Main menu

“လှမ်းခဲ့ပါလေ တိုင်းဌာနေ ကျွန်မတို့ရဲ့ ရွှေညာမြေ”

Powered by Drupal
Thu, 06/22/2023 - 16:00 -- consumer_admin

 မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ အလယ်ပိုင်းတွင်တည်ရှိပြီး ဧရိယာကျယ်၀န်း၍ တိုင်းဒေသကြီး (၇) ခုအနက် ဒုတိယမြောက်အကြီးဆုံးတိုင်းဖြစ်ပါသည်။ ဧရိယာစတုရန်းမိုင် (၁၇၃၀၅) ကျယ်၀န်း၍ မြို့တော်မှာ မကွေးမြို့ဖြစ်ပါသည်။ မြန်မာပြည်အလယ်ပိုင်းချိုင့်ဝှမ်းဒေသဖြစ်၍ မိုးအလွန်နည်းပြီး ပူပြင်းသောရာသီဥတုရှိပါသည်။ အနောက်မြောက်ဘက်တွင် ချင်းပြည်နယ်နှင့် အနောက် တောင်ဘက်တွင် ရခိုင်ပြည်နယ်၊ တောင်ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ အရှေ့ဘက်တွင် မန္တလေးတိုင်းဒေသကြီး၊ မြောက်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတို့နှင့်ထိစပ်လျက်ရှိပါသည်။ တိုင်းဒေသကြီးအတွင်း ခရိုင် (၅) ခရိုင်၊ မြို့နယ် (၂၅) မြို့နယ်ရှိပြီး စုစုပေါင်းလူဦးရေ (၃.၉) သန်းရှိပါသည်။ မကွေးတိုင်းတွင်  (ဗမာ) လူမျိုးများအဓိကနေထိုင်ကြပြီး အခြားတိုင်းရင်းသားလူမျိုးများဖြစ်သော ချင်း၊ ရခိုင်၊ ရှမ်းနှင့် ကရန်းလူမျိုးများလည်းနေထိုင်ကြသည်။ အဓိကအားဖြင့် မြန်မာစကားကိုအသုံးပြုကြပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်ဘာသာကိုးကွယ်သူများ အသီးသီးနေထိုင်ကြသည်။

  မကွေးတိုင်းဒေသကြီး၏ အနောက်ခြမ်းဒေသများဖြစ်သော မင်းတုန်း၊ ငဖဲ၊ စေတုတ္တရာ၊ ဆော၊ ထီးလင်း၊ ဂန့်ဂေါမြို့နယ်များတွင် မြေပြန့်ချင်းလူမျိုးများနေထိုင်ကြသောကြောင့် ချင်းတိုင်းရင်းသားယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများကို တွေ့ရှိရသည်။ ထို့ပြင် ပခုက္ကူတောင်တန်းဒေသ၏ ထီးလင်း၊ ဂန့်ဂေါ၊ ဆော စသည့်မြို့ (၃) မြို့သည် ဗမာမျိုးနွယ်စုတွင်ပါဝင်သော ယောလူမျိုးများနေထိုင်ရာအရပ်ဖြစ်ပြီး ယောဒေသဟုခေါ်တွင်သည်။ စံမြန်မာစကားနှင့် အသံထွက်အနည်းငယ်ကွဲလွဲသည်။ ထိုယောဒေသမှထွက်သော ယောလုံချည်ကို ကိုလိုနီခေတ်တွင် မြန်မာလူမျိုးတို့၏ ရိုးရာဝတ်စုံအဖြစ် ဝတ်ဆင်ကြသည်။

   မကွေးတိုင်းဒေသကြီး၊ ဧရာ၀တီမြစ်၏ အရှေ့ဘက်ခြမ်းဒေသများသည် မြေပြန့်ဒေသများဖြစ်ပြီး အနောက်ဘက်ခြမ်းဒေသများသည် ရခိုင်ရိုးမ၏ အရှေ့ဘက်ရေဝေကြောဖြစ်ပါသည်။ မင်းဘူးမြို့သည် လွင်ပြင်ဒေသဖြစ်ပါသည်။ ဧရာ၀တီမြစ်သည် မကွေးတိုင်း၏အလယ်ဗဟိုကိုဖြတ်၍ မြောက်ဘက်မှ တောင်ဘက်သို့စီးဆင်းပါသည်။ ဧရာ၀တီမြစ်သို့ အရှေ့ဘက်ခြမ်းမှ စီး၀င်သောချောင်းကြီးများမှာ ပင်းချောင်း၊ ယင်းချောင်း၊ ဒေါင်းသေချောင်းတို့ဖြစ်ကြပြီး အနောက်ဘက်မှ စီး၀င်ကြသောမြစ်ချောင်းများမှာ ချင်းတွင်းမြစ်၊ စလင်းချောင်း၊ မုန်းချောင်း၊ မန်းချောင်းနှင့် မင်းတုန်းချောင်းတို့ဖြစ်ကြပါသည်။ ဧရာဝတီမြစ်၏ အဓိကမြစ်လက်တက်ဖြစ်သော ချင်းတွင်းမြစ်သည် ပခုက္ကူမြို့အနီးမှ ဧရာဝတီမြစ်အတွင်းသို့စီးဝင်သည်။ သယ်ယူပို့ဆောင်ရေး၊ သွားလာရေးတို့အနေဖြင့် ကုန်းကြောင်းအား အဓိကအသုံးပြုပြီး နှမ်း၊ မြေပဲနှင့် ကောက်ပဲသီးနှံအမျိုးမျိုးကိုစိုက်ပျိုးကြသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ဆီနှင့် ဓာတ်ငွေ့ထုတ်လုပ်မှု အများဆုံးသောဒေသတစ်ခုလည်းဖြစ်သည်။

     ကျွန်မတို့ဌာနေ ဖန်ခါးမြေတွင် စေတီပုထိုးများစွာရှိသည်။ တန်ခိုးကြီးဘုရားများရှိသည့်အပြင် နှစ်စဉ်မပြတ် ဘုရားပွဲတော်များကိုလည်းကျင်းပလေ့ရှိသည်။ မကွေးတိုင်းဒေသကြီးအတွင်းရှိ ထင်ရှားကျော်ကြားသည့်နေရာများမှာ မြသလွန်စေတီတော် (မကွေးမြို့)၊ မန်း‌ရွှေစက်တော်ဘုရား (မင်းဘူးမြို့)၊   စက္ကိန်းတဲဘုရား (မင်းဘူးမြို့)၊ နဂါးပွက်တောင် (မင်းဘူးမြို့)၊ စန္ဒကူးနံ့သာကျောင်းတော်ရာဘုရား(ပွင့်ဖြူမြို့)၊ သီဟိုဠ်ရှင်ဘုရား (ပခုက္ကူမြို့)၊ တန့်ကြည့်တောင်စေတီ (ပခုက္ကူမြို့)၊ ဖောင်တော်ဦးဘုရား   (ဆင်ဖြူကျွန်းမြို့)၊ ငါးမျက်နှာစေတီနှင့် ငါးမျက်နှာကန်ဆုတောင်းပြည့်ဘုရား (ဆင်ဖြူကျွန်းမြို့)၊ စလေရုပ်စုံကျောင်း၊ ဗိဿနိုးမြို့ဟောင်း (တောင်တွင်းကြီးမြို့)၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်  (နတ်မောက်မြို့)၊ မဟာဝိသုတာရာမပါဠိတက္ကသိုလ် (ပခုက္ကူမြို့)၊ မင်းလှခံတပ်၊ ကွေ့ချောင်းခံတပ်တို့သည်  ထင်ရှားကျော်ကြားလှသည်။

   မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင်တည်ရှိသော မြသလွန်ဘုရားသည် မကွေးတိုင်းဒေသကြီး၏ အထင်ကရဘုရားတစ်ဆူလည်းဖြစ်သည်။ မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးမြို့၏ အနောက်မြောက်ဘက်အစွန် ဧရာဝတီမြစ်ကမ်းဘေးရှိ နဂုတ္တမတောင်ကုန်းပေါ်တွင်တည်ရှိသည်။ မြို့လယ်မှ တစ်မိုင်ခွဲခန့်အကွာတွင်တည်ရှိပြီး ရင်ပြင်ပေါ်သို့ ကားဖြင့်ဖြစ်စေ၊ စောင်းတန်းအတိုင်း လမ်းလျှောက်၍ဖြစ်စေ တက်ရောက်ဖူးမျှော်နိုင်သည်။ မကွေးမြသလွန်၊ မလွန်မြသပိတ်ဆိုသည့်အတိုင်း မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားများတွင် မြသလွန်ဘုရားလည်းအပါအဝင်ဖြစ်သည်။ လုံးတော်ပြည့်ရွှေချထားသည့် ဘုရားတစ်ဆူဖြစ်ပြီး စုစုပေါင်းအချပ်ရေမှာ “ဒွေးအစ်အဌ ဇေယျသတိ ချပ်ရေရှိ လုံးပြည့်ရွှေရောင်ဖြိုး” ဟု ဆိုးရိုးစကားရှိပါသည်။  ဧရာဝတီမြစ်ကမ်းပေါ်တွင်တည်ရှိသော မြသလွန်ဘုရားသည်   မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်တွင် ဤဒေသသို့ ဒေသစာရီကြွရောက်ခဲ့ရာ၌ မြသလွန်ဘုရားတွင် ကျိန်းစက်ရန်နေရာအဖြစ် သတ်မှတ်ဌာပနာထားခဲ့ပါသည်။ မြသလွန်ဘုရားတွင် အံ့ဩချီးမွမ်းဖွယ်ကောင်း၍ သပ္ပါယ်လှသောဗိသုကာလက်ရာများအား ဘုရားဖူးဧည့်သည်များ၊ နိုင်ငံခြားသားဧည့်သည်များက မှတ်တမ်းဓာတ်ပုံများရိုက်ခြင်း၊ အမှတ်တရပုံများရိုက်ခြင်းများပြုလုပ်လေ့ရှိကြပါသည်။ မကွေးမြို့၊ မြသလွန်ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လဆန်း (၈) ရက်နေ့မှ သီတင်းကျွတ်လပြည့်ကျော် (၈) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိသည်။ ရှေးအခါက မကွေးမြသလွန်ဘုရားပွဲသည် အထက်အောက် ကုန်စည်ဖလှယ်ရာဈေးကြီးအဖြစ် အရောင်းအဝယ်စည်ကားခဲ့သည်။ အိုးပုတ်၊ ချိုးရုပ်အစရှိသဖြင့် ကစားစရာများကို စုံလင်စွာရောင်းချသည့်အပြင် ဒေသထွက်အဝတ်အထည်များ၊ သနပ်ခါး၊ ကရမက်၊ နံ့သာဖြူ အစရှိသည့် အမွှေးနံသာတုံးများ၊ နှီးချောဖျာ၊ ခြင်းတောင်း၊ စကော၊ စကာ အစရှိသဖြင့် ဝါး၊ ကြိမ်တို့ဖြင့်ပြုလုပ်ထားသော မြန်မာ့ရိုးရာလက်မှုလက်ထည်များ၊ ကလေးများအတွက် ချား၊ ရဟတ်၊ ပင်လယ်ဓားပြ အစရှိသည့် ကစားစရာများ၊ ဇာတ်ပွဲများ၊ ရုပ်သေးပွဲများ၊ ခြင်းလုံးခတ်ပွဲများတို့အပြင် အကြော်၊ မုန့်ဟင်းခါး၊ ထမနဲ၊ ကရေကရာ အစရှိသဖြင့် စားစရာအစုံအလင်တို့ကို ဝယ်ယူစားသုံးနိုင်သော စည်ကားသိုက်မြိုက်လှသည့် ပွဲတော်ဖြစ်သဖြင့် ရပ်နီး/ရပ်ဝေးဘုရားဖူးများလာရောက်ကြသည့်အတွက် အထူးစည်းကားလျက်ရှိပါသည်။

နဂါးပွက်တောင်သည် မင်းဘူး(စကု)မြို့နယ်၊ အမှတ် (၁) ရပ်ကွက်တွင်တည်ရှိပြီး ယခုအချိန်မှသာလျှင် ပေါ်ပေါက်လာသော ရွှံ့မီးတောင်၊ မီးငြိမ်းတောင်များမဟုတ်ဘဲ မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်မှ သုနာပရန္တတိုင်းရှိ စန္ဒကူးနံ့သာကျောင်းတော်ရာကြီးဆီသို့ ကြွတော်မူလာပြီး ခုနစ်ရက်ပတ်လုံး သီတင်းသုံးတော်မူ၍ လူနတ်ဗြဟ္မာသတ္တဝါအပေါင်းတို့အား တရားရေအေးတိုက်ကျွေးတော်မူသည်။ ထို့နောက် သာဝတ္ထိပြည်သို့ပြန်အကြွတွင် နောင်တော်ဘုရားများကြွရောက် သီတင်းသုံးတော်မူမြဲဖြစ်သော ယခုမင်းဘူးမြို့ရှိ ကေလာသဘတောင်ပေါ်တွင် သီတင်းသုံးတော်မူစဉ် နမ္မဒါမြစ်ကမ်းမှ နမ္မဒါနဂါးမင်း၏ သားတော်နန္ဒနှင့် သမီးတော်သုစိတာတို့သည်  ဖခင်နဂါးမင်းကြီးထံခွင့်ပန်၍ ဘုရားရှင်အား ဖူးမြော်ရန်အလာ၌ ကေလာသဘတောင်နှင့်မလှမ်းမကမ်းဖြစ်သော တောင်တစ်တောင်ပေါ်အရောက်တွင် သိမ်းငှက်တစ်ကောင်၏ ကိုက်ချီသတ်ဖြတ်စားသောက်ခြင်းခံရသဖြင့် ထိုတောင်ကို သိမ်းကုတ်တောင်ဟုခေါ်တွင်ခဲ့ရာမှ ယခုအခါ သိမ်ကုန်းတောင်ဟု ခေါ်ကြလေသည်။ နဂါးမောင်နှမလည်း ထွေးလုံးရစ်ပတ်ကာ ယခုနဂါးလူးအိုင်နေရာတွင် ပြုတ်ကျ၍ လူးလိမ့်သေပွဲဝင်ရသဖြင့် ထိုနေရာကို နဂါးလူးအိုင်ဟုခေါ်ကြသည်။

