
မြန်မာပြည်တွင် ဖန်ခါးသီးမျိုးစိတ်များစွာရှိသည့်အနက် မည်သည့်အတွက်ကြောင့် မကွေးဖန်ခါးသည် ပို၍နာမည်ကျော်ကြားနေသည်ဆိုသည်ကို မိမိအနေဖြင့် အတွေးနယ်ချဲ့မိပါသည်။ အခြားသောဒေသများမှလည်း မကွေးသူများကို “ဖန်ခါးသူရယ်” ဟု ချစ်စနိုးဖြင့် ခေါ်ဝေါ်လေ့ရှိကြပါသည်။ မကွေးဒေသထွက် ဖန်ခါးသီးများထဲမှ မြို့၏အရှေ့ဘက် “သမိုင်းဝင်မူလ မြသလွန်စေတီတော်” တည်ရှိသည့် ဘုရားပြိုကျေးရွာမှ ဖန်ခါးသီးသည် အလွန်ပင်နာမည်ကြီးလှပေသည်။ ထို့ပြင် နှစ်စဉ် ကမ္ဘာလှည့်နိုင်ငံခြားသားခရီးသည်များနှင့် မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိသည့် “မကွေးမြို့အစွန် မြသလွန်စေတီတော်” တွင်လည်း သမိုင်းဝင်ဖန်ခါးပင်များပေါက်ရောက်လျက်ရှိပါသည်။
ယခုကဲ့သို့ အလွန်နာမည်ကြီးလှသော ဖန်ခါးသီးများစွာထွက်ရှိသည့် ဘုရားပြိုကျေးရွာ၏ သမိုင်းအကျဉ်းချုံးကိုပြောပြရမည်ဆိုပါက ဂေါတမမြတ်စွာဘုရားရှင်သည် ဧရာဝတီမြစ်၏ အနောက်ဘက် စက္ကိန်းတဲတောင်ထိပ်တွင် သီတင်းသုံးနေတော်မူစဉ် သိကြားနတ်မင်းသည် ရှေးဘုရားအဆူဆူပွင့်တော်မူစဉ်က စက္ကိန်းတဲတောင်ထိပ်သို့ ကြွချီသည်ရှိသော် ရတနာသလွန်တော်ကို လှူဒါန်းမြဲဖြစ်၍ ဂေါတမမြတ်စွာဘုရားရှင်အား မြသားအတိပြီးသောသလွန်တော်ကို လာရောက်လှူဒါန်းခဲ့ပါသည်။ ထိုစဉ်အခါ ဧရာဝတီမြစ်၏ အရှေ့ဘက်တောအုပ်ရှိ ဘောကျော်၊ ဘောသော၊ ဘောသူရ၊ ဘောရသမည်သော ဘီလူးညီနောင်လေးဦးတို့က မြတ်စွာဘုရားရှင်ထံ ဖန်ခါးသီးများကပ်လှူပူဇော်ခဲ့ပြီး တရားတော်နာကြားခွင့်ရကာ အကျွတ်တရားရရှိပြီးသကာလ ဘုရားရှင်ကိုယ်စား ကိုးကွယ်ရာ အမွေတစ်စုံတရာပေးသနားတော်မူပါဟု လျှောက်ထားခဲ့ရာတွင် မြသလွန်တော်ကိုပေးစွန့်တော်မူခဲ့ပြီး အဆိုပါမြသလွန်တော်ကို ဘုရားပြိုကျေးရွာတွင်ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့ပါသည်။ သို့ရာတွင် အဆိုပါနေရာသည် မြတ်စွာဘုရားရှင်၏ သလွန်တော်တည်ထားရမည့်နေရာ မဟုတ်၍ သိကြားနတ်မင်းက မိုးကြိုးစက်ဖြင့်ဖြိုခွင်း၍ ယခု ဧရာဝတီမြစ်ကမ်းနဖူးထိပ်၌ အခြားသလွန်တော်များနှင့်အတူ ဌာပနာ၍ တည်ထားစေခဲ့သည်ဟု မကွေးမြသလွန်သမိုင်းတွင် ဖော်ပြထားသည်ကိုလည်းလေ့လာသိရှိရပါသည်။
