စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းသည် ဇွန်လ ( ၈ ) ရက်နေ့ နံနက်(၁၁:၀၀)နာရီတွင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲ အခမ်းအနား၌ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ လူဦးရေ(၃၀)ဦးတက်ရောက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌန၊ ဒေါ်ခိုင်ခိုင်ဝင်း (လ/ထညွှန်ကြားရေးမှူး)က အဖွင့်အမှာစကားပြောကြားရာတွင် ယခုလူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်ပို့ချရသည့် ဘာသာရပ်များသည် ကျန်းမာရေးနှင့် ညီညွှတ်သော လူသုံးကုန်များဖြစ်စေရန် ပြည်သူများအား လက်ဆင့်ကမ်းဝေမျှပေးသော သင်တန်းဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်တန်းမှ ပို့ချပေးသော စာတွေ့၊ လက်တွေ့ ကုန်ထုတ်လုပ်မှု နည်းပညာများကို ကြိုးစားသင်ယူကြစေလိုကြောင်း၊ သင်တန်းကာလပြီးမြောက်သည့်အခါတွင်လည်း မိမိတို့အားသန်ရာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် အခက်အခဲများရှိပါက သင်တန်းနည်းပြဆရာ/ဆရာမများနှင့် ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များအပြင် ကလေးခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာနနှင့်လည်း ချိတ်ဆက်ဆောင်ရွက်နိုင်ပါကြောင်းနှင့် သင်တန်းသား/သူများနေဖြင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းဆင်းပြီး ပြန်လည်အသုံးချရမှာဖြစ်ပါကြောင်းနှင့် ဌာနမှတာဝန်ရှိသူများအနေနှင့်လည်း ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် အင်အားစိုက်ထုတ်ပြီး စိတ်စေတနာရှေ့ထား၍ လုပ်ငန်းတာဝန်များကို ကျေပွန်စွာဆောင်ရွက်သွားကြပါရန် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးမှ ဆွေးနွေးပြောကြားရာတွင် သင်တန်းသား/သူများကို ကုန်စည်ရောင်းချသူ သို့မဟုတ် ဝန်ဆောင်မှုပေးသည့် စီးပွားရေးလုပ်ငန်းရှင်၊ ကုန်စည်ထုတ်လုပ်သူ၊ပြည်ပမှကုန်စည်များတင်သွင်းလာပြီး ပြည်တွင်းရှိစားသုံးသူများအား ပြန်လည်ရောင်းချဖြန့်ဖြူးသူ၊ တစ်ဆင့်ပြန်လည်ရောင်းချဖြန့်ဖြူးသူများသည် စားသုံးသူသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက အာမခံပေးရမည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချမှုများနှင့်ပတ်သက်၍ မိမိတို့၏ ထုတ်ကုန်များအား ဈေးကွက်တွင် ဖြန့်ဖြူးမည်ဆိုပါက ဖြန့်ဖြူးသူမှ တာဝန်ယူရမည်ဖြစ်ကြောင်း ကလေးခရိုင်ဦးစီးမှူးမှ အသေးစိတ်ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့ကြောင်း သတင်းရရှိရပါသည်။
DOCA(စစ်ကိုင်း)