သက္ကရာဇ် ၁၂၃ခုနှစ်၊ ဒွိတ္တဘောင်မင်းကြီး တိုင်းခန်းလှည့်လည်လာပြီး မင်းဘူးစက္ကိန္တဲစေတီတော်ကြီးသို့ ဘုရားဖူးလာရောက်၍ ယာယီတဲနန်းထိုးစံမြန်းစဉ် သေပွဲဝင်၍ နတ်စိမ်းများဖြစ်နေကြသော နဂါးမောင်နှမလည်းကိုယ်ထင်ပြပြီး နေရာများကိုအပိုင်စားတောင်းသည့်အခါ သိမ်ကုန်းတောင်အနီးမှ ယခုနဂါးပွက်တောင်နေရာကို အပိုင်စားပေးသနားတော်မူခဲ့လေသည်။ ထိုအချိန်မှစ၍ နဂါးမောင်နှမစောင့်ရှောက်သည့် နဂါးပွက်တောင်ဟုထင်ရှားပြီး အနယ်နယ်ရပ်ရပ်မှ ဘုရားဖူးပြည်သူများသည် နဂါးပွက်တောင်သို့ရောက်လာကြ၍ နွားနို့နှင့်ပေါက်ပေါက်များကို ဆက်ကပ်အဓိဋ္ဌာန်ပြုဆုတောင်းကြရာ ဆုတောင်းပြည့်ဝသည်ဟု ယုံကြည်ကြသည့်အပြင်  ၎င်းတောင်ပေါ်တွင် နဂါးတစ်ကောင်နေထိုင်လျက်ရှိသည်ဟု ဒေသခံများက အယုံအကြည်ရှိကြပါသည်။ ၎င်းမီးငြိမ်းတောင်ပေါ်ရှိ ရွှံ့ပွက်ရာများသည် နဂါးအသက်ရှူလိုက်သောကြောင့် ဖြစ်လာရသည်ဟုလည်း ယုံကြည်လျက်ရှိကြသည်။ ယခုအခါ ဘုရားဖူးဧည့်သည်များသည် နဂါးပွက်တောင်သို့လည်း တက်ရောက်၍ နဂါးများရှိသည်ဟု ယုံကြည်ကြကာ အစာများကျွေးခြင်း၊ ချော်ရည်၊ ရွံ့ရည်များကို လိမ်းကျံခြင်းတို့ဖြင့် ကျန်းမာရေးကောင်းမွန်လာသည်ဟု ယူဆကြသဖြင့် ခရီးသွားဧည့်သည်များဖြင့် အထူးစည်ကားလျက်ရှိပါသည်။

   စက်တော်ရာစေတီသည် မင်းဘူးမြို့မှ အနောက်တောင်ဘက် ၂၆မိုင်ကွာဝေးသော အနောက်ရိုးမ၏ အရှေ့ဘက်ဆုံးတောင်စွယ်ပေါ်တွင်တည်ရှိသည်။ စက်တော်ရာစေတီကို ရွှေစက်တော်ဟူ၍လည်းကောင်း၊  မန်းစက်တော်ရာဟူ၍လည်းကောင်း၊ မန်းရွှေစက်တော်ဟူ၍လည်းကောင်း ခေါ်ကြသည်။ စက်တော်ရာသို့ ဘုရားဖူးသွားလိုလျှင် မင်းဘူးနှင့် စကုမြို့များမှတစ်ဆင့် ကားလမ်းဖြင့် အလွယ်တကူသွားရောက်နိုင်သည်။ စက်တော်ရာသည် စကုမြို့၏ အနောက်တောင်ဘက် ၁၆မိုင်အကွာတွင်တည်ရှိသည်။ စက်တော်ရာသည် အောက်စက်တော်ရာနှင့် အထက်စက်တော်ရာဟူ၍ နှစ်ဌာနရှိသည်။ တောင်ပေါ်တွင်ရှိသော ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ခြေတော်ရာတစ်ဆူကို အထက်စက်တော်ရာဟုခေါ်ကြ၍ တောင်အောက် မန်းချောင်းဘေး၌ရှိသော ခြေတော်ရာတစ်ဆူကို အောက်စက်တော်ရာဟုခေါ်ကြသည်။ စက်တော်ရာအနီးအနားရှိ တောင်များ၊ ဒေသများတွင် ဘုရားသခင်၏ ခြေတော်ရာကို ချထားပေးသနားရန် တောင်းပန်ခဲ့သောပစ္စဗန္ဓမထေရ်အား အစွဲပြု၍ ယခုအခါ မှည့်ခေါ်ထားသည်ကိုတွေ့ရ၏။ ထိုမထေရ်သည် ရှေးအခါ မုဆိုးအဖြစ်ဖြင့် အသက်မွေးခဲ့စဉ်က နေထိုင်သည်ကိုအစွဲပြု၍ အထက်စက်တော်ရာဘေးမှ တောင်ကို 'မုဆိုးတောင်' ဟုလည်းကောင်း၊ ထိုတောင်အောက်ရှိသော သားကောင်မှရသည့် သားရေကြက်ရာနေရာဖြစ်၍ 'သားရေကြက်တောင်'ဟုလည်းကောင်း ယုံမှတ် ခေါ်ဝေါ်ကြသည်။ မုဆိုးတောင်၏ လက်ျာအစွန်းတွင် ထူးခြားစွာတည်ရှိနေသော ကျောက်တုံးကြီးတစ်ခု၌ မုဆိုး၏ ဒူးထောက်ရာနှင့်ခြေရာများရှိ၍ ထိုခြေရာတို့တွင် တင်ရှိနေသောရေများကို မျက်စဉ်းအဖြစ်ခတ်ပါက မျက်စိရောဂါများပျောက်သည်ဟု ယုံကြည်ကြသည်။

      လမ်းခရီးစခန်းများကိုလည်း စက်တော်ရာသမိုင်းနှင့်ဆက်စပ်၍ အမည်မှည့်ခေါ်ထား၏။ စကုမြို့မှ (၇) မိုင်ခန့်အကွာ အနောက်ဘက်တွင် မုဆိုးကြီး ယုန်လိုက်ကြည့်သော တောအုပ်တစ်ခုရှိခဲ့သည်ဟု ယုံကြည်သဖြင့် ထိုနေရာကို 'ယုန်ကြည့်တောင်' ဟုခေါ်ကြသည်။ မြတ်စွာဘုရားရှင် ကြွရောက်စဉ်က ဆွမ်းစားပြီးနောက် အာလုပ်တော်ဆေးခဲ့သည်ကိုရည်ညွှန်း၍ 'လုပ်ဆေးချောင်း' ဟု ခေါ်တွင်ကြသည်။ ထိုချောင်းတွင် ဆန်စေ့နှင့်တူသော ကျောက်ခဲကလေးများကို အနှံ့အပြားတွေ့ရှိရ၏။

