Main menu

စစ်ကိုင်းမြို့ ဒေသထုတ်ကုန် ဂျုံခေါက်ဆွဲ

Powered by Drupal
Fri, 06/30/2023 - 12:45 -- consumer_admin

     မြန်မာလူမျိုးတို့၏ အဓိကအစားအစာသည် ဆန်နှင့်ဆန်ဖြင့်ပြုလုပ်သော မုန့်မျိုးစုံတို့ဖြစ်သည်။ ခေါက်ဆွဲသည် တရုတ်လူမျိုးတို့၏ အဓိကအစားအစာဖြစ်သည်။ ဂလိုဘယ်လိုက်ဇေရှင်း၊ ကမ္ဘာ့ရွာ၊ အင်တာနက်၊ သတင်းမီဒီယာ ဝေါဟာရများ တွင်ကျယ်လာခြင်းနှင့်အတူ နိုင်ငံတစ်ခုမှ တစ်ခုသို့၊ လူမျိုးတစ်မျိုးမှတစ်မျိုးသို့ အမူအကျင့် ယဉ်ကျေးမှုများ ရွေ့လျောလာသည်။ မြန်မာလူမျိုးများသည် ကိုးရီးယားရုပ်ရှင်တွေကို ကြိုက်နှစ်သက်မှုများလာပြီး ဆံပင်ပုံစံကအစ ကိုးရီးယားစတိုင် ဖြစ်လာကြသကဲ့သို့ တရုတ်အစားအစာဖြစ်သည့် ခေါက်ဆွဲကိုစားသုံးသည့် အလေ့အကျင့်များလည်း ကူးစက်လာသည်။ သီတင်းကျွတ်၊ တန်ခူးလများတွင် မိဘ၊ ဘိုးဘွား၊ ဆရာသမားများကို ကန်တော့သည့် ကန်တော့ပွဲများတွင် ခေါက်ဆွဲသည်လည်း အဓိကပါဝင်ပစ္စည်း ဖြစ်လာသည်။

     စစ်ကိုင်းမြို့တွင် ဂျုံမှုန့်ကို အသုံးပြုထုတ်လုပ်သည့် ဂျုံခေါက်ဆွဲစက် ၂၆ စက်ရှိသည်အနက် နှစ်စဉ် ဈေးကွက်ဝယ်လိုအားကြောင့် ထုတ်လုပ်မှုမြင့်တက်လျက်ရှိသော စိန်ကြည်ခေါက်ဆွဲစက်နှင့် ရွှေဆင်ခေါက်ဆွဲစက်အကြောင်း တင်ပြလိုက်ရပါသည်။

စိန်ကြည်ခေါက်ဆွဲ

   စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ စိန်ကြည်ခေါက်ဆွဲစက်သည် ၁၉၉၀ခုနှစ်ကစတင်၍ မတည် ရင်းနှီးငွေကျပ်သိန်း(၁၀၀၀)ဖြင့် တစ်ပိုင်တစ်နိုင် အိမ်တွင်းစားသောက်ကုန်လုပ်ငန်းအဖြစ် လုပ်ကိုင်ခဲ့ ရာ ယခုလုပ်သားအင်အား ကျား(၂၀)ဦး၊ မ(၆၀)ဦး စု‌စုပေါင်း(၈၀)ဦးအား အလုပ်အကိုင်အခွင့်အလမ်း များပေးထားနိုင်သည်။ နေ့စားလုပ်ခ တစ်ရက်၄၈၀၀ကျပ်မှ ၈၅၀၀ကျပ်၊လစာလုပ်ခ ကျပ်တစ်သိန်းမှ ကျပ်၃သိန်းကြား လုပ်ငန်းကျွမ်းကျင်မှု‌ပေါ်မူတည်၍ လုပ်အားခများပေးချေသည်။ ဂျုံကုန်ကြမ်းကို မန္တလေးမြို့မှ ဒုံးပျံတံဆိပ်ကို ဝယ်ယူအသုံးပြုသည်။ တစ်လလျှင်ကုန်ကြမ်း ဂျုံ ၃၀ ပိဿာဝင် အိတ် ၈၀၀ကို အသုံးပြု၍ ကုန်ချောခေါက်ဆွဲခြောက် ၂၃၀၀၀ ပိဿာ ခန့်ထုတ်လုပ်နိုင်သည်။

