မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ကြွယ်ဝစေရန် မူးယစ်ဆေးဝါးအန္တရာယ်နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိစေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲကို (၁၄.၆.၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ အချိန်တွင် အမှတ် (၃)၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်ချိုဝေလွင် (ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။
အဆိုပါအသိပညာပေးဟောပြောပွဲအခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “ရှောင်လေဝေးဝေး မူးယစ်ဆေး” ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများကို လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစောမြဖောင်းက “ဆရာနှင့်ကျောင်းသား လက်တွဲလို့ သဘာဝဘေးကို အံတုစို့” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ဦးစီးမှူးဒေါ်ချိုဝေလွင်က “ကုန်အညွှန်းအမှတ်အသားအကြောင်း သိကောင်းစရာများ” ကိုလည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တာဝန်ခံဦးစီးမှူး ဒေါ်ဆုဆုဇင်က “ရာသီဥတုပြောင်းလဲမှုနှင့် ကျွန်ုပ်တို့၏ လူနေမှုဘဝ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများအား အ.လ.က (၃) ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်ခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေး ရာဦးစီးဌာနမှ စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များကိုလည်းကောင်း၊ မြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်းကောင်း ဟောပြောပွဲတက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများအား ဌာနအလိုက် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)