ဖန်ခါးပင်သည် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် တောင်ပေါ်ဒေသများတွင် အများဆုံးပေါက်ရောက်ပြီး မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် စိုက်ပျိုးနိုင်သောနှစ်ရှည်သီးပင်ဖြစ်ပါသည်။ အိန္ဒိယ၊ နီပေါ၊ တရုတ်၊ ဗီယက်နမ်နိုင်ငံများတွင်လည်းတွေ့ရှိရပါသည်။ ဖန်ခါးပင်သည် ပင်စည်ဖြောင့်မတ်၍ အခေါက်ထူကာ အပူပိုင်းအရိပ်ရအပင်ကြီးမျိုးဖြစ်ပါသည်။ အပူချိန်နှင့် မိုးရေချိန် အနည်းအများဒဏ်ကိုလည်းခံနိုင်ရည်ရှိပါသည်။ ဖန်ခါးရွက်သည် ရွက်လွှဲထွက်၍ ရွက်ကြောများမှာ ထင်ရှားပြီး ရွက်ထိပ်ချွန်ပါသည်။ ပွင့်ညှာမဲ့ပန်းခိုင်ဖြစ်၍ အဝါရောင်ပန်းများပွင့်ပြီး အသီးမှာ ဘဲဥပုံသဏ္ဌာန်ရှိကာ အသားထူ၍ အစေ့တစ်စေ့သာပါရှိပါသည်။ အသီးသည် မာကျော၍ ရင့်လာသည့်အခါ အသီးပေါ်တွင် အမြှောင်းများထွက်ပေါ်လာပါသည်။ ဝါးလိုက်တိုင်း ကြွပ်ဆတ်ကာ ချဉ်၊ ဖန်၊ ခါး ရသာမျိုးစုံထူးခြားမှုကို ခံစားမိစေပါသည်။ အခိုင်လိုက်သီးသောအပင်မျိုးဖြစ်၍ စိတ်ကိုကြည်လင်စေပြီး မြင်ရသူ၏ စိတ်ထဲဝယ် ကြည်နူးချမ်းမြေ့မှုကိုပေးသောအသီးပင်ဖြစ်ပါသည်။
ဖန်ခါးပင်သည် နှစ်စဉ် မေလတွင် ပန်းများစတင်ပွင့်ဖူးကာ ဇူလိုင်လမှ စက်တင်ဘာလအထိသည် ဖန်ခါးသီးများကိုခူးဆွတ်ချိန်ဖြစ်ပါသည်။ ဖန်ခါးသီးဆိုသည့်အတိုင်းပင် ဖန်၍ ခါးသောအရသာရှိပြီး နောက်မှသာ ချိုတဲ့အရသာကိုခံစားမိစေပါသည်။ ဖန်ဖန်ခါးခါးအရသာကြောင့် လူကြိုက်နည်းသော်လည်း မြန်မာ့ထမင်းဟင်းများတွင် ငါးပိရည်အတို့အမြုပ်တို့၌ သူမပါမပြီးသည့် အလွန်လိုက်ဖက်လှသော အထင်ကရအသီးတမျိုးပင်ဖြစ်ပါသည်။ ဖန်ခါးသီးကို ထောင်း၍စားသုံးကြသည့်အပြင် ကြာရှည်စွာအထားခံအောင် ဆားရည်စိမ်၍လည်းစားသုံးကြပါသည်။ အညာကျေးလက်ဒေသများတွင် မနက်ခင်း၌ ထမင်းဖြူဆီဆမ်း၊ ငါးပိဖုတ်နှင့် ဖန်ခါးသီးကို အလုံးလိုက်ဖဲ့၍ တို့မြှုပ်စားရသည့်အရသာသည် နတ်သုဒ္ဓါသမျှ အရသာရှိလှပြီး ထမင်းမြိန်စေပါသည်။ ၂၀၂၂ခုနှစ်တွင် အသေးစား၊ အလတ်စားဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကျင်းပသည့် ဒေသထွက်ကုန်ပြပွဲတွင် ဖန်ခါးသီးကို ဝိုင်အဖြစ်ထုတ်လုပ်၍ ဈေးကွက်အတွင်း ထိုးဖောက်ခဲ့ရာ သုံးစွဲသူများမှာ အလွန်နှစ်သက်၍ ယခုဖန်ခါးရာသီမှစ၍ ဖန်ခါးဝိုင်ကို ဈေးကွက်အတွင်း စီးပွားဖြစ်ဖြန့်ချိသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
ဖန်ခါးသီးထွက်ပေါ်ချိန်တွင် မကွေးမြို့၏ ဒေသလက်ဆောင်အဖြစ် ဖန်ခါးသီးများကို အမြတ်တနိုးတန်ဖိုးထားကာ ပေးလေ့ရှိကြသည်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့်မြို့ကြီးများကလည်း တကူးတကမှာယူစားသုံးကြပါသည်။ ဈေးကွက်တွင်လည်း ကီလို၊ နို့ဆီဘူး၊ ပြည်ကောက်များဖြင့် အရောင်းအဝယ်ပြုကြပါသည်။ ဖန်ခါးပျိုးပင်ငယ်တစ်ပင်လျှင် ကျပ် (၃၅၀၀-၅၀၀၀)၊ အပင်ကြီးလျှင် ကျပ် (၈၀၀၀-၁၀၀၀၀) တို့ဖြင့် အရောင်းအဝယ်ပြုကြပါသည်။ တစ်နှစ်လျှင် တစ်ကြိမ်သီး၍ (၃) လအကြာ စားသုံးနိုင်သောအပင်ဖြစ်ပါသည်။