   စက်တော်ရာဘုရားသို့ ရောက်ခါနီး တောင်အဆင်းစခန်းတစ်ခုကိုလည်း မုဆိုးကြီးလေးတင်၍ ဆင်းရာအရပ်ဟု ယုံကြည်ကြကာ 'လေးတင်ဆင်းစခန်း' ဟု အမည်ပေးထားကြသည်။ အထက်စက်တော်ရာတောင်ဘေးရှိ လိုဏ်ဂူတစ်ခုကို မြန်မာနိုင်ငံသမိုင်းတွင် မင်းငါးဆက်၏ မိဖုရားဖြစ်ခဲ့သော ရှင်ဘို့မယ်သည် ရောက်လာ၍ စခန်းချနားနေလျက် ရက်ကန်းခတ်ခဲ့ဖူးသည်ကိုရည်မှတ်၍ 'ရှင်ဘို့မယ်တွင်း' ဟု ခေါ်ဝေါ်ကြ၏။ ရှေးယခင်က မိန်းမပျိုများသည် ထိုတွင်း၏ဘေးတွင် အပေါက်ငယ်များပြုလုပ်၍ လက်ညှိုးကိုထားကာ ရက်ကန်းတတ်ပါစေ၊ ဗိုင်းတတ်ပါစေဟု ဆုတောင်းလေ့ရှိကြသည်။ စက်တော်ရာတောင်ကို မန်းချောင်းသည် ကွေ့ပတ်၍စီးဆင်းရာတောင်ခြေရင်းသို့ သုံးကြိမ်တိုင်တိုင် နေရာသုံးနေရာတို့တွင် ချဉ်းကပ်ပြီးမှ တစ်ဖြောင့်တည်းစီးဆင်းသွားလေသည်။ ဤသည်ကို အသက်မရှိသောမန်းချောင်းပင်လျှင် မြတ်စွာဘုရား၏ ခြေတော်ရာအရပ်ကို ဦးသုံးကြိမ်တိုက်သည်ဟု ပြောစမှတ်ပြုကြလေသည်။

    ထို့ကြောင့် ရွှေစက်တော်ဘုရားအား စက်တော်ရာဘုရားဟုလည်း လူသိများကြပြီး မြတ်စွာဘုရား၏ ခြေတော်ရာများတည်ရှိခြင်းကြောင့်လည်း ကျော်ကြားလှသည်။ ရဟန်းတော်နှစ်ပါးဖြစ်သည့် ဆည်းဆာဗန်ဒနှင့် နာဂနာမန်ဒတို့အတွက် ခြေတော်ရာခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ခြေတော်ရာ တစ်ဖက်ချင်းစီသည် တောင်ပေါ်နှင့်မြစ်ကမ်းပေါ်တွင် အသီးသီးထားရှိတော်မူစေခဲ့သည်။ ရွှေစက်တော်ဘုရားမှာ သစ်တောဝန်းရံလျက်ရှိပြီး ယဉ်ကျေးမှုအမွေအနှစ်နှင့် သဘာဝယှဉ်တွဲတည်ရှိနေသောနေရာလည်းဖြစ်သည်။

