စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု - ခရိုင်ဦးစီးမှူး ဒေါ်တိုးတိုးချွန်နှင့် ဝန်ထမ်း (၁) ဦးတို့သည် ၂၀၂၃ခုနှစ်၊ဇွန်လ (၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်ရှိ မခိုင် ဝက်အူချောင်း၊ ကြက်အူချောင်း လုပ်ငန်းရှင် မခိုင် နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ထိုသို့တွေ့ဆုံမေးမြန်းရာတွင် “မခိုင်” ဝက်အူချောင်း၊ ကြက်အူချောင်း လုပ်ငန်းကို ၂၀၁၀ ခုနှစ်တွင် မိသားစုလုပ်အားဖြင့် စတင်ခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးအနေဖြင့် ကျပ်သိန်း (၁၅၀ ) ခန့် ရှိကြောင်း သိရှိရပါသည်။
ကုန်ကြမ်းဖြစ်သော ဝက်သား၊ ကြက်သားများကို မုံရွာမြို့၊ မြသလ္လာဈေးမှ ဝက်သား တစ်ပိဿာ (၁၈၀၀၀)ကျပ်၊ ကြက်သားတစ်ပိဿာ (၁၅၀၀၀)ကျပ်ဖြင့် ဝယ်ယူကြောင်း၊ ဆိတ်အူကို အသုံးပြုပြီး ဆိတ်အူတစ်ပိဿာလျှင် (၂၅၀၀၀)ကျပ် ပေးရကြောင်း၊ ဆိတ်အူတစ်ပိဿာကို သန့်စင် လိုက်ပါက (၁၀)ကျပ်သားခန့်သာ ရရှိကြောင်း၊ ဝက်အူချောင်း၊ ကြက်အူချောင်းလုပ်ငန်းကို မိသားစု လုပ်အားအပြင် လုပ်သား (၂)ဦးဖြင့် လုပ်ကိုင်ပါကြောင်း၊ လုပ်သားတစ်ဦးလျှင် တစ်ရက် စားရိတ်ငြိမ်း (၇၀၀၀)ကျပ်နှုန်း ပေးရပါကြောင်း၊ တစ်လလျှင် (၂၀)ရက် လုပ်ငန်းလည်ပတ်ပြီး တစ်ရက်လျှင် ဝက်အူချောင်း (၅- ၆) ပိဿာနှင့် ကြက်အူချောင်း (၂-၃) ပိဿာ ထုတ်လုပ်ပါကြောင်း၊ ကြက်သား ကုန်ကြမ်းတစ်ပိဿာ ထုတ်လုပ်လျှင် အတောင့်ရေ (၆၀-၇၀)၊ ဝက်သားကုန်ကြမ်း တစ်ပိဿာလျှင် အတောင့်ရေ(၄၀-၅၀)ကြား ထွက်ရှိပါကြောင်း၊ ဝက်အူတောင့် တစ်တောင့်လျှင် (၆၅၀)ကျပ်နှင့် ကြက်အူတောင့် တစ်တောင့်လျှင်(၃၅၀)ကျပ် ရောင်းချရပြီး တစ်ရက်လျှင် ကြက်အူချောင်း (၁၈၀) တောင့်၊ ဝက်အူချောင်း (၂၅၀)တောင့်ခန့်ရောင်းချရပါကြောင်း၊ မုံရွာမြို့တွင်းနှင့် မိမိဒေသထွက် လက်ဆောင်အနေဖြင့် ပေးရန်အတွက် ရောင်းချရပါကြောင်း သိရှိရပါသည်။
ကြုံတွေ့ရသော အခက်အခဲအနေဖြင့် ကုန်ကြမ်းဈေးနှုန်း ကြီးမြင့်မှုကြောင့် ယခင်က ကဲ့သို့ အရောင်းအဝယ် မဖြစ်တော့ဘဲ လုပ်သားများ အလုပ်လက်မဲ့ မဖြစ်စေရန်နှင့် မိမိတို့လုပ်ငန်း ဈေးကွက်အတွင်းမှ ပျောက်မသွားစေရန်အတွက်သာ လုပ်ကိုင်နေရခြင်းဖြစ်ကြောင်း သိရှိရပြီး ဌာနမှ ဝန်ထမ်းများကလည်း စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ တွင် ပြဌာန်းထားသော စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေး ဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။
DOCA(စစ်ကိုင်း)