Main menu

သနပ်ခါးနှင့်အလှအပ

Powered by Drupal
Fri, 06/16/2023 - 14:25 -- consumer_admin

  ဆောင်းမှာနွေး၊ နွေမှာအေးဆိုသည့် သနပ်ခါး၏အာနိသင်ကြောင့် မြန်မာလူမျိုးများသည်  မွေးကင်းစအရွယ်ကစ၍ သနပ်ခါးလိမ်းကြသည်။ မြန်မာနိုင်ငံ၏နေရာဒေသအနံ့ အပြားတွင် သနပ်ခါးလိမ်းကျံထားသော မျက်နှာများကို မြင်တွေ့နိုင်ပါသည်။ မြန်မာအမျိုးသမီးများသည် သနပ်ခါးကို လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက လိမ်းကျံခြယ်သကြသော ပစ္စည်းတစ်ခုအဖြစ်  အသုံးပြုခဲ့ကြသည်။ သနပ်ခါးကို မနှစ်သက်သော မြန်မာအမျိုးသမီးဟူ၍ မရှိသလောက်ရှားပါးပါသည်။ ယခုအခါ ခေတ်အလိုက် ပေါ်ထွက်လာသော အနောက်တိုင်းအလှခြယ်ပစ္စည်းများ အသုံးပြုမှုများလာသော်လည်း သနပ်ခါးနှင့်ကင်းသော အမျိုးသမီးအရေအတွက်မှာ အလွန်နည်းပါးလှပေသည်။ သနပ်ခါးသည် စိတ်ကြည်လင် လန်းဆန်းဖွယ်ရာ သင်းပျံ့သောရနံ့နှင့်ပြည့်စုံခြင်း၊ အသားအရေကိုအေးမြစေခြင်း၊ အသားအရေကို ချောမွတ်စေခြင်း၊ သနပ်ခါးလိမ်းကျံသူအား လှပစေခြင်း စသောဂုဏ်အင်္ဂါများနှင့် ပြည့်စုံသဖြင့် ရှေးခေတ် နန်းတွင်းသူများမှအစ ကောက်စိုက်သမများအဆုံး သနပ်ခါးကို လက်မလွှတ်နိုင်ခဲ့ကြခြင်းပင်  ဖြစ်ပေသည်။

    မြန်မာလူမျိုးများသည် သနပ်ခါးကို နှစ်သက်ခြင်းမှာ အလှအပလိမ်းကျံစရာ ပစ္စည်းဖြစ်သည့်အပြင် သနပ်ခါး၏ဆေးဖက်ဝင်သည့် အာနိသင်ကြောင့်လည်း ဖြစ်ပါသည်။ ပူအိုက်စိုစွတ်သောရာသီဥတုရှိသည့် မြန်မာနိုင်ငံတွင် နေလောင်ခြင်းဒဏ်ကို ကာကွယ်နိုင်ပြီး    အသားအရေကို ထိန်းသိမ်းနိုင်သည့်အတွက် မြန်မာအမျိုးသမီးများသာမက အမျိုးသားများပါ အသုံးပြုကြပါသည်။ အရေပြားယားယံခြင်း၊ ဓာတ်မတည့်ခြင်းတို့အတွက် သနပ်ခါးကို ဆားနှင့် ရောသွေးကာ လိမ်းကျံကြသည်။  

   မြန်မာနိုင်ငံ၏ အချို့သောနေရာဒေသများတွင် နှစ်စဉ်သင်္ကြန်အကြိုနေ့တိုင်း သနပ်ခါးသွေးပွဲတော်များ  ကျင်းပလေ့ရှိပါသည်။ သင်္ကြန်အကြိုနေ့ညမှာ အမျိုးသမီးကလေးများက သနပ်ခါးသွေးကြပြီး အမျိုးသားများက သီချင်းတီးမှုတ်သီဆိုကြလေ့ရှိသည်။ သွေးပြီးရရှိလာသော သနပ်ခါးများကို ဆင်းတုတော်များကို သနပ်ခါးရည်နှင့်ဆေးကြောပြီး ကုသိုလ်ယူကြသည့် မြန်မာတို့၏ ချစ်စရာကောင်းသောဓလေ့သည်လည်း ယနေ့ထိတိုင်ရှိနေပေသည်။

