page က ဖြစ်စေ၊  Gmail တို့ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားပြီး တိုင်ကြားရန် လိပ်စာများပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)