လူသားများအသက်ရှင်နေထိုင်ရပ်တည်နိုင်ဖို့အတွက် စွမ်းအင်များသည် မရှိမဖြစ်ပါဝင်ရသည့်အရာများပင်ဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာခန့်က “မီး” ဟူသော အပူစွမ်းအင်ကို သဘာဝဖြစ်စဉ်များဖြစ်သည့်လျှပ်စီးမုန်တိုင်းများနှင့် မီးတောင်ပေါက်ကွဲခြင်းမှဖြစ်ပေါ်လာသော မီးလောင်မှုကိုအသုံးချပြီး ရှာဖွေတွေ့ရှိ ခဲ့ပါသည်။ “မီး” ဟူသော အပူစွမ်းအင်ကိုရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် အသားများကိုအစိမ်းစားရာမှ ကင်ခြင်း၊ ပြုတ်ခြင်း စသည့်နည်းလမ်းများကို အသုံးပြုလာနိုင်ခြင်းဖြင့် လူနေမှုအဆင့်အတန်းကိုမြှင့်တင်နိုင်ခဲ့ပါသည်။ ယနေ့ခေတ်တွင် စွမ်းအင်များစွာကိုရှာဖွေတွေ့ရှိကာ အသုံးပြုလျက်ရှိပါသည်။သို့သော် တချို့သောစွမ်းအင်များမှာ သဘာဝကိုမှီခိုပြီး အသုံးပြုသောစွမ်းအင်များဖြစ်သောကြောင့် ကောင်းကျိုးနှင့်ဆိုးကျိုးပါဖြစ်ပေါ်စေသောစွမ်းအင်များ (ဥပမာ-သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ feul) ဖြစ်ကြပါသည်။ မည်သို့ပင်ဆိုစေကာမူ သဘာဝကိုမှီခိုသော်လည်း သဘာဝကိုထိခိုက်မှုနည်းသော သန့်ရှင်းစွမ်းအင်များလည်း ရှိနေပါသေးသည်။
သန့်ရှင်းစွမ်းအင်ဆိုသည်မှာ သဘာဝပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းခြင်းကိုလျော့ချနိုင်ခြင်း၊ စွမ်းအင်ကိုချွေတာနိုင်ခြင်း၊ စွမ်းအင်လုံလောက်မှုကိုဖြစ်စေခြင်း စသည့်အကျိုးကျေးဇူးများရရှိစေသော စွမ်းအင်ကိုခေါ်ဆိုခြင်းဖြစ်ပါသည်။ကမ္ဘာပေါ်တွင် စွမ်းအင်များကို ရေအား၊ လေအား၊ နေရောင်ခြည်၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ fuel နှင့်နျူးကလီးယားတို့ကို အသုံးပြုလျက်ရှိကြပါသည်။ မြန်မာနိုင်ငံသည် စွမ်းအင်အများအပြားကိုပိုင်ဆိုင်ထားသည့် စွမ်းအင်ကြွယ်ဝသောနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ သို့သော် စွမ်းအင်များစွာရှိသည့်အနက်မှ မြန်မာနိုင်ငံသည် ရေအားလျှပ်စစ်မှ ၇၄ရာခိုင်နှုန်းကျော်ကို မှီခို အသုံးပြုလျက်ရှိပါသည်။ ရေအားလျှပ်စစ်ဆိုသည်မှာ သဘာဝကိုမှီခိုရသည့်စွမ်းအင်ဖြစ်သောကြောင့် ရာသီဥတုဖောက်ပြန်မှုများဖြစ်ပေါ်လာသောအခါတွင် စွမ်းအင်ထုတ်လုပ်နိုင်စွမ်းမှာ အလွန်စိုးရိမ်စရာကောင်းလှပါသည်။
ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံတွင် fuel ၃၈ရာခိုင်နှုန်း၊ ကျောက်မီးသွေး၂၁ရာခိုင်နှုန်းနှင့် နျူးကလီးယား၁၈ရာခိုင်နှုန်းတို့ကို အဓိကအသုံးပြုကြပြီး ကျန်ရာခိုင်နှုန်းတွင်မူ ရေအားလျှပ်စစ်ကိုလျော့ချသုံးစွဲကာ သန့်ရှင်းစွမ်းအင်ဖြစ်သောလေအားလျှပ်စစ်ကို ပိုမိုအသုံးပြုလာသည်ကို စစ်တမ်းများအရ တွေ့ရှိရပါသည်။ လေအားလျှပ်စစ်သည် ၁နာရီလျှင် လေတိုက်နှုန်း၈မိုင်မှ ၁၀မိုင်ရှိရုံဖြင့် ၂၄နာရီလုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်သည့် အတွက် လျှပ်စစ်မီးအရနည်းပြီး နေရောင်ခြည်အရနည်းသောတောင်ပေါ်ဒေသများ၊ ကမ်းရိုးတန်းဒေသများတွင် အလွန်အသုံးဝင်သောစွမ်းအင်တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ သန့်ရှင်းစွမ်းအင်များဖြစ်သည့် လေစွမ်းအင်နှင့်နေရောင်ခြည်စွမ်းအင်ကို ပိုမိုအသုံးပြုနိုင်အောင် အစိုးရကကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ရခိုင်၊ ချင်း၊ ဧရာဝတီ၊ ရန်ကုန် စသည့်တိုင်းဒေသကြီး/ပြည်နယ်များတွင် လေအားလျှပ်စစ်စီမံကိန်းများ၊ မကွေးတိုင်းတွင် နေရောင်ခြည်စွမ်းအင်သုံး solar energy စနစ်ကို အသုံးပြုနိုင်ရန် လျားထားချက်များဖြင့် ဆောင်ရွက်လျက်ရှိနေပါသည်။
မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ သန့်ရှင်းစွမ်းအင်များသို့ ကူးပြောင်သုံးစွဲရေးတွင် ပါဝင်လာကြသည်ကို တွေ့ရှိရပါသည်။ ဥပမာအားဖြင့် ကျောက်မီးသွေးသုံးမီးရထားများအစား လျှပ်စစ်ရထားများကိုအစားထိုးအသုံးပြုနိုင်ရန်ဆောင်ရွက်နေခြင်း၊ လေထုညစ်ညမ်းခြင်းကိုဖြစ်စေသော လောင်စာဆီသုံးယာဉ်များအစား လျှပ်စစ်စွမ်းအင်သုံး (Electric Vehicle EV) လျှပ်စစ်ကားများကိုအသုံးပြုခြင်း၊ နေရောင်ခြည်စွမ်းအင်သုံး SOLAR စနစ်ကို တစ်နိုင်တစ်ပိုင်အိမ်သုံးမှသည် ရုံးလုပ်ငန်း၊ အလုပ်ရုံများအထိပါ အသုံးပြုနိုင်စေရန် အစိုးရက ကြိုးပန်းဆောင်ရွက်နေသည်မှာ စားသုံးသူများမျက်မြင်ပင်ဖြစ်ပါသည်။ လျှပ်စစ်သုံးယာဉ်အမျိုးအစားများအတွက် နိုင်ငံတော်အစိုးရက အခွန်နှုန်းများကို သုညရာခိုင်နှုန်းသို့လျော့ချသတ်မှတ်လိုက်ခြင်းဖြင့် နိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်အသုံးပြုမှုနှင့် ဆက်စပ်လုပ်ငန်းများတိုးတက်လာမည်ဖြစ်သည်။
မြန်မာနိုင်ငံသို့တင်သွင်းလာသော လျှပ်စစ်သုံးယာဉ်များတွင် လျှပ်စစ်ကား EV များကို Long Range နှင့် Standard Range ဟူ၍ နှစ်မျိုးရှိပြီး battery capacity၊ မောင်းနှင်နိုင်မှုအကွာအဝေးနှင့် အမျိုးအစားအပေါ်မူတည်ပြီး မြန်မာငွေ သိန်း၆၀၀ခန့်မှ သိန်း၁၀၀၀၀ကျော်ထိ ဈေးပေါက်လျက်ရှိပါသည်။ EV ကားများကိုအသုံးပြုသင့်သည့်အချက်များမှာ အစိုးရသို့ပေးသွင်းရန် အခွန်ကင်းလွတ်ခွင့်ရှိနေခြင်း၊ သက်မှတ်ထားသော Power station တွင်သာမက အိမ်တွင် အားသွင်းမောင်းနှင်နိုင်ခြင်း၊ မီတာခမှာ တစ်ယူနစ်လျှင် ၁၂၅ကျပ်သာကျသင့်သောကြောင့် ယနေ့ခေတ်၏လောင်စာဆီဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင် များစွာသက်သာခြင်း၊ လောင်စာဆီသုံးကားများကဲ့သို့ အင်ဂျင်ဝိုင်၊ ဂီယာဝိုင်များလဲခြင်းမရှိသည့်အတွက် နှစ်စဉ် ကုန်ကျစရိတ်သက်သာခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါသည်။ စားသုံးသူများအနေဖြင့် သန့်ရှင်းစွမ်းအင်ဖြင့် အသုံးပြုသောကုန်စည်နှင့် ဝန်ဆောင်မှုများကိုအသုံးပြုကြလျက် မိမိတို့၏ ကျန်းမာရေး၊ လူနေမှုအဆင့်အတန်းနှင့် သဘာဝပတ်ဝန်းကျင်ကိုပါ ပိုမိုထိရောက်စွာထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် ဆန္ဒပြုတင်ပြအပ်ပါသည်။
DOCA(ရှမ်း)