     ကုန်ချောထုတ်လုပ်ပုံအဆင့်ဆင့်မှာ ဂျုံပိဿာ၆၀ကို သင့်တင့်သည့်ရေ၊ဆားနှင့်ဆော်ဒါများဖြင့် မွှေသည့်စည်တွင်ထည့်ကာ အချိန်မိနစ်၂၀ခန့်မွှေသည်။ ထွက်ရှိလာသော ဂျုံများကို ကြိတ်ခုံ(၅)ခုမှ အဆင့်ဆင့်ဖြတ်၍ ဂျုံပြားများရရှိပြီးလျှင် ခေါက်ဆွဲမျှင်ဖြတ်သည့်စက်ဖြင့် အမျှင်များဖြတ်သည်။ ခေါက်ဆွဲမျှင်များကို တုတ်တန်းများပေါ်တွင်တင်၍ ရေနွေးငွေ့ဖြင့် အချိန်၆မိနစ်ကြာခန့်ပေါင်းသည့် ခေါက်ဆွဲများနှင့် အစိမ်းနေလှန်းသည့် ခေါက်ဆွဲအမျိုးအစားများဟူ၍ နှစ်မျိုးထုတ်လုပ်သည်။ ရေနွေး ငွေ့ဖြင့်ပေါင်းခံသည့် ခေါက်ဆွဲ၏အားသာချက်မှာ အမျှင်များပြတ်တောက်မှုနည်းသည်။ ပေါင်းခံပြီး ခေါက်ဆွဲများကို လက်ဖြင့်ခွေ၍ဗန်းများတွင်ထည့်၍လည်းကောင်း၊ အစိမ်းခေါက်ဆွဲများကို တုတ်တန်း များဖြင့်လည်းကောင်း လှန်းစင်များဖြင့် နေပူရှိန်ပြင်းလျှင်(၆)နာရီခန့် နေလှန်းသည်။ ခေါက်ဆွဲခြောက်ပါက သတ်မှတ်ထားသည့် အရှည်အတိုင်း ဖြတ်တောက်ပြီး ၂၀ ကျပ်သား၊ ၄၀ကျပ်သား၊ ၅၀ကျပ်သား စသည့် အလေးချိန်အသီးသီးဖြင့် ထုပ်ပိုးမှုပုံစံအမျိုးမျိုးဖြင့် ထုပ်ပိုးသည်။ ကုန်ချောများ ကို စိန်ကြည်ဂျုံခေါက်ဆွဲ၊ စိန်ကြည်ကြက်ဥခေါက်ဆွဲ၊ ရွှေမောင်း နန်းလုံး/နန်ပြား၊ ရွက်လှေ နန်းလုံး/ နန်ပြား၊ ရေနဂါးညီနောင် နန်းလုံး/နန်းပြား၊ ရွှေလက်ဝါး၊ ရှဲ့ရှဲ့ဟူ၍ တံဆိပ်အမျိုးမျိုး၊ ဈေးနှုန်း အမျိုးမျိုးဖြင့် ထုတ်လုပ်ရောင်းချသည်။ စက်ရုံလက်ကားဈေးနှုန်းများမှာ အလေး ချိန် အနည်းအများ ပေါ်မူတည်၍ တစ်ထုပ်လျှင်အနည်းဆုံး ကျပ် ၁၃၀၀မှ အများဆုံး ကျပ်၂၉၀၀ ထိသာ သတ်မှတ်ပြီး အရည်အသွေးမှန်၊ အလေးချိန်မှန်၊ ဈေးနှုန်းမှန်ဖြင့် ထုတ်လုပ်ရောင်းချသဖြင့် စားသုံးသူပြည်သူများ အတွက် သင့်တင့်မျှတသော ဈေးနှုန်းများဖြစ်သည်။ စိန်ကြည်ခေါက်ဆွဲစက်မှ ထွက်ရှိသည့် ဂျုံ ခေါက်ဆွဲများကို စစ်ကိုင်းတိုင်း‌ဒေသကြီးအတွင်းနှင့် မြန်မာပြည်အနှံ့သို့ တင်ပို့ရောင်းချလျက် ရှိ သည်။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ လက်မှတ်ရရှိပြီး ဖြစ်၍ စားသုံးသူ ပြည်သူများအတွက် စိတ်ချယုံကြည်စွာဖြင့် ဝယ်ယူစားသုံးနိုင်သည့် ခေါက်ဆွဲဖြစ်သည်။