      စန္ဒကူးကျောင်းတော်ရာဘုရားသည် ပွင့်ဖြူမြို့နယ်ရှိ လယ်ကျင်းကျေးရွာတွင်တည်ရှိပါသည်။ မြတ်စွာဘုရားသည် သာဝတ္ထိ၌ သီတင်းသုံးနေစဉ် သုနာပရန္တတိုင်းမှ မဇ္ဈိမသို့ ကုန်ရောင်းသွားကြသည့် ကုန်သည်အကြီးအမှူး မဟာပုဏ္ဏသည် တရားနာခွင့်ရခဲ့သည်။ ထို့နောက် လှည်းစခန်း၌ပင် ဆွမ်းချက်ကပ်လှူခဲ့ရာမှ ကုန်သည်တို့အပြန်တွင် မဟာပုဏ္ဏက ရဟန်းပြုကျန်ရစ်ခဲ့သည်။ မဟာပုဏ္ဏမထေရ်၏ညီ စုဠပုဏ္ဏသူကြွယ်သည် ဝါဏိဇ္ဇဂါမရွာသား ငါးရာသောကုန်သည်တို့နှင့်အတူ ကုန်ရောင်းဝယ်မှုအတွက် သမုဒ္ဒရာခရီးဖြင့် သင်္ဘောလွှင့်သွားကြလေသည်။ သင်္ဘောသည် အချိန်မကြာမြင့်မီ သမုဒ္ဒရာ၏အလယ်၌ ရောက်ရှိ၍ စန္ဒကူးနီပင်များကိုတွေ့မြင်ကြလေရာ အားရဝမ်းသာဖြင့် သင်္ဘောတွင် ပါသမျှကုန်တို့ကို ထိုကျွန်း၌ချပြီးမှ စန္ဒကူးအနှစ်တို့ကိုခုတ်ဖြတ်၍ သင်္ဘောအပြည့်တင်ဆောင်ကာ ထွက်လာကြသည်။ ကျွန်းမှဆုတ်ခွာ၍ အနည်းငယ်ကွာသောအရပ်သို့ ရောက်လျှင်ပင် စန္ဒကူးတောကို စိုးမိုးကြကုန်သောနတ်ဘီလူးတို့သည် ကောင်းကင်ခရီးဖြင့် လိုက်လာကြပြီးလျှင် လှိုင်းတံပိုးတို့ထစေခြင်း၊ ကြောက်မက်ဖွယ်ကောင်းသော ကိုယ်အဆင်းသဏ္ဌာန်၊ အသံ၊ အနံ့တို့ကိုဖြစ်စေခြင်းဖြင့် ဝိုင်းဝန်းချောက်လှန့်ကြလေသည်။  ထိုအခါ စူဠပုဏ္ဏသူကြွယ်သည် နောင်တော် မဟာပုဏ္ဏမထေရ်အား တမ်းတတိုင်တန်းကာ ကူညီပါပေးတော်မူပါဟု တောင်းပန်လေသည်။ ထိုခဏ၌ပင်လျှင် မဟာပုဏ္ဏမထေရ်သည် ဒိဗ္ဗစက္ခုအဘိဉာဏ်ဖြင့် မြင်တော်မူ၍ ကောင်းကင်ခရီးမှ ကြွလာတော်မူပြီးလျှင် ညီတော်နှင့်တကွ ငါးရာသောရွာသားတို့အား ဝါဏိဇ္ဇဂါမသို့ ဘေးအန္တရာယ်မရှိစေဘဲ လျင်မြန်စွခေါ်ဆောင်ခဲ့လေသည်။ မဟာပုဏ္ဏမထေရ်၏ ကျေးဇူးတော်ကြောင့် အသက်ဘေးမှ ချမ်းသာရာရသောရွာသားတို့သည် စန္ဒကူးနှစ်တို့ကို အခြားပြုဖွယ်ကိစ္စ၌ မသုံးတော့ဘဲ မဟာပုဏ္ဏမထေရ်အား လှူဒါန်းလိုက်ကြပါသည်။ မဟာပုဏ္ဏမထေရ်လည်း မြတ်စွာဘုရားအားရည်မှန်း၍ စန္ဒကူးဖြင့်ပြီးသော ကျောင်းတော်ကို စီမံဆောက်လုပ်လေသည်။ ကျောင်းတော်မပြီးမချင်း မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်မှ ညချမ်းသောအခါတို့၌ ကျောင်းတော်ဆောက်ရာသို့ အကြိမ်ကြိမ်ကြွလာတော်မူပြီးလျှင် မြတ်သောဈာန်ချမ်းသာဖြင့် သီတင်းသုံးနေတော်မူလေသည်။ ကျောင်းတော်ပြီးစီးသွားသောအခါ မဟာပုဏ္ဏမထေရ်သည် ဇေတဝန်ကျောင်းတော်သို့ ကောင်းကင်ခရီးဖြင့်ကြွသွားတော်မူပြီးလျှင် မြတ်စွာဘုရားအား စန္ဒကူးနှစ်ကျောင်းတော်ကို အလှူခံတော်မူပါမည့်အကြောင်း ပင့်လျှောက်လေသည်။ မြတ်စွာဘုရားလည်း ပြာသာဒ်ယာဉ်ပျံ ၅ဝဝတွင် ရဟန္တာငါးရာတို့အား အခြွေအရံပြုလျက် လိုက်ပါစေပြီး ကောင်းကင်ခရီးဖြင့် ကျောင်းတော်သို့ ကြွလာတော်မူခဲ့သည်။ ဂန္ဓာရုံကျောင်းတော်၌ ခုနစ်ရက်ပတ်လုံး သီတင်းသုံးနေတော်မူပြီးလျှင် ရောက်လာကုန်သောပရိသတ်တို့အား စရိုက်နှင့်လျော်စွာ ဒေသနာရေအေးတိုက်ကျွေးတော်မူလေသည်။ ထို့နောက် ဆွမ်းခံကြွတော်မူရာ နမ္မဒါမြစ်နားသို့ ရောက်တော်မူသည်။ ထိုမြစ်၌နေသော နမ္မဒါနဂါးမင်းက ဘုရားသခင်အား ကိုးကွယ်ဆည်းကပ်ရန် တစ်စုံတစ်ရာကို ပေးသနားတော်မူခဲ့ပါရန် လျှောက်ထားသည့်အတွက် ခြေတော်ရာပါဒစေတီကို တည်ထားတော်မူခဲ့သည်။ ထိုစက်တော်ရာကို အောက်စက်တော်ရာဟုခေါ်သည်။ ထိုမှတစ်ဆင့် သစ္စဗန္ဓတောင်ထိပ်သို့ ကြွရောက်တော်မူပြန်ရာ သစ္စဗန္ဓရသေ့၏ လျှောက်ထားတောင်းပန်ချက်အရ စက်တော်ရာပါဒစေတီတစ်ဆူကို ချတော်မူခဲ့ပြန်သည်။ ဤဒုတိယခြေတော်ရာကို အထက် စက်တော်ရာဟု ခေါ်တွင်လေသည်။ နောက်ပိုင်းကျောင်းတော်ရာမှာ မဟာပုဏ္ဏထေရ်၏ အဓိဋ္ဌာန်ကြောင့် ကွယ်ပျောက်ခဲ့ရသည်ဟုဆိုသည်။ သာသနာတော် ခေတ္တခဏကွယ်ပခဲ့သော် အဖိုးထိုက်တန်သောစန္ဒကူးသားဖြင့် ဆောက်လုပ်ထားသောကျောင်းတော်ကြီးအား သတ္တဝါများ လောဘ၊ မောဟ၊ ဒေါသဖုံးလွှမ်းကာ ဖျက်ဆီးယူငင်သုံးစွဲမိလျှင် အပါယ်လားကြမည်စိုးသဖြင့် ဖြစ်သည်ဟုဆိုသည်။ သာဝတ္တိပြည်၊ ဇေတဝန်ကျောင်းတော်သို့ မြတ်စွာဘုရားပြန်ကြွသွားတော်မူပြီး နောင်ကာလများတွင် မဟာပုဏ္ဏမထေရ်သည် ထိုကျောင်းတော်၌ နေခဲ့ရလျက် ဘုရားရှင်အား အစဉ်ထာဝရသတိရ၍ ကြည်ညိုမှုပွားများရန် ရည်သန်လျက် 'မြတ်စွာဘုရား ကိန်းဝပ်တော်မူရာ သရက္ခန်ဂန္ဓာရုံ ကျောင်းတော်ရာ' ဟု ကမ္ပည်းကျောက်စာရေးထိုးထားတော်မူခဲ့လေသည်။ ထိုကာလမှ နောက် ပုဂံပြည်၊ အလောင်းစည်သူမင်းကြီးလက်ထက်သို့ ရောက်သောအခါ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကန်၊ ချောင်း၊ ဆည်မြောင်း အသစ်အဟောင်းတို့ကို စုပေါင်းပြုပြင်၍ တိုင်းခွင်လှည့်လည်ခိုက်ကြုံသည်နှင့် ဤလယ်ကိုင်းရှိ မပင်စယဆည်ကိုလည်း ပြန်လည်ဆည်ဖို့တော်မူလေသည်။ ဤသို့ ဆည်တော်ကိုပြုပြင်ပြီးနောက် ဆက်လက်၍ မြောင်းတာအသစ်ကိုလည်း တူးဖော်မှုပြုကြရာ မြောင်းတာတော်တစ်သောင်းအဆုံး၌ ကျောက်ထပ်၊ မြက်နွယ်တို့ ဖုံးလွှမ်းနေသည်ကို ရှင်းလင်းလေလျှင် ညီညွတ်သောမြေပြင်ကုန်းမှ သခင်မဟာ ပုဏ္ဏမထေရ်ရေးထိုးခဲ့သော ကမ္ပည်းကျောက်စာကို တွေ့ရှိရလျှင် အလောင်းစည်သူမင်းကြီးသည် သက်တော်ထင်ရှားဘုရားသခင်ကို ဖူးတွေ့ရသကဲ့သို့ များစွာဝမ်းမြောက်တော်မူလှ၍ ထိုကမ္ဗည်းကျောက်စာနေရာ၌ မုခ်ထွဋ်လေးမျက်နှာရှိသော စေတီတော်၊ ကျောင်း၊ သိမ်၊ စင်္ကြံ စသည့်လေးဌာနတို့ကို တည်ထားဆောက်လုပ်တော်မူခဲ့သည်။ ဤကား ကျောင်းတော်ရာနေရာ၌ ပထမဆုံးစေတီတည်ထားခြင်းပင်ဖြစ်ပေသည်။ ထို့နောက် မင်းအဆက်ဆက်တို့သည် အကြိမ်ကြိမ် ထပ်ဆင့်မွမ်းမံပြင်ဆင်တော်မူခဲ့ကြသည်။

  ထိုကျောင်းတော်ရာစေတီတော်မြတ်တွင် ယခင်တွင် တစ်နှစ်လျှင် ပွဲတော်နှစ်ကြိမ် ခင်းကျင်းပြုလုပ်ခဲ့သော်လည်း ယခုအခါတွင် တပေါင်းလပြည့်နေ့မှစ၍ တပေါင်းလပြည့်ကျော် (၈) ရက်နေ့အထိ တစ်နှစ်လျှင် တစ်ကြိမ်သာ ပွဲတော်ခင်းကျင်းပြုလုပ်တော့သည်။ ကျောင်းတော်ရာရှေ့ မုန်းမြစ်ကွေ့၌တွေ့ရသော ငါးရာတစ်ထောင်ကောင်ရေဖွဲ့စည်း၍ အုပ်လိုက်ကြီးရှိသော ငထွေဟုခေါ်သည့် ငါးများကို ဘုရားငါးဟုခေါ်ကြသည်။ ထိုငါးများသည် နှစ်စဉ် ဝါဆိုလပြည့်နေ့ (ဝါထပ်သော ဒုတိယဝါဆိုလပြည့်နေ့) တွင် ရောက်လာကာ ဘုရားအနီး မုန်းမြစ်ထဲ၌ စုဝေးနေကြပြီးနောက် သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့တွင် နှစ်စဉ် မှန်မှန်ပြန်ကြသည်။ ထိုငါးများကို ဖမ်းဆီးစားသောက်သူများသည် ဝမ်းသွား/သွေးအန်ကာ အသေမြန်ကြ၍ ယင်းတို့အား ဖမ်းဆီးသတ်ဖြတ်မည်ကြံလျှင် ပုဂ္ဂိုလ်ထူး/ပုဂ္ဂိုလ်မြတ်တို့အား အိပ်မက်ပေး၍ လိုက်ပို့ခိုင်းခြင်းဖြင့် သေဘေးမှလွတ်မြောက်အောင် ကြံဆောင်နိုင်ကြသည်ဟုဆိုလေသည်။ ထိုငါးများသည် စန္ဒကူးသစ်များ သင်္ဘောဖြင့် သယ်ဆောင်လာကြစဉ် ငါးအသွင်ပြောင်းလဲလိုက်ပါလာကြသည့် အစောင့်ဘီလူးများဖြစ်သည်ဟု လူအများကယုံကြည်ကြသည်။

