Main menu

ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ မိုးဦးရာသီတွင် ပဲစဉ်းငုံသီးနှံများ တိုးချဲ့စိုက်ပျိုး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် မိုးရာသီကာလ၌ ကုန်းတွင်းပိုင်း ယာမြေများတွင် နှစ်စဉ် မြေပဲ၊ နှမ်း၊ ပဲစဉ်းငုံ၊ ပဲတီစိမ်းနှင့် ပဲလွန်းသီးနှံများ စိုက်ပျိုးကြပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စိုက်ဧက(၃၀၀၀)ခန့် စိုက်ပျိုးကြောင်း၊ တစ်နှစ်လျှင် တစ်ရာသီသာ မိုးသီးနှံ အဖြစ် စိုက်ပျိုးပြီး စိုက်ပျိုး ချိန်မှ ရိတ်သိမ်းချိန်အထိ သက်တမ်း(၆)လခန့် ကြာမြင့်ကြောင်း၊ ယခုနှစ် မိုးဦးကာလ ဇွန်လတွင် ပဲစဉ်းငုံသီးနှံများ လှိုင်လှိုင်စိုက်ပျိုးလျက်ရှိကြောင်း ဒေသခံတောင်သူများမှ တစ်ဆင့်သိရှိရသည်။

   သီးနှံစိုက်ပျိုးမှုအခြေအနေအားသိရှိရန် ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက်ရှိ ပဲစဉ်းငုံစိုက် တောင်သူဦးမြင့်မောင်နှင့် ဆက်သွယ်မေးမြန်းခဲ့ရာ ကုန်းယာမြေ စိုက်ခင်း(၁၀)ဧကခန့်ရှိကြောင်း၊ နှစ်စဉ် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ပဲလွန်းသီးနှံတို့ကို စိုက်ပျိုးပြီး မြေပဲသီးနှံကို အဓိကထား စိုက်ပျိုးကြောင်း၊ ရာသီဥတုမမှန်ခြင်းကြောင့် မြေပဲစိုက်ပျိုးကုန်ကျစရိတ်များပြီး အကျိုးအမြတ်နည်း၍ မြေပဲစိုက်ဧက လျော့နည်းပြီး စိုက်ပျိုးကြောင်း၊ ယခုနှစ်တွင် ဈေးကွက်ခိုင်မာပြီး အကျိုးအမြတ် များစွာရရှိနေသော ပဲစဉ်းငုံသီးနှံကို (၇)ဧကခန့် တိုးချဲ့စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။

   စိုက်ပျိုးရာတွင် ပင်ကြားတန်းကြား ၃ပေအကွာ ဖြူးချစနစ်ဖြင့် စိုက်ပျိုးပြီး တစ်ဧက မျိုးစေ့ (၅)ပြည်ခန့် ကုန်ကျကြောင်း၊ ပဲစဉ်းငုံ(အနီ)မျိုးကို တောင်သူအများ စိုက်ပျိုးကြောင်း၊ ကြားမြောင်းများတွင် မြေမလှစ်ဟာစေရန်အတွက် သီးညှပ်အဖြစ် ပဲလွန်းဖြူ သီးနှံကို စိုက်ပျိုးပြီး တစ်ဧက (၆)ပြည်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က ကုန်းယာမြေစိုက်တောင်သူများသည် ပဲစဉ်းငုံသီးနှံကို သီးညှပ်အဖြစ် အနည်းငယ်သာစိုက်ပျိုးကြပြီး သွင်းအားစုသုံးစွဲမှုနည်းပြီး စိုက်ပင်ပြုစုမှုနည်း၍  အထွက်နှုန်းနည်းကြောင်း၊ ယခုနှစ်တွင် စိုက်တောင်သူများသည် ယာမြေများတွင် ဆီထွက်သီးနှံ မြေပဲနှင့် နှမ်းစိုက်ဧကများအစား ပဲစဉ်းငုံသီးနှံကို တိုးချဲ့ စိုက်ပျိုးပြီး သွင်းအားစုများ သုံးစွဲ၍ အဓိက သီးနှံအဖြစ် ဖြစ်ထွန်းအောင်မြင်အောင် စနစ်တကျစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

    ပဲစဉ်းငုံသီးနှံစိုက်ပျိုးခြင်းဖြင့် စိုက်တောင်သူများသည် စိုက်ပျိုးရလွယ်ကူပြီး ကုန်ကျစရိတ်နည်း၍ အလွယ်တကူရရှိသော ပဲစဉ်းငုံသီးနှံသည် ပြည်တွင်းစားသုံးမှုနည်းပါးသော်လည်း ပြည်ပ ဝယ်လိုအားကောင်းပြီး ဈေးကွက်ခိုင်မာမှုရှိ၍ အကျိုးအမြတ်များစွာရရှိခြင်းကြောင့် စိုက်တောင်သူ အများစုသည် ပဲစဉ်းငုံသီးနှံကို ယခင်နှစ်များထက် တိုးချဲ့၍ ယာမြေများတွင် စိုက်ပျိုးလျက်ရှိကြောင်း၊ မိုးဦးကာလဇူလိုင်လတွင် ဆီထွက်သီးနှံမြေပဲ စိုက်ပျိုးရန်အတွက် ယာမြေများ ပြုပြင်ဆောင်ရွက်ပြီးဖြစ်ကြောင်း ဒေသခံတောင်သူမှ တစ်ဆင့် သိရှိရပါသည်။

DOCA(မကွေး)