Main menu

ဆေးပစ္စည်းနှင့်ဆေးဝါးအမျိုးမျိုး တင်သွင်းရောင်းချနေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

   ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန် ပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လွိုင်ကော်မြို့‌ပေါ်ရှိ ဆေးပစ္စည်းနှင့်ဆေးဝါးအမျိုးမျိုး တင်သွင်းရောင်းချနေသော ဆေးဆိုင်များ၊ ဆေးဆိုင်နှင့်ဆေးခန်း တွဲလျက်ဖွင့်လှစ်ထားသည့်ဆိုင်များ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများမှ လုပ်ငန်း(၂၈)ဦးနှင့် တွေ့ဆုံ၍ တင်သွင်းရောင်းချနေသော ဆေးပစ္စည်းနှင့်ဆေးဝါးအမျိုးမျိုးတွင် ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ် သည့်ကုမ္ပဏီ၊ တင်သွင်းသည့်ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import Registration No. (IR)များ ဖော်ပြထားခြင်းမရှိဘဲ ဈေးကွက်အတွင်း ဆေးပစ္စည်းနှင့်ဆေးဝါး အမျိုးမျိုးတင်သွင်း ဖြန့်ဖြူးရောင်းချနေမှု မရှိစေရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးဌာနများနှင့် တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒေါက်တာဝင်းဝင်းခိုင်၊ ဆေးရုံအုပ်ကြီးက ဆေးဆိုင်များ၊ ဆေးဆိုင်နှင့် ဆေးခန်းတွဲလျက် ဖွင့်လှစ်ထားသည့်ဆိုင်များ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများမှ ဆေးဆိုင်လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းလိုင်စင်များကို လျှောက်ထားရယူပြီးမှသာ ဆေးဝါးရောင်းချခွင့်နှင့် ဆေးခန်းများ ဖွင့်လှစ်ခွင့်ရှိကြောင်း၊ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ဆေးပစ္စည်း၊ ဆေးဝါးများနှင့် အတုအပပြုလုပ်၍ ပုံစံတူရောင်းချနေသော ဆေးဝါးများအား တင်သွင်းဖြန့်ဖြူးရောင်းချခြင်း မပြုကြရန်၊ ဈေးကွက်အတွင်းရောင်းချနေသော ဆေးဝါးများ အထားအသိုဂရုပြုကြရန်၊ ဆေးဆိုင်ပိုင်ရှင်များ၏ ဆေးဝါးအထားအသို  မမှန်ကန်မှုကြောင့် ဆေးဝါးများ အာနိသင်လျော့ကျမှု မဖြစ်ပေါ်စေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားကြရန် အသိပေးဆွေးနွေးခဲ့ပါသည်။

    အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးရဲမိုးဦး(ဦးစီးအရာရှိ)က ဆွေးနွေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားရှိသော ဆေးပစ္စည်း နှင့် ဆေးဝါးများကိုသာ တင်သွင်းရောင်းချမည်ဖြစ်ကြောင်း၊ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ဆေးပစ္စည်းနှင့် ဆေးဝါးများတင်သွင်းရောင်းချနေမှု ရှိ/မရှိကို မိမိတို့ဌာနမှ မိတ်ဖက်ဌာနများဖြင့် ကွင်းဆင်းစစ်ဆေးလျက်ရှိပါကြောင်း၊ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ဆေးပစ္စည်းနှင့် ဆေးဝါးများ (၁၇)မျိုးကို သီရိမင်္ဂလာဈေးအရှေ့တွင် ဗီနိုင်းများဖြင့် ချိတ်ဆွဲဖော်ပြထားရှိကြောင်း ဆွေးနွေးခဲ့ပါသည်။

        ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က ဈေးကွက်အတွင်းရှိ ဆေးပစ္စည်းနှင့်ဆေးဝါးအမျိုးမျိုးအား ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည် ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းတို့ မပြုကြရန်နှင့် ဈေးကွက်အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်း ပြတ်လပ်မှုမရှိစေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားကြရန်၊ အခြားဒေသမှဆေးဝါးများ မှာယူမည်ဆိုပါက ပြည်နယ်ဆေးဝါးနှင့်ဆေးပစ္စည်းများ စိစစ်ကြပ်မတ်ရေးအဖွဲ့မှတစ်ဆင့် ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြ၍ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာသော လုပ်ငန်းရှင် (၂၈)ဦးကလည်း သိရှိလိုသည်များ အပြန်အလှန်ဆွေးနွေး တင်ပြခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

DOCA(ကယား)