စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ချောက်ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများသည် (၉.၆.၂၀၂၃) ရက်နေ့၊ (၁၃:၃၀)နာရီတွင် မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာ၊ ကိုးပင်လမ်းဆုံ၌ ထုတ်လုပ်သော ရွှေစတား အမှတ်တံဆိပ် ဆိတ်သားခြောက် လုပ်ငန်းရှင် ဒေါ်တင်နီလာကြိုင်အား မကွေးခရိုင်ဦးစီးမှူးရုံးသို့ ခေါ်ယူတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြရမည့် အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
ရွှေစတားအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သော ဆိတ်သားခြောက်အတွက် ဒေသတွင်းမွေးမြူထား သော ဆိတ်များအား ကုန်ကြမ်းအဖြစ် သုံးစွဲပြီး မိသားစု တစ်ပိုင်တစ်နိုင် လုပ်ငန်းသာဖြစ်ပြီး ထုတ်လုပ်သော ဆိတ်သားခြောက်များကို မကွေးမြို့၊ သစ်ရာကောက်ကျေးရွာ၊ ကိုးပင်လမ်းဆုံနှင့် မကွေးမြို့ပေါ်ရှိ ကောင်းမွန်အရောင်းစင်တာ၊ Magway Shopping Mall ၊ ရွှေကောင်း ကုန်မျိုးစုံအရောင်းဆိုင်နှင့် စတိုးဆိုင်များ၌ ဆိုင်တင်ရောင်းချကြောင်း လေ့လာသိရှိရပါသည်။
ခရိုင်ဦးစီးမှူးမှ စားသုံးသူပြည်သူများ လုံခြုံစိတ်ချစွာ၊ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အရန်သင့် အစားအစာအမျိုးမျိုး၌ မြန်မာစာဖြင့် ထည့်သွင်းဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံ၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်၊ ထုတ်လုပ်သူ၏ လိပ်စာ၊ ဖုန်းနံပါတ်များကို ထည့်သွင်းဖော်ပြပေးရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)