စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင် ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်သည် ဇွန်လ ၁၆ ရက်နေ့၊ နံနက် ၀၉း၃၀ နာရီက စစ်ကိုင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အားကစားနှင့် လူငယ်ရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စံပယ်ဦး၊ မြို့နယ်မူးယစ်အဖွဲ့မှ ဒု-ရဲအုပ် ဦးအောင်ကျော်စိုးတို့နှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေး ဆွေးနွေးခဲ့ရာ အခမ်းအနားသို့ ဆရာ/ဆရာမ (၁၄)ဦး၊ ကျောင်းသား/သူ (၂၃၀)ဦး၊ ဌာနဆိုင်ရာ (၅)ဦး၊ စုစုပေါင်း (၂၄၉) ဦး တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ အဆင့်ဆင့်ကိုပြောကြားပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့က ပြဌာန်းခဲ့ကြောင်း၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ ၈၄ ခု ပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေ ကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့ ကပြဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၉) ပုဒ်မ(၁၉)နှင့်ပုဒ်မ(၂၀)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေး (၈)ချက်နှင့် စားသုံးသူ၏တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြမည့် အချက်(၈) ကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ်တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ပုဒ်မ(၄၃)ပါပြဌာန်းချက် နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန် ပုဒ်မ(၆၈)၌ ပြဌာန်းထားပြီး၊ ပုဒ်မ(၆၈)ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေသည် စားသုံးသူများကို ကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကို ထိန်းကျောင်းပေးသည့် ဥပဒေတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူအခွင့်ရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊ Website ၊ Gmail တို့ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားပြီး တိုင်ကြားရန် လိပ်စာများပါသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ဆက်လက်၍ မြို့နယ်အားကစားနှင့်လူငယ်ရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စံပယ်ဦးက အားကစားနှင့် ပတ်သက်သောအချက်အလက်များကို ဆွေးနွေးဟောပြောခြင်း ၊ မြို့နယ်မူးယစ်အဖွဲ့မှ ဒု-ရဲအုပ် ဦးအောင်ကျော်စိုးက မူးယစ်ဆေးဝါးနှင့် ပတ်သက်သောအချက်အလက်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)