Main menu

ကုန်သွယ်မှုကဏ္ဍတိုးတက်ရန် စံချိန်စံညွှန်းကို အခြေခံရန်လိုအပ်

Powered by Drupal
Mon, 06/19/2023 - 15:17 -- consumer_admin

  မြန်မာနိုင်ငံတွင် လူဦးရေမြင့်တက်လာသည်နှင့်အမျှ အစားအစာလိုအပ်ချက်များမြင့်မားလာပြီး အစားအစာကုန်သွယ်မှုဈေးကွက်များလည်း မြင့်တက်လျက်ရှိပါသည်။ လူများ၏စားသောက်နေထိုင်မှုပုံစံ၊ အပြုအမူများလည်းပြောင်းလဲလာပြီး အသီးအနှံ၊ အသားငါးနှင့် စိုက်ပျိုးသီးနှံများကိုလည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စိုက်ပျိုးမှု၊ မွေးမြူမှု အလေ့အကျင့်ကောင်းများကို ပြောင်းလဲကျင့်သုံးလာကြပါသည်။ အစားအစာများတွင် မမြင်နိုင်သည့် ဘေးအန္တရာယ်ဖြစ်စေသောအဏုဇီဝပိုးမွှားများ၊ အင်းဆက်ပိုးကောင်များ၊ ဓာတုဆေးကြွင်းအစိတ်အပိုင်းငယ်လေးများပါဝင်နိုင်ပါသည်။ ထို့ကြောင့် စိုက်ပျိုးထုတ်လုပ်မှု၊ ပြုပြင်ပြောင်းလဲထုတ်လုပ်မှု၊ ဖြန့်ဖြူးမှုအဆင့်တိုင်းအား စံချိန်စံညွှန်းဖြင့် လိုက်လျောညီထွေစွာဆောင်ရွက်ရမည်ဖြစ်ပါသည်။

  စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုသည်မှာ လုပ်ကိုင်ဆောင်ရွက်မည့်ကိစ္စတစ်ခုတွင် ထုတ်လုပ်သူများနှင့် စားသုံးသူများ၏အကျိုးကိုမျှော်ကိုး၍ လက်တွေ့အသုံးဝင်မှု အခြေအနေနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးလိုအပ်ချက်များကို ထည့်သွင်းစဉ်းစားပြီး စီးပွား‌ရေးတိုးတက်မြင့်မားလာစေရန်အတွက် သက်ဆိုင်ရာကျွမ်းကျင်သူများစုပေါင်းပါဝင်ကာ ကုန်ကြမ်းပစ္စည်းများ၊ ကုန်ချောပစ္စည်းများ၊ ထုတ်လုပ်မှုနည်းစဉ်များ၊ ဝန်ဆောင်မှုလုပ်ငန်းများသည် မျှော်မှန်းချက်နှင့်ကိုက်ညီမှုရှိစေရန် စည်းကမ်းသတ်မှတ်ချက်များ၊ လမ်းညွှန်မှုများ (သို့မဟုတ်) အ‌ရည်အသွေးဂုဏ်အင်္ဂါရပ်အဓိပ္ပါယ်သတ်မှတ်ချက်များ၊ တညီတညွတ်တည်းအသုံးပြုနိုင်စေရန် နည်းပညာဆိုင်ရာစံချိန်စံညွှန်းများ (သို့မဟုတ်) တိကျသောစံနှုန်းသတ်မှတ်ချက်များပါဝင်သည့် အများသဘောတူထားသောမှတ်တမ်းများဖြစ်ပါသည်။

  အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုကဏ္ဍတွင် နည်းပညာဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့် စံချိန်စံညွှန်းများ၊ အရည်အသွေးကိုက်ညီမှု၊ စစ်ဆေးနည်းကွဲပြားခြားနားခြင်း စသည်တို့တွင် အခက်အခဲများမဖြစ်ပေါ်စေရန်အတွက် စံချိန်စံညွှန်းနှင့် အရည်အသွေးသည် မရှိမဖြစ် အရေးပါသောအချက်များပင်ဖြစ်ပါသည်။ နည်းပညာဆိုင်ရာစည်းမျဉ်းစည်းကမ်း၊ သန့်ရှင်းမှု၊ ပိုးမွှားရောဂါကင်းစင်မှု၊ စံချိန်စံညွှန်း၊ စမ်းသပ်စစ်ဆေးမှု၊ စစ်ဆေးခြင်း၊ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း၊ ထုပ်ပိုးမှု၊ အညွှန်းအမှတ်အသားပါဝင်မှုနှင့် အခြားလိုအပ်ချက်များသည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုကဏ္ဍတွင် (Technical Barriers) TBT နည်းပညာပိုင်းဆိုင်ရာအတားအဆီးများပင်ဖြစ်ပါသည်။

