Main menu

ဇေယျာရွှေမြေမှ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ

Powered by Drupal
Mon, 06/19/2023 - 10:20 -- consumer_admin

    နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေးတိုးတက်မှုအတွက် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ( Micro , Small and Medium Enterprises )သည် အဓိက မောင်းနှင်အားဖြစ်ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် MSME စီးပွားရေးလုပ်ငန်းများသည် ၉၀ရာခိုင်နှုန်းကျော်ခန့်ပါဝင်လျက်ရှိသည်ကို ပညာရှင်များ၏ လေ့လာချက်များအရ တွေ့ ရှိရပါသည်။ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းသည် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ကို အားပေးဆောင်ရွက်ခြင်းပင်ဖြစ်သည်။ နိုင်ငံတော်၏ ရည်ရွယ်ချက်မှာ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်းစီးပွားရေးကို မြှင့်တင်ရန်၊ သွင်းကုန်အစားထိုးနိုင်ရန်၊ ပို့ကုန်တိုးမြှင့်နိုင်ရန် ဖြစ်သည်။

      မိမိတို့ဒေသနှင့်ကိုက်ညီသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒေသများအလိုက် MSME လုပ်ငန်းများကို စက်မှုဇုန်များတည်ထောင်၍ အကောင်အထည်ဖော်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး(ဇေယျာရွှေမြေ)၏ ခရိုင်မြို့များဖြစ်သော ကလေး၊ မုံရွာ၊ စစ်ကိုင်း၊   ရွှေဘိုမြို့ များတွင် စက်မှုဇုန်များတည်ထောင်ထားပါသည်။

စစ်ကိုင်းစက်မှုဇုန်

      စစ်ကိုင်းစက်မှုဇုန်ကို ၁၉၉၇ခုနှစ်၊ ဒီဇင်ဘာလ(၁၁)ရက်နေ့က စတင်တည်ထောင်ခဲ့ပြီး၊ စစ်ကိုင်းမြို့၏ မြောက်ဘက် ပတ္တမြားရပ်ကွက်နှင့် နီလာရပ်ကွက်၌ တည်ရှိပါသည်။ စက်မှုဇုန်၏ မြေဧရိယာသည် (၉၆၀.၃၂)ဧက ကျယ်ဝန်းပြီး၊ အရွယ်စုံ စက်မှုမြေကွက် ပေါင်း(၂၁၅)ကွက်ရှိသည်။ စစ်ကိုင်းစက်မှုဇုန်ကို နာယကအဖွဲ့ဖြစ်သော တိုင်းဒေသကြီးဝန်ကြီးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မုံရွာမြို့နှင့် စီမံကိန်း၊ ဘဏ္ဍာ‌ရေးနှင့်စက်မှုဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မုံရွာမြို့တို့၏ ဦးဆောင်မှုဖြင့် စက်မှုဇုန်ကြီးကြပ်မှုကော်မတီနှင့် စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီများ ဖွဲ့စည်း၍ လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။ စစ်ကိုင်းစက်မှုဇုန်တွင် သစ်အခြေခံ စက်ရုံများ၊ သံရည်ကျိုစက်ရုံများ၊လူသုံးအိမ်သုံးထုတ်လုပ်သည့်စက်ရုံများ၊ စားသောက်ကုန်ထုတ်လုပ်သည့်စက်ရုံများ၊ မော်တော်ကားအလုပ်ရုံများ စသည့်ဖြင့် စက်ရုံ၊ အလုပ်ရုံပေါင်း(၈၈)ရုံရှိသည်။ အဆိုပါ စက်ရုံ၊ အလုပ်ရုံများအနက် လူသုံး၊ အိမ်သုံးပစ္စည်းထုတ်လုပ်သည့်  မဏ္ဍိုင်စက္ကူစက်ရုံအကြောင်း တင်ပြလိုက်ရပါသည်။

မဏ္ဍိုင်စက္ကူစက်ရုံ

    မဏ္ဍိုင်စက္ကူစက်ရုံသည် ၂၀၀၄ခုနှစ်က စတင်၍ မြေ(၃)ဧကပေါ်တွင် မတည်ရင်းနှီးငွေ ကျပ် သိန်း(၅၀၀)ခန့်ဖြင့် တရုတ်နိုင်ငံထုတ် စက်ပစ္စည်းများကိုဝယ်ယူပြီး လုပ်ငန်းများစတင် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ မဏ္ဍိုင်စက္ကူစက်ရုံသည် ဂျပ်စက္ကူအဟောင်းများကို စုစည်း၍ နည်းပညာ အသုံးပြုပြီး ဂျပ်စက္ကူအချောများ ပြန်လည်ထုတ်လုပ်သည့် စက်ရုံဖြစ်သည်။ ကုန်ကြမ်းများကို မြန်မာပြည်အထက်ပိုင်း မန္တလေး၊ လားရှိုး၊ တောင်ကြီး၊ မုံရွာ စသောမြို့ကြီးများနှင့် စစ်ကိုင်းမြို့ တွင်းရှိ ဂျပ်စက္ကူအဟောင်းများဝယ်သည့်ဒိုင်များမှ ဝယ်ယူသည်။