   မကွေးတိုင်းဒေသကြီးအတွင်း ဧရာ၀တီမြစ်ကမ်းပါးတစ်လျှောက်၌ ၁၃ရာစု၊ ပုဂံခေတ်နှောင်း ဗိသုကာလက်ရာများနှင့် ခေတ်အဆက်ဆက် စေတီပုထိုးဂူဘုရားများတည်ရှိရာနေရာဒေသတစ်ခုဖြစ်သော စလေရုပ်စုံကျောင်းတော်မှာ ထင်ရှားကျော်ကြားလှသည်။   စာဆိုပညာရှင် ဦးပုညကို ယှဉ်တွဲလူသိများသည့် စလေမြို့၊ ရေနံချောင်းမြို့နယ်နှင့် ချောက်မြို့နယ်အတွင်းပိုင်း ဆားလယ်ဒေသနှင့် မကွေးမြို့နယ်မှ မင်းကွန်းမြို့၊ ဆင်ပေါင်ဝဲမြို့နယ်မှ ကျွန်းတော်တို့ဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီးအတွင်း ပြည်တွင်းဘုရားဖူးခရီးသွားများနှင့် နိုင်ငံခြားသားခရီးသွားများ သဘောကျနှစ်ခြိုက်သည့် နေရာဒေသအများအပြားရှိနေသည့်အနက် တချို့ကို ကောက်နုတ်ဖော်ပြရပါလျှင် တိုင်းမြို့တော်ဖြစ်သော မကွေးမြို့ရှိ မြသလွန်စေတီတော်၊ (၂၀၁၄) ခုနှစ်၊ ဇွန်လတွင် ကမ္ဘာ့အမွေအနှစ်စာရင်း၀င်ဖြစ်ခဲ့သော တောင်တွင်းကြီးမြို့နှင့် (၁၀) မိုင်ခန့်ကွာဝေးသော ဗိဿနိုး၊ ပျူရှေးဟောင်းမြို့တော်တည်ရှိပြီး မကွေးမြို့မှ ဗိဿနိုးသို့အသွား (၂၇) မိုင်တွင် ပုဂံခေတ်လက်ရာများ၊ ကုန်းဘောင်ခေတ်လက်ရာများ၊ လွှမ်းခြုံထားသောရှေးဟောင်းဂူဘုရားပေါင်း (၂၇) ဆူတည်ရှိသည့် မြင်ကွန်းမြို့ရှိပါသည်။ အိမ်ခြေ (၈၀၀) ခန့်ရှိသော မြင်ကွန်းမြို့တွင် ထိုသို့ရှေးဟောင်းစေတီပုထိုးများအပြင် ဘုန်းကြီးကျောင်းအများအပြားလည်းရှိနေပါသည်။ သို့ဖြစ်ပါ၍ မကွေးမြို့နှင့် ဗိဿနိုးရှေးဟောင်းမြို့သို့သွားသောလမ်းတွင် တစ်ဆက်တည်းဖြစ်သော မြင်ကွန်းမြို့သည် နောင်တစ်ချိန်တွင် ခရီးသွားများသဘောကျနှစ်ခြိုက်မည့် နေရာဒေသတစ်ခုဖြစ်လာမည်ဖြစ်ပါသည်။ မကွေးမြို့မှ ဧရာ၀တီမြစ်၏ အနောက်ဘက်ကမ်းသို့ ဆက်လက်သွားမည်ဆိုပါက မင်းဘူးမြို့တွင် တည်ရှိသော စက္ကိန်းတဲဘုရား၊ နဂါးပွက်တောင်၊ မင်းဘူးမြို့နှင့် (၃၆) မိုင်ခန့်ကွာဝေးသော မန်းရွှေစက်တော်ဘုရားသို့ ရောက်ရှိမည်ဖြစ်ပါသည်။ ရွှေစက်တော်ဘုရားသို့ နှစ်စဉ်ဘုရားဖူးခရီးသွားများ (၃) သိန်းခန့်လာရောက်လျက်ရှိကြောင်း ဘုရားဂေါပကမှတ်တမ်းများအရ သိရှိရပါသည်။ ယင်းမှဆက်၍ ပွင့်ဖြူမြို့သို့ ဆက်လက်သွားရောက်မည်ဆိုပါက စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားသို့ ရောက်ရှိကာ ဖူးမြော်ရမည်ဖြစ်ပါသည်။

 ပြည်တွင်းဘုရားဖူးအများစုသည် မကွေးမြသလွန်ဘုရား၊ စက္ကိန်းတဲဘုရား၊ နဂါးပွက်တောင်၊ ရွှေစက်တော်ဘုရား၊ စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားတို့ကို ခရီးစဉ်တစ်ဆက်တည်းအဖြစ် ဖူးမြော်ကြသည်ကိုတွေ့ရှိရပါသည်။ နိုင်ငံခြားသားခရီးသွားများကမူ မင်းဘူးမြို့ရှိ နဂါးပွက်တောင်၊ မကွေးမြို့ရှိ မြသလွန်စေတီတော်၊ မကွေးမြို့မစျေးကြီးနှင့်မကွေးမြို့ရှိ ရိုးရာလက်မှုပညာရပ်တစ်ခုဖြစ်သော ပန်းပဲအလုပ်ရုံများသို့ သွားရောက်လေ့လာလေ့ရှိပါသည်။ သံနှင့်ပြုလုပ်သောပစ္စည်းများတွင် မကွေးမြို့သည် အမည်တံဆိပ်ခတ်နှိပ်ထားနိုင်သဖြင့် မကွေးမြို့ရှိ ပန်းပဲဖိုသည် နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်သောနေရာတစ်ခုဖြစ်နေပြီဖြစ်ပါသည်။