ဖန်ခါးပင်စိုက်ပျိုးရာတွင် ကိုင်းကူး၍လည်းကောင်း၊ အစေ့ကိုပျိုးထောင်၍လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။ ပျိုးသက် (၃-၄) လအကြာတွင် ပျိုးအိတ်တွင်ထည့်ကာ စိုက်ပျိုးရပြီး (၁) နှစ်သားခန့်တွင် မြေချ၍စိုက်ပျိုးနိုင်ပါသည်။ ဖန်ခါးပင်သည် မြေဆွေး၊ နုန်းမြေနုများကို အလွန်နှစ်သက်၍ ရာသီဥတုဒဏ်ကိုခံနိုင်ပါသည်။ အပင်သက် (၆-၇) နှစ်ခန့်တွင် အသီးစတင်၍သီးကာ အပင်သက်တမ်းရင့်လာပါက အသီးအထွက်နှုန်းပိုကောင်းပါသည်။ မြန်မာနိုင်ငံအလယ်အပူပိုင်းဒေသနှင့် တောင်ပေါ်ဒေသများတွင် သဘာဝအလျောက် ပိုမိုကောင်းစွာဖြစ်ထွန်းပါသည်။
မြန်မာဆေးကျမ်းများအရ ဖန်ခါးသီးကပေးသည့် ဆေးစွမ်းများမှာ များလှပါပေသည်။ ရဟန်း၊ သံဃာတော်တို့သည် နေ့လွဲညစာဘုန်းပေးခြင်းမပြုရသော်လည်း မြတ်စွာဘုရားရှင်က ဆီးဖြူသီး၊ ဖန်ခါးသီးများကိုမူ နေ့ညမရွေး ဘုန်းပေးခွင့်ပြုထားသည့်အတွက် ထူးခြားသောဆေးဖက်ဝင်အသီးဖြစ်ပါသည်။ ထို့ကြောင့် “ဆီးဖြူ၊ ဖန်ခါး ရဟန်းစား” ဟူ၍ ဆိုရိုးစကားရှိပါသည်။ ထို့ပြင် “ချစ်ရတဲ့သူတွေကို အမြတ်တနိုးတန်ဖိုးထားကာ အာခံတွင်းထဲ ငုံထားမတတ်” ဟု တင်စားသည့်အခါမျိုးတွင်လည်း “ဆီးဖြူ၊ ဖန်ခါးအလား ငုံထားမတတ်ပါကွယ်” ဟူ၍ သီချင်းအထိ ဖော်ပြခြင်းခံရသည့်အသီးဖြစ်ပါသည်။ ရှားရှားပါးပါး ဖန်ခါးသီးဆိုသည့်အတိုင်း နာမည်နှင့် အရသာ တစ်ထပ်တည်းကျသော ထူးခြားသည့်အသီးပင်ဖြစ်ပေသည်။
“အစာလည်းဆေး၊ ဆေးလည်းအစာ” ဟူသောဆိုရိုးရှိသကဲ့သို့ ဖန်ခါးသီးကိုစားသုံးခြင်းအားဖြင့် အစာခြေစနစ်ကို မြှင့်တင်ပေးရုံသာမက ခံတွင်းရှင်းစေပါသည်။ အူနှင့်ဆိုင်သောရောဂါများကို ကာကွယ်ပေးခြင်း၊ အစာ၏ အာဟာရစုပ်ယူမှုကို တိုးမြှင့်ပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ ကိုယ်အလေးချိန်ထိန်းညှိပေးခြင်းကြောင့် အဝလွန်သူများအနေဖြင့် ဝိတ်ချရာတွင် အလွန်အသုံးဝင်ပါသည်။ ဖန်ခါးသီးတွင် ဗီတာမင် C၊ ဗီတာမင် E၊ Superoxide dismutase နှင့် Glutathione တို့ပါဝင်နေခြင်းကြောင့် ခန္ဓာကိုယ်အတွက် များစွာအထောက်အကူဖြစ်စေပါသည်။
