စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းများ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများကျွမ်းကျင်မှုရှိပြီး ဌာန၏ လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး ဆိုင်ရာအသိပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃)ကို တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၂၀.၆.၂၀၂၃) ရက်နေ့မှ(၂၁.၆.၂၀၂၃)ရက်နေ့အထိ နံနက် (၉:၀၀)နာရီမှ ညနေ(၁၆:၃၀) နာရီအထိ (၂)ရက်တာ သင်တန်းဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/ သင်တန်းသူဦးရေ စုစုပေါင်း (၃၃)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ သင်တန်း၌ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအား မိမိတို့ဌာနမှ ဆောင်ရွက်နေသော စားသုံးသူ ကာကွယ်ပေးရေးလုပ်ငန်းစဉ်များ၊ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်းကောင်း၊ ဝန်ထမ်းများ အရည်အသွေးတိုးတက်စေပြီး လုပ်ငန်းများကျွမ်းကျင်မှုရှိစေရန်နှင့် ဌာန၏လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းစည်းမျဉ်း /စည်းကမ်းများနှင့် အညီနေထိုင်ကြရန်နှင့် ဝန်ထမ်း အသစ်များအနေဖြင့် ကြိုးစားသင်ယူစေလိုကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒု-တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ရီလင်းထွဋ်က စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ(၈၄)ခုနှင့် အခန်း(၂၅)ခန်း အထွေထွေအကြောင်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးဦးဝေဖြိုးထက်မှ စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံရာတွင် အသိပညာပေး ဆွေးနွေးသင့်သည့်အချက်များနှင့် ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းကိုလည်းကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံဒေါ်အေးမြင့်ငြိမ်း(ဦးစီးအရာရှိ)က ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်ခိုင်မို့မို့(ဦးစီးအရာရှိ)က စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်းကောက်ယူခြင်းစနစ်နှင့် တိုင်းဒေသကြီး စားသုံးသူကာကွယ်ရေးကော်မတီ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ဖွဲ့စည်းခြင်း အကြောင်းအရာကိုလည်းကောင်း၊ မိတ်ဖက်ဌာနဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါ်အိအိထွန်း(ဦးစီးအရာရှိ)က FDAဌာန၏ လုပ်ငန်းဆောင်ရွက်မှုများအကြောင်းကိုလည်းကောင်း အသီးသီးပို့ချခဲ့ပြီး၊ သင်တန်းသို့ တက်ရောက်လာသော သင်တန်းသား/သူများက သိရှိလိုသည့်အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး စားသုံးသူကာကွယ်ပေးရေးအသိပညာပေးသင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်(၂၁)ရက်နေ့ ညနေ (၁၆:၃၀) နာရီအချိန်တွင် အောင်မြင်စွာကျင်းပ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)