ရွှေဆင်အဆင့်မြင့်ဂျုံခေါက်ဆွဲ

        စစ်ကိုင်းစက်မှုဇုန်ရှိ ရွှေဆင်အဆင့်မြင့်(GOLDEN ELEPHANT) ဂျုံခေါက်ဆွဲစက်သည် ၁၉၈၈ ခုနှစ်ကစတင်၍ ရင်းနှီးငွေကျပ်သိန်း(၁၀၀၀)ဖြင့် စတင်လုပ်ကိုင်ခဲ့သည်။ ၎င်းခေါက်ဆွဲစက်သည် ခေတ်မီစက်များကို အများဆုံးအသုံးပြုသည်။ ယခုလုပ်သားအင်အား ကျား(၁၀)ဦး၊ မ(၄၀)ဦး စု‌စု ပေါင်း(၅၀)ဦးအား အလုပ်အကိုင်အခွင့်အလမ်းများပေးထားနိုင်သည်။ နေ့စားလုပ်ခ တစ်ရက် ၄၈၀၀ ကျပ် မှ ၆၀၀၀ကျပ်၊ လစာလုပ်ခ ကျပ်တစ်သိန်းငါးသောင်းမှ ကျပ်သုံးသိန်းကြား လုပ်ငန်းကျွမ်းကျင်မှု‌ ပေါ်မူတည်၍ လုပ်အားခများပေးချေသည်။ ကုန်ကြမ်းဂျုံကို ရန်ကုန်မြို့မှ OK တံဆိပ်၊ မေဇင် တံဆိပ်နှင့် ဒုံးပျံတံဆိပ်ကို ဝယ်ယူအသုံးပြုသည်။ တစ်လလျှင်ကုန်ကြမ်း ဂျုံ ၃၀ ပိဿာဝင် အိတ် ၁၄၀၀ခန့်ကို အသုံးပြု၍ ကုန်ချောခေါက်ဆွဲခြောက်  ပိဿာ လေးသောင်းကျော် ထုတ်လုပ်နိုင်သည်။

      ကုန်ချောထုတ်လုပ်ပုံအဆင့်ဆင့်မှာ ကုန်ကြမ်းဂျုံကို သင့်တင့်သည့် ရေ၊ဆားနှင့်ဆော်ဒါများ ဖြင့် သမအောင်ပြုလုပ်ကာ ခေတ်မီစက်ဖြင့် ဂျုံပြားခြင်း၊ နန်းမျှင်ဖြတ်ခြင်း၊ သတ်မှတ်ထားသည့် အရှည်အတိုင်းဖြတ်ပြီး ဘွိုင်လာစက်များဖြင့် ပေါင်းခံခြင်း၊ အချိန်(၆)နာရီကြာခန့် လေသလပ်ခံခြင်း၊ ထုပ်ပိုးခြင်းစသည့်ဖြင့် အဆင့်ဆင့်ဆောင်ရွက်သည်။ စက်စွမ်းအားသည် တစ်နာရီလျှင် ခေါက်ဆွဲ ခြောက် တစ်တန်ထုတ်လုပ်နိုင်သည်။ ရွှေဆင်ဂျုံခေါက်ဆွဲစက်သည် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာ(FDA) လက်မှတ်ရရှိပြီး၊ အခြားခေါက်ဆွဲစက်များထက် အားသာချက်မှာ ရာသီဥတု အခြေအနေကြောင့် ကုန်ချောများထုတ်လုပ်မှုကို မထိခိုက်ဘဲ ဝယ်လိုအားပေါ်မူတည်၍ ကုန်ချောများ အချိန်မရွေးထုတ်လုပ်နိုင်သည်။ ကုန်ချောများကို ရွှေဆင်အဆင့်မြင့် ဂျုံခေါက်ဆွဲ၊ ရွှေဆင်၊ စွဲလန်း၊ ‌ရွှေဧရာ ကုန်အမှတ်တံဆိပ် ထုပ်ပိုးမှုပုံစံအမျိုးမျိုးဖြင့် အလေးချိန်အနည်းအများ ကွာခြားခြင်းပေါ်မူတည်၍ စက်ရုံ လက်ကားဈေးမှာ တစ်ထုပ်လျှင် အနည်းဆုံးဈေး ကျပ်၇၀၀မှ ကျပ် ၂၃၀၀ကြား ဈေးနှုန်းအမျိုးမျိုးဖြင့် စစ်ကိုင်းတိုင်း‌ဒေသကြီးအတွင်းနှင့် မြန်မာပြည်အနှံ့ ရောင်းချသည်။

  စစ်ကိုင်းမြို့၏ ဒေသထုတ်ကုန် စိန်ကြည်ခေါက်ဆွဲနှင့် ရွှေဆင်ခေါက်ဆွဲသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ နိုင်ငံတော်အကြီးအကဲလာရောက်သည့် ခရီးစဉ်များ၌လည်းကောင်း၊ မုံရွာမြို့၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုနေ့အခမ်းအနားနှင့် လွတ်လပ်ရေးအခမ်းအနားများ၌လည်းကောင်း၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သည့် လွတ်လပ်ရေးနေ့အခမ်းအနားများ၌လည်းကောင်း ဒေသထွက်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်များတွင် စစ်ကိုင်းမြို့ကိုယ်စားပြု ဒေသထုတ်ကုန်များကို ပါဝင်ပြသခြင်း ဖြင့် ခေါက်ဆွဲများ၏ အရည်အသွေးကို ပြပွဲလာစားသုံးသူများက ကြိုက်နှစ်သက်ပြီး အမှာစာများဖြင့် လည်းကောင်း၊ လူကိုယ်တိုင်လည်းကောင်း ဝယ်ယူသုံးစွဲလာကြ၍ ဈေးကွက်ဝေစုပိုမိုရရှိလာကြောင်း ဈေးရောင်းပွဲ‌တော် ပြပွဲတာဝန်ခံများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)