Main menu

ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရေးနည်းပညာဆိုင်ရာကျွမ်းကျင်မှု သင်တန်းဖွင့်လှစ်ခြင်း

Powered by Drupal

 ရန်ကုန် (၁၉-၆-၂၀၂၃)

            စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဆန်စပါး ကြိတ်ခွဲထုတ်လုပ်ရေးနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာရှိ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (CTQM)၊ သင်တန်းခန်းမ၌ ကျင်းပခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ပါသည်။

            သင်တန်းဖွင့်ပွဲအခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က ယင်းသင်တန်းကို ဆန်စပါးစိုက်ပျိုးထုတ်လုပ်၊ ကြိတ်ခွဲ၊ သိုလှောင်၊ တင်ပို့ရောင်းချခြင်း တန်ဖိုးကွင်းဆက်လုပ်ငန်းစဉ်တစ်လျှောက်တွင် ပါဝင်ဆောင်ရွက်မည့်သူများ အထူးသဖြင့် ဆန်စက်အင်ဂျင်နီယာများ၊ ဆန်စက်ကိုင်တွယ်မောင်းနှင်သူများ၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဆန်စက်အခြေခံနည်းပညာများနှင့် ခေတ်မီဆန်စက်နည်းပညာများအား လက်ဆင့်ကမ်းမျှဝေနိုင်‌စေရေး၊ ရိတ်သိမ်းချိန်လွန်ကဏ္ဍမှာ ဆန်အရည်အသွေးနှင့်ပတ်သက်ပြီး ကြုံတွေ့နေရသည့် ပြဿနာများကို ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းနိုင်စေရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင် ဆန်စပါးမျိုး ကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ခြင်းနည်းပညာများ၊ ဆန်စပါးရိတ်သိမ်းချိန်လွန်နည်းပညာများ၊ ဆန်အရောင်တင်ခြင်းနှင့်အရောင်ရွေးခြင်း နည်းပညာများ၊ ပေါင်းဆန်ထုတ်လုပ်ခြင်း နည်းပညာများ၊ ဖွဲနုဆီထုတ်လုပ်ခြင်းနည်းပညာများ၊ ခေတ်မီဆန်စက်များကိုင်တွယ်မောင်းနှင်ခြင်း၊ ထုတ်လုပ်မှုအလေ့အကျင့်ကောင်းများနှင့် မြန်မာ့ဆန်စပါးတို့၏ စံချိန်စံညွှန်းအရည်အသွေးသတ်မှတ်ချက်များစသည်တို့နှင့်သက်ဆိုင်သည့် ဘာသာရပ်များကို ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနစုတွင် စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့အပြင် စက်မှုဝန်ကြီးဌာန၊ အမှတ် (၁)၊ စက်မှုသင်တန်းကျောင်း (ဆင်တဲ) တွင်လည်း လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ်မော်တာမောင်းနှင်ခြင်း၊ ပြစ်ချက်ရှာဖွေခြင်း၊ လျှပ်စစ်တိုင်းတာရေးကိရိယာများ၊ မီတာများကိုင်တွယ်အသုံးပြုခြင်း၊ စက်ရုံအလုပ်ရုံသုံး ဘွိုင်လာနည်းပညာများနှင့် အခြေခံဂဟေဆက်နည်းပညာအစရှိသည့် ဘာသာရပ်များကိုလည်း သင်ကြားပို့ချသွားမည်ဖြစ်ပြီး ရွှေဝါရောင်ဆန်စက်၊ ညောင်တုန်းမြို့နယ်တွင်လည်း သွားရောက်လေ့လာမည်ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းသို့ စုစုပေါင်းသင်တန်းသားသင်တန်းသူ (၄၂) ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။

ITQM