   ရွှေစက်တော်ဘေးမဲ့တောနှင့် စလင်းမြို့ရှိ ၀က်သည်းကန်တို့သည် သဘာ၀ပတ်၀န်းကျင်နှင့်သစ်တောရေးရာ၀န်ကြီးဌာန၏ ထိန်းသိမ်းဧရိယာ (Protected area) အဖြစ် တည်ရှိနေပါသည်။ စလင်းမြို့သို့ရောက်ရှိပါက ၀က်သည်းကန်အတွင်း၌ တည်ထားကိုးကွယ်သောရွှေမုဌောဘုရားကို ဖူးမြော်ကြရမည်ဖြစ်ပြီး စလင်းမြို့ရှိ နာမည်ကြီးမြောက်လေးစင်ရုပ်စုံကျောင်းနှင့် ဦးဥတ္တမခံတပ် ကိုးဆောင်ကျောင်းများသို့ သွားရောက်လေ့လာနိုင်မည်ဖြစ်ပါသည်။ စလင်းမြို့ရှိ အင်္ဂလိပ်စစ်သင်္ချိုင်းသည်လည်း နိုင်ငံခြားသားခရီးသွားများအဖို့ စိတ်၀င်စားစရာနေရာတစ်နေရာဖြစ်လာနိုင်ပါသည်။ စလင်းမြို့သို့သွားရောက်ရာလမ်းရှိ ပွင့်ဖြူမြို့အ၀င် လယ်ကိုင်းအရပ်၌ ရှေးဟောင်းဘုန်းကြီးကျောင်းနှစ်ကျောင်းဖြစ်သည့် သစ်သားရုပ်စုံကျောင်းနှင့် ဖါး၀ပ်ဘုန်းတော်ကြီးကျောင်းများသို့လည်း ၀င်ရောက်လေ့လာနိုင်ပါသည်။

     မကွေးမြို့မှ (၁၆) မိုင်ခန့်အကွာတွင်တည်ရှိသော မင်းလှမြို့နယ်တွင် အင်္ဂလိပ်-မြန်မာကျူးကျော်စစ်အတွင်း၌ ထင်ရှားခဲ့သော မင်းလှခံတပ်နှင့် ထိုမှတစ်ဆင့် မလွန်တံတားကိုဖြတ်၍ မိကျောင်းရဲသို့လာရောက်ကာ ကွေ့ချောင်းခံတပ်တို့ကိုလည်း လေ့လာနိုင်မည်ဖြစ်သည့်အပြင် မိကျောင်းရဲမြို့၏ တောင်ဘက်၊ ဧရာ၀တီမြစ်အလယ်ကျွန်းရှိ ကျွန်းတော်ရွာမှ ပုဂံခေတ်ရှေးဟောင်းစေတီပုထိုးများကိုလည်းလေ့လာနိုင်မည်ဖြစ်ပါသည်။ မင်းလှမြို့နယ်၏ ဧရာ၀တီမြစ်ခြားလျက် တစ်ဖက်ကမ်းတွင် သရက်မြို့တည်ရှိပြီး သရက်မြို့တွင်လည်း မြန်မာနိုင်ငံ၏ ရှေးအကျဆုံးဂေါက်ကွင်းအဖြစ် (၁၈၈၇) ခုနှစ်တွင် စတင်တည်ဆောက်အသုံးပြုခဲ့သော သက်တမ်းအားဖြင့် (၁၃၃) နှစ်ရှိပြီဖြစ်သည့် ဂေါက်ကွင်းနှင့် တူရကီစစ်သင်္ချိုင်းတို့လည်း တည်ရှိနေ၍ အနာဂတ်ခရီးသွားများအတွက် စိတ်၀င်စားဖွယ်နေရာတစ်ခုဖြစ်နေပါသည်။ နတ်မောက်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်၊ နတ်မောက်မြို့နယ်၊ ပတ်၀န်းကျင်မှတွေ့ရှိရသော ပစ္စည်းများပြသထားသည့် ရှေးဟောင်းသုတေသနယဉ်ကျေးမှုပြတိုက်၊ ပင်းမြို့ဟောင်း၊ သပြေပင်ညီနောင်၊ ရေနံချောင်းမြို့တွင် ပင်းစက္ကလံပစေတီတော်နှင့် ဆားလယ်တောင်ပိုင်းရှိ ပုဂံခေတ်ရှေးဘုရားစုများ၊ လေသာကျောင်းအတွင်းရှိ စကျင်ကျောက်ငယ်စေတီဘုရား၊ မြို့လယ်ကျမ်းကိုင်ဘုရားစု၊ စကျင်ကျောက်ပေါ်တွင် ထွင်းထုပူဇော်ထားသည့် ဗုဒ္ဓဒေသနာတော် ကျောက်စာတိုက်တို့ကိုလည်း ရှုမငြီးဖွယ်လေ့လာနိုင်ပါသည်။

   ခရီးသွားလုပ်ငန်းအလွန်ဖွံ့ဖြိုးတိုးတက်နေသော ပုဂံဒေသနှင့် ပခုက္ကူဒေသတို့သည် ဧရာ၀တီမြစ်ခြားနေသော ဒေသတစ်ခုဖြစ်ပါသည်။ အနာဂတ်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသကို အမှီပြု၍ ပခုက္ကူဒေသသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ ပခုက္ကူဒေသတွင် နိုင်ငံခြားသားခရီးသွားများနှင့် ပြည်တွင်းခရီးသွားများ သဘောကျနှစ်ခြိုက်မည့် လေ့လာလည်ပတ်စရာ နေရာများပြားစွာတည်ရှိနေပါသည်။ မကွေးတိုင်းဒေသကြီး၏အကြီးဆုံးမြို့ဖြစ်သည့် ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူမြို့သည် အင်္ဂလိပ်လက်အောက်မကျရောက်မီအချိန်တွင် တံငါရွာကလေးတစ်ရွာသာဖြစ်ခဲ့ပါသည်။ ယခုကဲ့သို့ မြစ်ကမ်းပေါ်၌လည်း မတည်ရှိခဲ့ပေ။ (၁၈၈၅) ခုနှစ်တွင် ပခုက္ကူရွာကလေးနှင့် ဧရာ၀တီမြစ်ကြီးကြားရှိ ကျယ်ပြန့်သောသဲသောင်ကြီး ပျောက်ကွယ်သွားသည့်အတွက် မြစ်ကြောင်းသည် ပခုက္ကူရွာကလေးအနီးမှစီးဆင်းသွား၍ ဆိပ်ကမ်းဖြစ်လာပြီး ပခုက္ကူရွာကလေးကို အစွဲပြုကာ (၁၈၈၇) ခုနှစ်တွင် ပခုက္ကူမြို့ဖြစ်လာခဲ့သည်။ ပခုက္ကူမြို့ရှိ သီဟိုဠ်ရှင်ဘုရားကို မြို့ခံများက ဘုရားကြီးဟုခေါ်ဆိုပြီး နှစ်စဉ်နှစ်တိုင်း နယုန်လတွင် ဘုရားပွဲတော်ကျင်းပလေ့ရှိကာ အနယ်နယ်အရပ်ရပ်မှ ပွဲစျေးသည်များ၊ ဘုရားဖူးဧည့်သည်များဖြင့် ဘုရားပွဲတော်မှာ အလွန်စည်ကားလှပါသည်။ ထို့ပြင် ပန်းပုလက်ရာအလွန်မြောက်သည့် ကမ္ဘာ့အံ့ဖွယ် ရွှေကူတံကဲတော်ကြီးနှင့် ရွှေကူဘုရား၊ ဧရာ၀တီမြစ်ကမ်းနဖူးပေါ်တွင်တည်ရှိသော အသောကမင်းကြီး၏ ကောင်းမှုတော်ရွှေမုဌောစေတီ၊ ရွှေတန့်တစ်သရက္ခန်ဘုရား၊ ပုဂံစွယ်တော်လေးဆူတွင် တစ်ဆူအပါအဝင်ဖြစ်သည့် တန့်ကြည်တောင် စေတီတော်၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ရှိ ရွှေဂူကြီးဘုရား၊ ကုန်းဘောင်ခေတ်ဘုရားစုနှင့် နံရံဆေးရေးပန်းချီများကို လေ့လာကြည်ညိုနိုင်ပါသည်။