     စံချိန်စံညွှန်းအဖွဲ့အစည်းများတွင် နိုင်ငံတကာအဆင့် (International Level)၊ ဒေသတွင်းအဆင့်(Regional Level)၊ နိုင်ငံတော်အဆင့် (National Level)၊ ဒေသတစ်ခု၏ ပုဂ္ဂလိကဆိုင်ရာအဖွဲ့အစည်းအဆင့် (Company Level) တို့ပါဝင်ပါသည်။ ISO  (International Standard Organization) ကို ၁၉၇၅ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့အစည်း၏ရည်မှန်းချက်မှာ ကမ္ဘာ့စံချိန်စံညွှန်းများနှင့် ISO  ဆက်နွှယ်နေသောလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးတိုးမြှင့်ဆောင်ရွက်ရန်၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများလွယ်ကူချောမွေ့စွာဆောင်ရွက်ရန်၊ တွေးခေါ်ဆင်ခြင်မှု၊ သိပ္ပံနည်းပညာနှင့် စီးပွားရေးလုပ်ငန်းနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်စေရန်တို့ပင်ဖြစ်ပါသည်။

ISO သည် လျှပ်စစ်နည်းပညာဘာသာရပ်မှလွဲ၍ အခြားထုတ်ကုန်ပစ္စည်းအားလုံး၏စံချိန်စံညွှန်းများကို သတ်မှတ်ပြဋ္ဌာန်းထားပါသည်။ လျှပ်စစ်နည်းပညာဘာသာရပ်ဆိုင်ရာစံချိန်စံညွှန်းများကို IEC (ခေါ်) အပြည်ပြည်ဆိုင်ရာလျှပ်စစ်ကော်မရှင်က သတ်မှတ်ဆောင်ရွက်လျက်ရှိပါသည်။ အရည်အသွေးဆိုသည်မှာ ဖောက်သည်များ၏မျှော်လင့်ချက်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်ဖြစ်ပါသည်။ စားသုံးသူများ၏ကျေနပ်မှုကို ဖြည့်ဆည်းပေးခြင်းဖြစ်ပါသည်။ အရည်အသွေးသည် အားလုံးနှင့်ဆက်စပ်လျက်ရှိပါသည်။ ထုတ်ကုန်ပစ္စည်းများကို တညီတညွတ်တည်း၊ တစိတ်တည်း၊ တဝမ်းတည်းဖြစ်စေရန် စီမံဆုံးဖြတ်ဆောင်ရွက်ပေးရန်လိုအပ်လာပါသည်။ အရည်အသွေး၏လိုအပ်ချက်များသည် အစဉ်အမြဲဖြစ်ပေါ်ပြောင်းလဲနေပြီး ထိုအရည်အသွေးကို သတ်မှတ်ရန်နှင့် တိုင်းတာရန်အတွက် နည်းလမ်းသစ်များဖြင့် စူးစမ်းမှု၊ ဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆက်လုပ်နေရမည်ဖြစ်ပါသည်။

   Management System တွင် ထုတ်ကုန်ပစ္စည်းများ၏အရည်အသွေး၊ ပတ်ဝန်းကျင်ဖြစ်တည်မှု၊ အလုပ်သမားများကျန်းမာရေးနှင့် လုံခြုံရေး၊ သတင်းအချက်အလက်လုံခြုံရေး၊ အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံစိတ်ချရေး၊ လူမှုအဖွဲ့အစည်းအပေါ် တာဝန်ခံခြင်းတို့ဖြစ်ပါသည်။ အရည်အသွေးအာမခံချက်ဆိုသည်မှာ ရည်မှန်းချက်များသေချာအောင် အစီအစဉ်တကျဖွဲ့စည်းဆောင်ရွက်ခြင်းများကို ပေါင်းစပ်ထားသည်သည့်လုပ်ငန်းစဉ်များဖြစ်ပါသည်။ စားသုံးသူများရည်ရွယ်ထားသည့် လိုအပ်သောအရည်သွေးပြည့်မီသည့်ထုတ်ကုန်များဖြစ်ရန် စီမံဆောင်ရွက်ပေးသည့်လုပ်ငန်းစဉ်များကိုခေါ်သည်။ GMP ( Good Manufacturing Product) ကုန်ပစ္စည်း၏အရည်အသွေးအာမခံချက်‌ပေးသည့် အခန်းကဏ္ဍ၏အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရည်ရွယ်ချက်မှာ ထုတ်ကုန်ကိုထုတ်လုပ်သည့်အခါ သတ်မှတ်သည့်စံချိန်စံညွှန်းများအတိုင်း ကိုက်ညီမှုရှိအောင် ထုတ်လုပ်သည့်အလေ့အကျင့်ကောင်းကိုဆိုလိုပါသည်။

