ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိပြည်သူများ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ယနေ့ (၂၃.၆.၂၀၂၃)ရက်နေ့ နံနက်ပိုင်းက တိုးရွှေဝါခန်းမဘေး ကျောက်တိုင်းကွင်းအရှေ့တွင် ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချရာတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ ဆန်တစ်ပြည်လျှင်ငွေကျပ် ၂၅၀၀၀ နှုန်း၊ ဝက်သား တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၀ နှုန်း၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ငွေကျပ် ၅၃၀၀ နှုန်း၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၂၂၀နှုန်း နှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို ခရိုင်/မြို့နယ်အတွင်းရှိ ပြည်သူများထံသို့ ဈေးနှုန်းသက်သာစွာရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
အလားတူပင် မအူပင်ခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ပန်းတနော်မြို့၊ ညောင်တုန်းမြို့၊ ဓနုဖြူမြို့နယ်များရှိ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများသည်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိပြည်သူများ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အပတ်စဉ်အလိုက် ရောင်းချနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)