Main menu

ကဉ္ဇနကျွန်းသာ ကုမ္ပဏီလီမီတက်၏ ၂၀၂၃-၂၀၂၄ မိုးစပါး (ကန်ထရိုက်လယ်ယာ) စိုက်ပျိုးစရိတ် ပေးအပ်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကဉ္ဇနကျွန်းသာ ကုမ္ပဏီလီမီတက်မှ ၂၀၂၃-၂၀၂၄ မိုးစပါး (ကန်ထရိုက်လယ်ယာ) စိုက်ပျိုးစရိတ်ပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၃ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် စတင်ကျင်းပခဲ့ပါသည်။

    အဆိုပါအခမ်းအနားတွင် တောင်သူနှင့် ကုမ္ပဏီ နှစ်ဦးစလုံး အကျိုးရှိစေရန် တောင်သူများမှ စိုက်စနစ်မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့် ရရှိရေးနှင့် စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးရေး နည်းပညာ များဖြင့် စပါးပိုထွက်ရေး၊ အရည်အသွေးမြှင့်စပါးများ ထွက်ရှိပြီး ဈေးကောင်းရရှိနိုင်ရေးစသည့် အခြေအနေနှင့် ကုမ္ပဏီ၏ ရည်ရွယ်ချက်နှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြပါသည်။

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၏ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သော “ဖွံ့ဖြိုးကုန်သွယ် နိုင်ငံကြွယ်” ဆိုသည့် ဆောင်ပုဒ်အတိုင်း တောင်သူများ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းချိန်လွန်ပြီး ကြိတ်ခွဲသယ်ယူဖြန့်ဖြူးရောင်းချသည်အထိ စိုက်ပျိုးရေးကဏ္ဍ၊ ရိတ်သိမ်းမှုကဏ္ဍ၊ ကြိတ်ခွဲမှုကဏ္ဍ၊ ဖြန့်ဖြူးရောင်းချမှုကဏ္ဍ စသည့်ကဏ္ဍအသီးအသီးတွင် အရည်အသွေးမြှင့်စပါး၊ ဆန်များထုတ်လုပ်ပြီး ဆန်စပါး၏ Supply Change တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆန်စပါးဈေးကွက် တည်ငြိမ်ရေးအပါအဝင် ဆန်စပါးမူဝါဒသစ် အကြောင်းများကို အကျယ်တဝင့် ပြောကြားခဲ့ပါသည်။

  ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်မှ စိုက်ပျိုးရေးဦးစီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ စပါးမျိုးကောင်းမျိုးသန့်များ အသုံးပြုနိုင်ရေးနှင့် ဓါတ်မြေဩဇာ အချိုးကျသုံးစွဲနိုင်မှုကို အကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ကဉ္ဇနကျွန်းသာကုမ္ပဏီမှ တောင်သူများ သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးပြောကြားခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်နှင့် ကုမ္ပဏီမှ တာဝန်ရှိသူများက တောင်သူများ၏ သိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။

  အဆိုပါအခမ်းအနားသို့ တောင်သူ (၂၈၀)ဦး တက်ရောက်ခဲ့ပြီး နံနက် (၁၁:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ် ကဉ္ဇနကျွန်းသာ ကုမ္ပဏီလီမီတက်မှ ၂၀၂၃-၂၀၂၄ မိုးစပါး (ကန်ထရိုက် လယ်ယာ) စိုက်ပျိုးစရိတ်ပေးအပ်ပွဲ အခမ်းအနားကို အောင်မြင်စွာကျင်းပ ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)