    QC (Quality Control) ဆိုသည်မှာ GMP ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ထုတ်ကုန်နမူနာယူကာ ပါဝင်ဖွဲ့စည်းထားသည့်စံများ၊ ထုတ်လုပ်မှုဖြစ်စဉ်၏ အထောက်အထားများကိုကြည့်ပြီး မကောင်းသည့်အချက်များတွေ့ပါက မည်သည့်အတွက်ကြောင့်မကောင်းသလဲဟုဆန်းစစ်ကာ သေချာမှ ထုတ်ကုန်များကိုတင်ပို့ပြီး ပြန်လည်ပြင်ဆင်သည့်လုပ်ငန်းစဉ်ဖြစ်ပါသည်။

   စံချိန်စံညွှန်းနှင့် အရည်အသွေးကိုက်ညီမှုရှိသည့် ဆန်းစစ်ခြင်းဆိုသည်မှာ ထုတ်ကုန်ပစ္စည်းထုတ်လုပ်မှုနည်းစနစ်တွင်ပါဝင်သောပုဂ္ဂိုလ် စသည်တို့၏ သတ်မှတ်ထားသောအရည်အချင်းများပြီးပြည့်စုံကြောင်းရှိ/မရှိကိုဆန်းစစ်မှုပင်ဖြစ်ပါသည်။ ဆန်းစစ်မှုတွင် နမူနာကောက်ယူခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းတို့ပါဝင်မှုရှိ/မရှိစစ်ဆေးခြင်း၊ ကုန်ပစ္စည်းပေးသွင်းသူနှင့်ဝယ်ယူသူ၊  ဝန်ဆောင်မှုပေးသူနှင့် လက်ခံသူနှစ်ဦးကြားတွင် ဘက်မလိုက်သောကုန်စည်ကူးသန်းရောင်းဝယ်မှုနှင့်မဆိုင်သည့် ကြားခံအဖွဲ့အစည်းက  သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံမှုရှိ/မရှိနှင့် အာမခံချက်ရှိ/မရှိတို့အား ဆန်းစစ်မှုပြုလုပ်ခြင်းကို စံချိန်စံညွှန်းနှင့် အရည်အသွေးကိုက်ညီမှုရှိသည့်ဆန်းစစ်ခြင်း ဟုခေါ်ပါသည်။

  စီးပွားရေးတွက်ချေကိုက်ရန်နှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်ရန် ငွေ (Money), အရည်အသွေး (Quality), အချိန် (Time) စသည့် (၃) ခုကို ဟန်ချက်ညီထိန်းကျောင်းရန်လိုအပ်ပါသည်။ ကုန်သွယ်မှုဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများဖြစ်သည့် ပြည်တွင်း၌ထွက်ရှိသည့် လယ်ယာထွက်ကုန်သီးနှံများကို အရည်အသွေးပြည့်မီစွာ နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်နိုင်ရေး၊ ကုန်ကြမ်းအတိုင်းသာမက Value Added ထုတ်ကုန်များတိုးတက်ထုတ်လုပ်နိုင်ရေး၊ ပြည်ပသွင်းကုန်အစားထိုးသီးနှံများကို တိုးမြှင့်စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချရေး၊ ဈေးကွက်ဝင်စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပို့ကုန်ထုတ်လုပ်မှုကိုအားပေး၍ ကုန်ထုတ်လုပ်မှုများတိုးတက်စေရေးနှင့် တန်ဖိုးမြှင့်ပို့ကုန်များအဖြစ် အဆင့်မြှင့်တင်၍ တင်ပို့နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးကိုအခြေခံပြီး ကုန်ထုတ်လုပ်ငန်းများတိုးတက်လာစေရန်၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများကိုမြှင့်တင်ပေးပြီး ကုန်ထုတ်လုပ်ငန်းများတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ နိုင်ငံ့စီးပွား မြင့်မားတိုးတက်လာရန်၊ ဖွံ့ဖြိုးတိုးတက်ရန် စသည့်အခက်အခဲစိန်ခေါ်မှုတို့ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် တစ်ထောင့်တစ်နေရာမှ ကူညီပံ့ပိုးဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ရန်ကုန်)