စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ လုံခြုံစိတ်ချမှုရှိစေရန် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို စဉ်ဆက်မပြတ် တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။ (၉.၆.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှ (၁၂:၃၀)နာရီအထိ မကွေးမြို့ပေါ်ရှိ စားသောက်ကုန်၊ အလှကုန်နှင့် ဆေးဆိုင်များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ စစ်ဆေးရာ၌ စျေးကွက်အတွင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်/ သုံးစွဲရန်မသင့် တားမြစ်ထားသော ကုန်စည်များ သက်တမ်းလွန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြမထားသော ကုန်စည်များနှင့် တရားမဝင်တင်သွင်းလာသော ကုန်စည်များ ရောင်းချမှုမရှိစေရေး စစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းမှ စားသောက်ကုန်၊ အလှကုန်နှင့် ဆေးဆိုင်များရှိ အရောင်းဝန်ထမ်းများအား မိမိတို့တာဝန်ယူထားသည့် ကောင်တာအလိုက်/ ကုန်ပစ္စည်းအလိုက် ကုန်အညွှန်းအမှတ်အသားအလိုက် ပြည့်စုံစွာ ဖော်ပြမထားသော ကုန်ပစ္စည်းများ၊ သက်တမ်းလွန်နေသော ကုန်စည်များ မရှိစေရေး အထူးသတိထား ဆောင်ရွက်ပေးရန်နှင့် ကုန်အညွှန်း အမှတ်အသားမပြည့်စုံသည့် ဒေသတွင်းထုတ် ကုန်စည်လုပ်ငန်းရှင်များအား စားသုံးသူရေးရာဦးစီးဌာန သို့ ချိတ်ဆက်ပေးပါရန် အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)