    မြန်မာတို့သည် ဘုရားဖူးခရီးကို ခုံမင်စွာ မက်မော၍ သွားလာတတ်ကြရာ အညာဘုရားဖူး ပြန်လာသူများက ဆွေမျိုးမိတ်ဆွေများအတွက် သနပ်ခါးကို ဝယ်ယူ၍ လက်ဆောင် ပေးတတ်သည့်ဓလေ့လည်း ယနေ့တိုင်ရှင်သန်လျက်ရှိပါသည်။ သနပ်ခါးထဲတွင် လူကြိုက်အများဆုံးမှာ ရှင်မတောင်သနပ်ခါး ဖြစ်သည်။ ရှင်မတောင်သနပ်ခါး၏ မွှေးရနံ့ကြောင့် မြန်မာလူမျိုးတိုင်း ရှင်မတောင်သနပ်ခါးကို နှစ်သက်ကြခြင်းဖြစ်သည်။ ရှင်မတောင်သနပ်ခါးအပြင် ရွှေဘိုသနပ်ခါးကိုလည်း နှစ်သက်ကြပါသေးသည်။ ရွှေဘိုသနပ်ခါးသည် ရှင်မတောင်သနပ်ခါးကဲ့သို့ ထူးခြားစွာ အနံ့မမွှေးပေမဲ့ ဝင်းဝါသောအဆင်းရှိပြီး ညက်လှသည့်အတွက် ရွှေဘိုသနပ်ခါးကိုလည်း မြန်မာအမျိုးသမီးများသည် နှစ်သက်ကြသည်။ သနပ်ခါးပင်ကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ အနောက်ပိုင်း၊ ထိုင်းနိုင်ငံ၊ ပါကစ္စတန်နှင့်မြန်မာနိုင်ငံ အလယ်ပိုင်းအညာ ဒေသတို့တွင် တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် သနပ်ခါးစိုက်ပျိုးရှင်သန်ရာနေရာများမှာ အပူပိုင်းဒေသများဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်၊ လားရှိုး၊ ကျောက်မဲ၊ သီပေါစသည်တို့ဖြစ်သည်။ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပြည်၊ ရွှေဘို၊ မုံရွာ၊ စစ်ကိုင်း၊ နွားထိုးကြီး၊ တောင်သာ၊ အရာတော်မြို့နယ်များတွင် သနပ်ခါးပင်များကို အများဆုံးတွေ့ရပါသည်။

    သနပ်ခါးပင်သည် စိုက်ခင်းသစ်ပထမတစ်ကြိမ် ခုတ်၍ရောင်းချပြီး သန်မာထွားကျိုင်းသည့် သားတက်များ ဆက်ခါဆက်ခါ ထားရှိနိုင်ကာ ဘိုးစဉ်ဘောင်ဆက် အဆင့်ဆင့် ခုတ်ယူရောင်းချသောကြောင့် ဝင်ငွေရသဖြင့် "အပူပိုင်းပဒေသာပင်ဟု တင်စားပြီး အပူပိုင်းဒေသ၏ ရတနာ"ဟုပင် ခေါ်ဆိုကြပေသည်။ မြန်မာ့ဆေးကျမ်းများအရ သနပ်ခါးသည်ပူ၏။  သွေးကိုကြွစေတတ်၏။  ပူခါးချုပ်ပွင့် ဖြစ်၏။ ငန်းမန်းကို နိုင်စေ၏။ အပူနာ။ အအေးနာ၊ နှစ်မျိုးစလုံးနိုင်၏ဟု ဆိုထားသည်။ သိပ္ပံနည်းဆေးကျမ်းအရဆိုလျှင်  Anti-bacterial နှင့် Anti-fungal ပါဝင်မှုကြောင့် အသားအရေကို ကြည်လင်သန့်စင်စေကာ ဝက်ခြံ၊ တင်းတိပ်ကိုပျောက်ကင်းစေသည်။ အဖြူအမည်းစက်များ ဖြစ်ပေါ်မှုကိုလည်း ပျောက်ကင်းစေပြီး၊ အဖုအပိတ်များကိုလည်း ပျောက်ကင်းစေသည်ဟု ဖော်ပြကြသည်။ သနပ်ခါးတွင် Coumarine ဓာတ်ပါဝင်သဖြင့် အသားအရေပေါ်တွင် ဘက်တီး ရီးယားနှင့် မှိုကြောင့်ဖြစ်သော ရောဂါများကို ဖယ်ရှားပေးနိုင်ပြီး၊ အိုမင်းရင့်ရော်မှုကို လျော့ကျစေပြီး အရွယ်နုပျို လန်းဆန်းစေသည်။ Mamesin ပါဝင်မှုကြောင့် ခရမ်းလွန်ရောင်ချည် (UV-A ray) ကြောင့်ဖြစ်ပေါ်သော မျက်နှာပေါ်တွင် အရေပြားတွန့်လိမ်ခြင်း (အရေးအကြောင်းပေါ်ခြင်း) ၊ အရေပြားအရောင်ပျက်ခြင်း (Skin discoloration) မှကာကွယ်ပြီး တင်းတိတ်နှင့် အရေပြားကင်ဆာ ဖြစ်ပေါ်မှုကိုလည်း ကာကွယ်သည်။ ထို့ကြောင့် မြန်မာသနပ်ခါးသည် မြန်မာတို့အတွက် လက်ဆောင်ကောင်းတစ်ခုအဖြစ်လည်းကောင်း၊ မြန်မာပြယုဂ်တစ်ခုအဖြစ်လည်းကောင်း  ယနေ့ခေတ်အထိအဖိုးမဖြတ်နိုင်သော မြန်မာ့အမွေအနှစ်တစ်ခုအဖြစ်အခိုင်အမာ ရပ်လျက်ရှိပါသည်။

DOCA(ကယား)