Main menu

“စားသုံးသူများ Online မှ ဈေးဝယ်ရာတွင် သတိပြုရမည့်အချက်များ” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ (TalkShow) ကျင်းပ

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနသည်  စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်းသည့် အသိပညာ ဗဟုသုတများကို ပြည်သူ အများသိရှိနားလည်စေရန်ကဏ္ဍပေါင်းစုံ၊ နည်းလမ်းပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံဖြင့် ဆောင်ရွက် လျက်ရှိပါသည်။
      ၂၀၂၃ ခုနှစ် ဇွန်လ ၂ ရက်နေ့ ၊ (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာနွယ်သည် ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ လူထုအ‌ခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် စားသုံးသူများ အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ စားသုံးသူများ Online Shopping နှင့်ပတ်သက်၍ သတိထားရမည့်အချက်များကို ဆွေးနွေးပါသည်။

      ထိုသို့ ဆွေးနွေး‌ရာတွင် စားသုံးသူအဓိပ္ပါယ်နှင့်စားသုံးသူကာကွယ်ရေးအဓိပ္ပါယ်၊ မြန်မာ နိုင်ငံ စားသုံးသူကာကွယ်ရေးဥပဒေ ရေးဆွဲပြဌာန်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအကြောင်း မိတ်ဆက်ပြောကြားပြီး စားသုံးသူများ Online မှ ဈေးဝယ်ရာတွင် ကြုံတွေ့ရသည့် အချက်များဖြစ်သော ကုန်ပစ္စည်းမှာယူပြီး ငွေပေးချေပြီးနောက် ပစ္စည်းပေးပို့မှု မရှိခြင်း၊ မိမိမှာယူထားသော ပစ္စည်းနှင့် အမှန်တကယ်လက်ခံရရှိသော ပစ္စည်း၏ အရည်အသွေး ကွဲလွဲနေခြင်း၊ ကုန်ပစ္စည်းတွင် ပါဝင်သောသတင်းအချက်အလက်များကို ချဲ့ကားဖော်ပြ ထားခြင်း၊ မှာယူထားသောကုန်ပစ္စည်းကို သဘောတူညီထားသော အချိန်အတွင်း ပေးပို့မှု မရှိခြင်း၊ Online Shopping Page တွင် ဖော်ပြထားသော ဆက်သွယ်ရန်လိပ်စာနှင့် ဖုန်းနံပါတ်များ မြေပြင်တွင် အမှန်တကယ်မရှိခြင်း၊ ကုန်ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းများ၏ ကုန်ပစ္စည်းလက်ခံပြေစာများကို အတုပြုလုပ်၍ မှာယူထားသူများထံ ပို့ဆောင်ကာ ငွေလွှဲခိုင်းခြင်း၊ ဝယ်ယူသူများမှ ကုန်ပစ္စည်းမရောက်ကြောင်း မေးမြန်းပါက မေးမြန်းသည့် အကောင့်များ၊ ဖုန်းနံပါတ်များကို block သွားခြင်းများ ကြုံတွေ့နေရပါကြောင်း၊ သို့ဖြစ်ပါ၍ ဝယ်ယူသူများမှ ယခုကဲ့သို့ လိမ်လည်လှည့်ဖျားမှုများ မခံရစေရန်အတွက် မိမိမှာယူအသုံးပြုမည့် Online Shopping သည် လူသိများသော Website၊  ခိုင်မာသော Page များ ဟုတ်/မဟုတ်၊  အသုံးပြုသည့်သက်တမ်းကြာမြင့်ခြင်း ရှိ/မရှိ၊ ၎င်းတို့ Page တွင် တင်ထားသော Post များ update ဖြစ်ခြင်း ရှိ/မရှိ၊ တင်ထားသော Post အောက်တွင် အသုံးပြုသော Follower များ၏ Like၊ Comment များနှင့် review ကောင်းများ ရှိ/မရှိ၊ မိမိ ရောင်းချသည့် ကုန်စည်နှင့်ပတ်သက်၍ အာမခံ ပေးနိုင်ခြင်း ရှိ/မရှိ၊ Page တွင် တင်ထားသော လိပ်စာများသည် မြေပြင်တွင် အမှန်တကယ် ရှိ/မရှိ စသည့်အချက်များကို လေ့လာပြီး မိမိတို့ စိတ်ကျေနပ်မှု ရရှိမှသာ ဝယ်ယူကြရန် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)