ဖန်ခါးသီးကို ထု၍ (၁) ညရေစိမ်ပြီး ထိုရေကြည်ဖြင့် မျက်စိကိုဆေးပေးပါက မျက်စိနာကျင်ကိုက်ခဲခြင်း၊ မျက်စိအမြှေးရောင်ခြင်းတို့ကို သက်သာပျောက်ကင်းစေပါသည်။ ဖန်ခါးပြုတ်ရည်ကို ပါးစပ်ရောင်၊ ပါးစပ်နာ၊ သွားဖုံးရောင်ရောဂါများတွင် ပလုပ်ကျင်းဆေးအဖြစ် အသုံးပြုကြပါသည်။ မီးလောင်ဒဏ်ရာ၊ မီးလောင်ဖုများကို ဖန်ခါးသီးအခြောက်မှုန့်နှင့် အုန်းဆီတို့ကိုရော၍ လိမ်းပေးခြင်းဖြင့် အနာသက်သာပျောက်ကင်းစေပါသည်။ ဖန်ခါးသီးကို ဝမ်းနှုတ်ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြပါသည်။ ဖန်ခါးသီးကို မှီဝဲခြင်းဖြင့် သွားနှင့်ခံတွင်းကျန်းမာစေခြင်း၊ ကင်ဆာရောဂါဖြစ်ပွားမှုကိုကာကွယ်ခြင်း၊ ဘက်တီးရီးယားပိုးမွှားများကိုသေစေနိုင်ခြင်း၊ အမြင်အာရုံကောင်းမွန်ခြင်း စသည့်အကျိုးကျေးဇူးများစွာရရှိနိုင်မည်ဖြစ်ပါသည်။
ဖန်ခါးသီးသာမက အရွက်၊ အခေါက်၊ အစေ့တို့သည်လည်း အလွန်ဆေးဖက်ဝင်လှပါသည်။ ဖန်ခါးစေ့များကို ဆန်ဆေးရည်သန့်သန့်ဖြင့်သွေး၍ ဝက်ခြံနှင့် အနာများပေါ်တွင်လိမ်းပါက အမာရွတ်မကျန်ဘဲ သက်သာပျောက်ကင်းစေပါသည်။ ဖန်ခါးရွက်များကို ဝမ်းနုတ်ဆေး၊ သွေးဆေး၊ လေဆေး၊ မျက်စိနာပျောက်ဆေးတို့ကိုဖော်စပ်ရာတွင် အသုံးပြုကြပါသည်။ အခေါက်ကိုပြုတ်၍ သောက်သုံးပါက ဝမ်းလျှော၊ ဝမ်းကိုက်ရောဂါများပျောက်ကင်းစေပါသည်။ ရုတ်တရက်ရရှိသော ထိခိုက်ဒဏ်ရာများပေါ်တွင် ဖန်ခါးအခေါက်ကို ကြိတ်၍အုံပေးခြင်းဖြင့် သွေးထွက်လွန်ခြင်းကို ရပ်တန့်စေပါသည်။ သို့သော် “တန်ဆေး၊ လွန်ဘေး” ဆိုသည့်အတိုင်း အလွန်အမင်းစားသုံးခြင်းကိုမူ ရှောင်ကြဉ်သင့်ပါသည်။
ဖန်ခါးသီး၏ ဆေးဖက်ဝင်ပုံ၊ အသုံးဝင်ပုံကို လူအတော်များများမှာ နှံ့နှံ့စပ်စပ်မသိကြပေ။ “ပန်းသတင်း လေညှင်းဆောင်၊ လူသတင်း လူချင်းဆောင်” ဆိုသည့်အတိုင်း ဖန်ခါးသီးစားသုံးခြင်းဖြင့် ရရှိလာနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးတွေကို လူအများသိရှိလာပြီး သက်ရှည်ကျန်းမာစွာနေထိုင်နိုင်စေခြင်း၊ အရိပ်ရအပင်ကြီးမျိုးဖြစ်သည့်အတွက် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ကာကွယ်နိုင်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုကို တားဆီးနိုင်ခြင်းတို့အပြင် ဖန်ခါးသီးကို ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်မည်ဆိုပါက ဈေးကွက်အလားအလာပိုမိုကောင်းမွန်ပြီး နိုင်ငံတော်၏ စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေမည့်အပြင် တိုးချဲ့စိုက်ပျိုးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရေး ရည်ရွယ်၍ ရေးသားတင်ပြအပ်ပါသည်။
DOCA(မကွေး)