စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က အနီးကပ်ကြီးကြပ်၍ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၂၂.၆.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ပခုက္ကူမြို့၊ မြို့သစ်ရပ်ကွက်ရှိ "ကောင်းစုဝေ" နှင့် "ထူးကဲ" ကြက်သွန်ကြော် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)တွင် ပြဌာန်းထားသော အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြစေရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။
ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက လုပ်ငန်းရှင်များကို ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနသည် ပြည်သူအတွက်အကျိုးပြုသောဌာနဖြစ်ကြောင်း၊ စားသုံးသူပြည်သူများအတွက် ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက နစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) ဖွင့်လှစ်ထားရှိမှုများအကြောင်း၊ တိုင်ကြားခြင်းနှင့် ကုစားပေးခဲ့မှုများအကြောင်း၊ တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် နေရာများ အကြောင်း၊ စားသုံသူရေးရာကိစ္စများ စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (1535)ဖွင့်လှစ်ထားကြောင်း အသေးစိတ်ဆွေးနွေးခဲ့ပါသည်။
ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်း ချက်ဖြစ်သော ကုန်စည်နှင့်ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ယခုလို ကွင်းဆင်း၍ အသိပညာပေးရခြင်းဖြစ်ကြောင်း၊ စားသုံးသူများမှ စားသောက်ကုန်တစ်ခုခုကို ရွေးချယ် ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြမှုမှာ အရေးကြီးသော အခန်းကဏ္ဍတွင်ရှိကြောင်း၊ ပြည့်စုံစွာထည့်သွင်းဖော်ပြခြင်းဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည်ကိုသိရှိလာပြီး မိမိတို့အတွက်လည်း အကျိုးစီးပွားများ ပိုမိုအောင်မြင်လာမည်ဖြစ်သောကြောင့် လိုက်နာဆောင်ရွက်စေလိုကြောင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။
လုပ်ငန်းရှင်များမှ ယခုလိုလာရောက် အသိပညာပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ မဖြစ်မနေလာရောက်ပြီး ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက် တင်မည်ဖြစ်ကြောင်း၊ ကြက်သွန်ကြော်လုပ်ငန်းမှာ ကြက်သွန်ဈေးနှုန်း မြှင့်တက်နေသောကြောင့် တွက်ခြေကိုက်မှုနည်းကြောင်း၊ မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်းဖြစ်သောကြောင့်ဆက်လက်လုပ်ကိုင်နေကြောင်း၊ ယခင်က ကြက်သွန်ဈေးနှုန်းသင့်တင့်ပြီး ဆီဈေးလည်း အဆင်ပြေသောကြောင့် အကျိုးအမြတ်ရှိကြောင်း၊ အမှာများရှိ၍ ဖောက်သည်မပျက်လိုသောကြောင့် ကြက်သွန်ကြော်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေကြောင်း၊ ယခုလိုလုပ်ငန်းရှင်များ၏အကျိုးအတွက် လာရောက်ကွင်းဆင်းပြီး အသိပညာပေးသည့်အတွက် စားသုံးသူရေးရာဦးစီးဌာနကို ကျေးဇူးအထူးတင်ပါကြောင်း ပြောပြခဲ့ပါသည်။
DOCA(မကွေး)