Main menu

တောင်ငူခရိုင်တွင် ဆန်အခြေခံစားသောက်ကုန်ထုတ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

     နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဆန်အခြေခံ စားသောက်ကုန်များနှင့် ပဲအခြေခံစားသောက်ကုန်များကို ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့ရှိ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ တောင်ငူ ခရိုင်မှ ဆန်အခြေခံ စားသောက်ကုန်ထုတ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့် အညီ MSMEs စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆန်အခြေခံစားသောက်ကုန် များဖြစ်သော မုန့်ဖတ်ခြောက်များနှင့် ပဲအခြေခံစားသောက်ကုန်များဖြစ်သော ပဲကြာဇံများအား ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရန်အတွက် ဈေးကွက်ရှာဖွေဖော်ဆောင်ပေးမည် ဖြစ်ပါကြောင်း၊ လက်ရှိထုပ်ပိုးမှု Packing စနစ်မှ သပ်ရပ်လှပသည့် အဆင့်မြင့်ထုပ်ပိုးမှု Packing စနစ်သို့ ပြောင်းလဲရန် လိုအပ်ပါကြောင်း၊ ဈေးကွက်ပိုမိုရရှိလာပါက ထုတ်လုပ်မှု အဆင့်မြှင့်တင်ရန်အတွက် လျှပ်စစ်မီး ပြတ်တောက်ချိန်တွင် မီးစက်၊ Gasifier စသည် တို့ဖြင့် လည်ပတ်နိုင်ရန် လိုအပ်ပါကြောင်း၊ ဈေးကွက်သို့တင်ပို့ရာတွင် ဘေးဥပဒ်အန္တရာယ် ကင်းရှင်း သော ကုန်စည်များဖြစ်စေရန်အတွက် FDA ထောက်ခံချက် ရရှိနိုင်ရေးကို ကူညီချိတ်ဆက် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ မုန့်ဖတ်ခြောက်လုပ်ငန်းရှင်များအနေဖြင့် လျှပ်စစ်မီး ပုံမှန်ရရှိ စေရန်အတွက် သီးခြားစက်မှုဇုန်သို့ ပြောင်းရွှေ့လိုသည့် လုပ်ငန်းရှင်များနှင့် Gasifier တပ်ဆင်လို သည့် လုပ်ငန်းရှင်များဟူ၍ (၂)မျိုးခွဲ၍ တင်ပြစေလိုပါကြောင်း၊ Gasifier တပ်ဆင်လိုပါက ချေးငွေအများဆုံး ကျပ်သိန်း ၅၀၀ အထိ ရရှိနိုင်အောင် ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားပါသည်။

      မုန့်ဖတ်ခြောက်လုပ်ငန်းရှင်များက ပြည်တွင်းဈေးကွက်အပြင် ပြည်ပဈေးကွက် ရရှိအောင် ကူညီပေးမည်ဟု သိရသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ပြည်ပဈေးကွက်ရရှိခဲ့ပါက ကုန်ချောပိုမိုထုတ်လုပ်ရမည် ဖြစ်ပါကြောင်း၊ လက်ရှိတွင် ကုန်ကြမ်းဆန်အမာများဖြစ်သော ဗျော့ထွန်း၊ ဆင်းသုခ စသည်တို့ကို လိုသလောက်ဝယ်ယူနိုင်ရန် အနည်းငယ်အခက်အခဲရှိပါကြောင်း၊ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်မည်ဆိုပါက ပုံမှန်သားရေကွင်းစည်း ထုပ်ပိုးမှုစနစ်မှ အိတ်ပိတ်စက်ဖြင့် အဆင့်မြင့်ထုပ်ပိုးမှုဖြစ်အောင် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ MSMEs ချေးငွေလျှောက်ထားသည့် မုန့်ဖတ်ခြောက်လုပ်ငန်းရှင်များ ချေးငွေရရှိ၍ လုပ်ငန်းအတွက် အထိုက်အလျောက်အကျိုးရှိသဖြင့် ကျေးဇူးတင်ပါကြောင်း၊ နောက်ထပ် ချေးငွေများရရှိအောင် ထပ်မံ၍ ကူညီဆောင်ရွက်ပေးစေလိုပါကြောင်းစသည်ဖြင့် ဆွေးနွေးတင်ပြခဲ့ပါကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တောင်ငူခရိုင်မှ မုန့်ဖတ် ခြောက်လုပ်ငန်းရှင် (၇)ဦးတက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)