 ပခုက္ကူမှဆက်လျှင် (၁၂) မိုင်အကွာ ရေစကြိုမြို့နယ်၊ ပုခန်းကြီးဒေသတွင် ပုခန်းကြီးရှေးဟောင်းသုတေသနပြတိုက်နှင့် ပုခန်းကြီးသစ်သားကျောင်းတော်ကြီး၊ ရှေးဟောင်းစေတီပုထိုးများ၊ သရက္ခန်ဘုရားများတည်ရှိရာ စည်သူရှင်မြတ်စွာဘုရား၊ ရှင်မတောင်မြတ်စွာဘုရား၊ ပုခန်းကြီးမြို့ဟောင်း၊ ဘကြီးတော်ဘုရားလက်ထက်ကတည်ဆောက်ခဲ့သော မအူရှေးဟောင်းသစ်သားတံတားတို့တည်ရှိနေပြီး ပခုက္ကူမြို့မှ (၂၇) မိုင်ဝေးကွာသော မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာနှင့် ပေါက်ကောင်းကျေးရွာတို့သည် နှစ်သန်းပေါင်း (၄၀) သက်တမ်းရှိ လူတူပရိုင်းမိတ်မေရိုးများတွေ့ရှိရာဒေသဖြစ်၍ ထင်ရှားလှပါသည်။ မြိုင်မြို့တွင် ယခုအခါ လူမှုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism) ကို ဖော်ဆောင်လျက်ရှိပါသည်။ မြိုင်မြို့အနီး (၂) မိုင်ခန့်အကွာ အင်းရောင်းကျေးရွာအုပ်စုရှိ ကျေးရွာ (၄) ရွာနှင့် Action aid Myanmar အဖွဲ့တို့ပူးပေါင်းပြီး ယင်းတိုင်းတောင်ဆည်အနီးတွင် တည်းခိုဆောင်များဆောက်လုပ်၍ လူမှုအခြေပြုခရီးသွားလုပ်ငန်းကို ဖော်ဆောင်လျက်ရှိရာတွင် ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့မှစတင်၍ နိုင်ငံခြားသားခရီးသွားများရောက်ရှိကာ လည်ပတ်လျက်ရှိပါသည်။

   မကွေးတိုင်းဒေသကြီးတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့်သိပ္ပံကျောင်းပေါင်း (၁၇) ခုရှိပါသည်။ မကွေးတိုင်း‌ဒေသကြီး၏ အဓိကတွင်းထွက်သယံဇာတမှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ဖြစ်သည်။   ရေနံမြေများမှာ ချောက်ရေနံမြေ၊ ရေနံချောင်းရေနံမြေ၊ ထောက်ရှာပင်ရေနံမြေ၊ မင်းဘူးရေနံမေ၊ မန်းရေနံမြေနှင့် ကျောက်ခွက်လက်ပံတိုရေနံမြေတို့ဖြစ်ကြသည်။ မကွေးတိုင်းဒေသကြီးသည် ပဲမျိုးစုံနှင့်   ဆီထွက်သီးနှံများကို အဓိကစိုက်ပျိုးပြီး မြန်မာပြည်၏ ဆီအိုးကြီးဟု တင်စားခေါ်ဝေါ်ရသည့် တိုင်းဒေသကြီးလည်းဖြစ်သည်။ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ စပါး၊ ပြောင်း၊ ကျွန်းသစ်၊ ပိတောက်၊ အင်၊ အင်ကြင်း၊ သစ်ရာ၊ ပျဉ်း၊ ပျဉ်းကတိုး၊ ဝါးအမျိုးမျိုးနှင့် အာလူး စသည်တို့ကို အဓိကစိုက်ပျိုးကြပါသည်။ မကွေးတိုင်းဒေသကြီး၏ အဓိကစက်မှုဇုန်များမှာ ပခုက္ကူစက်မှုဇုန်နှင့် ရေနံ ချောင်းစက်မှုဇုန်တို့ဖြစ်ကြသည်။

     အချုပ်အားဖြင့်ဆိုရလျှင် မကွေးတိုင်းဒေသကြီးသည် စေတီပုထိုးများပြားခြင်း၊ သဘာဝရူခင်းများဖြင့် သာယာလှပခြင်းတို့အပြင် သဘာ၀အခြေအနေအရ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် အခြေခံကောင်းများနှင့် ပြည့်စုံလျက်ရှိနေသဖြင့် လူမှုအခြေပြု ခရီးသွားလုပ်ငန်းကို တိုးချဲ့၍သော်လည်းကောင်း၊ အခြေခံခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်ရာတွင်လည်းကောင်း ယဉ်ကျေးမှုအခြေခံခရီးသွားလုပ်ငန်းကို ဖော်ဆောင်ရာတွင်လည်းကောင်း အောင်မြင်မှုများစွာရရှိနိုင်မည့် တိုင်းဒေသကြီးတစ်ခုဖြစ်လာနိုင်ပါသည်။ ထို့ပြင် စီးပွားရေးအရလည်း ပဲ၊ နှမ်း စိုက်ပျိုးရေးကို အဓိကအခြေခံလုပ်ကိုင်သည့်အတွက် မြန်မာနိုင်ငံအလယ်ပိုင်း၏ ဆီအိုးကြီးဒေသအဖြစ် ထင်ရှားလှပါသည်။   ပွင့်ဖြူမြို့၊ ကုန်းဇောင်းဧရာပဒေသာဆန်မှာလည်း မြန်မာနိုင်ငံတစ်ဝန်းလုံးစားသုံးနေကြသည့်အပြင် နိုင်ငံ ခြားပို့ကုန်  တစ်ခုအနေဖြင့်လည်း  တင်ပို့ရောင်းချလျက်ရှိပါသည်။ ဒေသတွင်းထွက်ကုန်များအနေဖြင့် မကွေးမြို့ထွက် မြေပဲယို၊ နှမ်းယို၊ မြေပဲလိပ်၊ ဆုံဆီများဖြစ်သော မြေပဲဆီ၊ နှမ်းဆီ၊ ရေစကြိုဒေသထွက် ထန်းသီးမုန့်၊ အမွှေးတိုင်၊ ပခုက္ကူဒေသထွက် ချည်ထည်မျိုးစုံ၊ မြိုင်ဒေသထွက် သနပ်ခါးတို့မှာ ထင်ရှားကျော်ကြားလှသော ဒေသထွက်ကုန်များဖြစ်ကြသည်။

    သို့ဖြစ်ပါ၍ စေတီပုထိုးများ၊ သဘာဝရူခင်းများ၊ ယဉ်ကျေးသိမ်မွေ့သော ရိုးရာမြန်မာ့ဓလေ့များဖြင့် ဖုံးလွှမ်းလျက်ရှိသည့် လှပသောကျွန်မတို့မြေကို အလည်တစ်ခေါက် အရောက်လာရန်အတွက် ဖိတ်ခေါ်လိုပါသဖြင့် “လှမ်းခဲ့ပါလေ တိုင်းဌာနေ ကျွန်မတို့ရဲ့ ရွှေညာမြေ” ဟု ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)