   ဂျပ်စက္ကူအချောထုတ်လုပ်ပုံ အဆင့်ဆင့်မှာ ဂျပ်စက္ကူအဟောင်းများကို ရေဖြင့်နူးအောင် စက္ကူပျော့ဖတ်ဖျော်အိုးဖြင့် မိနစ်(၂၀)ခန့် ဒလက်ဖြင့်မွှေပြီး၊ ပျော့ဖတ်သန့်စင်စက်ဖြင့် သန့်စင်ကာ ရေစစ်စက်(၂)လုံးပေါ်သို့ ဖြတ်သန်းစေခြင်း၊  ဆက်လက်၍ အခြောက်ခံစက်(၂၈)လုံးပေါ်သို့ အလို အလျောက်ဖြတ်သန်းစေခြင်းကို ဗဟိုထိန်းချုပ်ခန်းမှ ထိန်းချုပ်သည့်စနစ်ဖြင့် ထုတ်လုပ်ခြင်း ဖြစ်သည်။ အလိုအလျောက် ထွက်ရှိသည့်ကုန်ချောမှာ ဂျပ်ပုံးများပြုလုပ်နိုင်သည့် စက္ကူအထူစား ပြန့်ကြီးများဖြစ်၍ ဂျပ်စက္ကူပုံးပြုလုပ်သည့် စက်ရုံများရှိသော မန္တလေးမြို့နှင့် မုံရွာခရိုင်၊ ချောင်းဦး မြို့သို့ တင်ပို့ရောင်းချပါသည်။ ဂျပ်စက္ကူပုံးများသည် ပေါ့ပေါ့ပါးပါး အလွယ်တကူ သယ်ယူနိုင်သဖြင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးထုပ်ပိုးရာတွင် အသုံးဝင်သည့်အပြင် စစ်ကိုင်းတိုင်းဒေသကြီးထွက် ဖရဲ သီးနှင့် သခွါးမွှေးသီးများ ထုပ်ပိုးရာတွင် လွန်စွာအသုံးဝင်ကြောင်းသိရသည်။ နွေရာသီနှင့် ဆောင်းရာသီ၌ ဂျပ်စက္ကူများကို ဝယ်ယူလိုသည့်အမှာစာများ ပိုမိုရရှိသဖြင့် တစ်လလျှင် တန် (၅၀၀)ကျော် ထုတ်လုပ်နိုင်ကြောင်း သိရသည်။ မဏ္ဍိုင်စက္ကူစက်ရုံတွင် ကျား၊မ လုပ်သား အင်အား (၁၀၀)ဦးခန့် အလုပ်အကိုင်အခွင့်အလမ်းများ ပေးထားနိုင်ပြီး၊ နေ့စားလုပ်ခအနေဖြင့် တစ်ရက်လျှင် (၄၈၀၀)ကျပ်၊ လုပ်ငန်းကျွမ်းကျင်မှုပေါ်မူတည်၍ တစ်လလျှင် အနိမ့်ဆုံး ကျပ်(၁၅၀၀၀၀)မှ အမြင့် ဆုံး ကျပ်(၄၅၀၀၀၀)ပေးထားကြောင်း စက်ရုံပိုင်ရှင်ထံမှ သိရှိရပါသည်။

    စစ်ကိုင်းစက်မှုဇုန်ရှိ မဏ္ဍိုင်စက္ကူစက်ရုံသည် ဂျပ်စက္ကူများ ပြည်ပမှတင်သွင်းခြင်းကို လျော့ချ နိုင်ပြီး ပြည်တွင်းကုန်ကြမ်းများမှ ထုတ်လုပ်သော ကုန်ချောစက်ရုံတစ်ခုဖြစ်သည်။ စစ်ကိုင်းစက်မှုဇုန်အတွင်းရှိ စက်ရုံများသည်   ပြည်တွင်းစီးပွားရေးမြှင့်တင်ခြင်းနှင့် သွင်းကုန်အစားထိုး လုပ်ငန်းများ ကို တစ်ထောင့်တစ်ရာမှ ပါဝင်ဆောင်ရွက်နေကြောင်း လေ့လာသိရှိရပါသည်။

   စစ်ကိုင်းစက်မှုဇုန်အနေဖြင့် လျှပ်စစ်မီး ပုံမှန်ရရှိပြီး၊ ကုန်ကြမ်း/ကုန်ချောများ သယ်ယူပို့ဆောင်ရာတွင် လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့ပါက ပြည်တွင်းထုတ်ကုန်များ ပိုမိုတိုးတက် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များကိုယ်စား တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)