Main menu

မိုးရာသီနှင့်မှို

Powered by Drupal
Mon, 06/19/2023 - 15:06 -- consumer_admin

         “ တစ်နှစ်တစ်ခါပေါ်လို့လာ ငါသာမင်းလောင်းထီးဖြူဆောင်း” ဆိုသည့် ဆိုရိုးစကားနှင့်အညီ မိုးဦးရာသီ ဇွန်လသို့ရောက်ရှိလာသဖြင့် ရှမ်းပြည်နယ်အတွင်းရှိ ကလော၊ အောင်ပန်း၊ ဟိုပုံး၊ ပင်းတယ၊ ရွာငံ စသည့် ရှမ်းပြည်နယ်ဒေသအနှံအပြားတွင် သဘာဝအလျောက် ပေါက်ရောက်သော စားစရာ မှို (ဒေသအခေါ်မှိုဦးညိုများ၊ ငှက်ဆွတ်မှို၊  တောင်ပို့မှိုများ၊ ဇကောမှိုများ) ပေါက်ရောက်လျက်ရှိပြီး ဒေသခံများက ၎င်းမှိုများပေါက်ရောက်ချိန်တွင်လိုက်လံရှာဖွေကြပြီး ရာသီစာအဖြစ်ကန်စွန်းရွက်၊ ဟင်းရွက်ရောရာဖြင့် မှိုရှိအဆိပ်အတောက်များပြယ်အောင် ဟင်းချက်စားသောက်ကြပါသည်။  ပိုလျှံသော မှိုများကို နီးစပ်ရာဒေသများရှိ ငါးရက်တစ်ဈေး (ဈေးနေ့) များတွင်  ရောင်းချလျက်ပြီး ဈေးနှုန်းအားဖြင့် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်အထိ မှို၏အရွယ် အစားလတ်ဆတ်မှုအပေါ်မူတည်၍ဈေးကွာခြားလျက်ရှိကြောင်းသိရှိရပြီး မှို၏လတ်ဆတ်မှုကို တိုင်းတာမည်ဆိုပါကမှိုပေါ်သို့ ဆားအနည်းငယ်ဖြူးကြည့်ပါ။ မည်းသွားပါကမစားရပါ၊ မှိုကိုလက်ဖြင့် ဖျစ်ကြည့်ပါက သွေးရောင်ပြောင်းသွားပါကမစားရပါ၊ ဓါးဖြင့်ဖြတ်လိုက်ပါက ပြာနှမ်းသွားလျှင်မစားရပါ၊ အထူးသဖြင့် ခြေချင်းပါသောမှိုများသည် မစားသင့်ပါကြောင်းနှင့် မှိုစားပြီးနောက် ကြက်ဟင်းခါးသီး၊ ခံသီး၊ ငှက်ပျောသီး၊ နို့အမျိုးမျိုး၊ ဖောင်စီးဂဏန်း၊ ယုန်သား စသည်များ လုံးဝမစားသင့်ကြောင်း၊ မီးဖွားပြီးစအမျိုးသမီးများအနေဖြင့် မှိုတစ်နှစ် မျှစ်သုံးလ ဆိုသည့် အတိုင်း မီးဖွားပြီးသည့်နောက် မျှစ် (၃) လ ၊ မှို (၁) နှစ် မစားသင့်ကြောင်း ၊ နှာပိတ်၊ နှာမွှန်ရောဂါ၊ နား၊ မျက်စိ၊ ခေါင်းကိုက်ရောဂါ ၊ ခေါင်းဦးရေကျိမ်းသောရောဂါရှိသူများလည်းမှိုမစားသင့်ကြောင်း နှင့် စားမိ၍ မှိုဆိပ်တက်၍ တောက်ပါက ထန်းလျက်စားပေးပါ၊ သံပရာရည်ကို လျက်ပေးပါ၊ မိုနတိုရွက် စိမ်းရည်ကို သောက်ပါ၊ မရိုး ခေါ် ဖြူကြီးအခေါက်တစ်မတ်သားခန့်သွေး၍ သောက်ပါ၊ ကျီးအာမြစ်ကို ဆားနှင့်သွေး၍ လျှာကိုပွတ်ပေးပါကအစာများ ပြန်အန်ကျလာပါမည် ဖြစ်ကြောင်းနှင့်ထန်းလျက် ပြုတ်ရည်ပူပူနွေးနွေးသောက်ပါကလည်း မှိုတောက်ခြင်းအဆိပ်ဖြစ်ခြင်းအန္တရာယ်မှ ကာကွယ်နိုင်ကြောင်း သိရှိရပါသည်။

         မှို အမျိုးအစားအများအပြားရှိသည့်အနက် ကောက်ရိုးမှို၊ မှိုကြက်တောင်၊ ငှက်ပျောမှို၊ တောင်ပို့မှို(ခြေတို၊ ခြေရှည်)၊ ဖက်ဆွတ်မှို(မှိုဖြူလေး)၊ ကြက်တူရွေးမှို၊ မှိုသားပိုက်၊ မှိုဆန်ကွဲ၊ မှိုကျောက်ခဲ၊ မှိုခြေတံရှည်၊ မှိုနီ၊ မှိုပြင်းတွဲ၊ မှိုဖြူ၊ မှိုအုန်းနက်(မှို၏ထိပ်တွင်နက်သော အကွက်လေးရှိသည်)၊ မြက်ကြားမှို၊ သပြေမှို၊ မြေပဲမှို၊ ဝါးမှို၊ ကိုင်းမှို၊ အင်မှို၊ ဆင်ခြေသည်းမှိုနှင့် သရက်မှို (မှိုခြောက်များပြုလုပ်သည်) စသောမှိုများသည် စားကောင်းသောမှိုများဖြစ်ပြီး ကြက်ခူမှို၊မှိုကွန်ခြာ၊ခွေးလေးမှိုနှင့်နွားခြေးမှိုတို့သည် မစားကောင်းသောမှိုများဖြစ်ကြောင်းနှင့်အချို့မှိုများမှာ စားကောင်းသောမှိုဖြစ်သော်လည်း အဆိပ်သင့်စေတတ်သဖြင့်စမ်းသပ်ပြီးမှ စားသုံးသင့်ကြောင်း၊  ဝါးရုံနက်(သို့မဟုတ်) ကြခတ်ဝါးရုံ၏ပင်ခြေ၌ပေါက်လေ့ရှိသော ပန်းရင့်ရောင်မှိုများကိုဖဲ့ယူပြီး ရေစင်အောင်ဆေး၍ ထန်းလျက်(သို့)ပျားရည်ဖြင့် သေးငယ်သောအလုံးလေးများပြုလုပ်ပြီး ကလေးငယ်များကိုကျွေးပါက နောက်တစ်နေ့ဝမ်းသွားသောအခါတွင် ဝမ်းတွင်းရှိ သန်လုံး၊ သန်ပြားနှင့်တုတ်ကောက်များ အထွေးလိုက်ကျဆင်းကြောင်းနှင့် မှိုကို သံထည်ပစ္စည်းတို့နှင့် လုံးဝမထိရန်သတိပြုသင့်ကြောင်း  မှိုကြိုက်နှစ်သက်သူများအတွက် အသိပညာပေး ဖော်ပြရေးသား တင်ပြအပ်ပါသည်။

DOCA(ရှမ်း)