Main menu

ကုန်သွယ်မှုကဏ္ဍတွင် အတားအဆီး ဖြစ်စေနိုင်သော “Aflatoxin” မှိုဆိပ်၏ အန္တရာယ်

Powered by Drupal
Fri, 07/07/2023 - 15:44 -- consumer_admin

      မှို (mold) ဟုကြားလိုက်သည်နှင့် ကျွန်မတို့နေထိုင်ရာပတ်ဝန်းကျင်တွင် မျက်စိဖြင့် မမြင်နိုင်တဲ့ ဘက်တီးတီးရီးယားတွေ(bacterias) ၊ မှိုတွေ(molds) အများအပြား ရှိနေနိုင်တာကိုလည်း သတိထား ရမှာဖြစ်ပါတယ်။ ၎င်းမှိုတွေထဲမှ အာဖလာတော့ဆင် “Aflatoxin” သည် မှိုဆိပ်များထဲတွင် အပြင်းထန်ဆုံးဖြစ်ပြီးကြောက်စရာအကောင်းဆုံးဖြစ်တာကိုလည်း သိရှိထားရမည်ဖြစ်ပါတယ်။ အာဖလာတော့ဆင် မှိုဆိပ်ဆိုသည်မှာ Aspergillus flavus နှင့် Aspergillus parasitius ဆိုတဲ့ မှိုမျိုးစိတ်တို့မှ ထုတ်လုပ် ပေးသောမှိုဆိပ်ဖြစ်ပါတယ်။ ၎င်းမှိုဆိပ်ကို နေရာအနှံ့အပြားတွင်တွေ့ရှိနိုင်ပြီး လူအများစားသုံးသော အစားအစာများထဲတွင် ရောနှောပါဝင်နေရုံသာမက တိရိစ္ဆာန်အစားအစာများတွင်ပါ တွေ့ရှိရတက်ပါတယ်။

     အာဖလာတော့ဆင် Aflatoxin 20 microgram ပါသည့်အစာကို စားမိရုံမျှပင် တစ်ရက်သား ဘဲ‌ပေါက်စကလေးများကိုပင် သေစေနိုင်ပါတယ်။ Aflatoxin သည် Aspergillus flauvs နှင့် Aspergillus parasitics တို့မှ ထုတ်လုပ်ပေးသော Aflatoxin မှိုဆိပ်သည် မြေဆီလွှာ၊ မြက်ပင် ၊ အသီးအရွက်များနှင့် အစေ့အဆန်များတွင်လည်း ပေါက်ဖွားတက်ပါတယ်။ အာဖလာတော့ဆင် မှိုဆိပ်ထုတ်လုပ်ရန် အကောင်းဆုံးသော အခြေအနေများမှာ စိုထိုင်းဆအနည်းဆုံး ၈၅ ရာခိုင်နှုန်း နှင့် အသင့်တော်ဆုံး အပူချိန်မှာ ၂၇ စင်တီဂရိတ် ဖြစ်ကြောင်း လေ့လာချက်များအရ သိရှိရပါတယ်။

    အာဖလာတော့ဆင် မှိုဆိပ်သည် အပူပိုင်းဇုန်နှင့် သမပိုင်းဇုန်တို့တွင် ပေါက်ရောက်တက်သော စားသုံးသီးနှံများ၌ ပိုမိုကျရောက်နိုင်သည်ကိုလည်း တွေ့ရှိရပါတယ်။ ထို့ကြောင့် မြင့်မားသော စိုထိုင်းဆနှင့် အပူချိန်ပေါ်မူတည်၍ မှိုဆိပ်ထုတ်လုပ်မှု အခြေအနေကို ပိုမိုအားပေးနိုင်တဲ့အတွက် ၎င်းဟာဆိုလျှင်လည်း သတိထားရမည့်အချက်တစ်ချက်ဖြစ်ပါတယ်။ ထို့အပြင် ၎င်းမှိုဆိပ်သည် ရိတ်သိမ်းချိန်မတိုင်မီ၊ ရိတ်သိမ်းပြီးချိန်ကာလနှင့် သိုလှောင်ချိန်အတွင်းမှာပင်လည်း ကူးစက်ရောဂါ အဖြစ်ကျရောက်တက်သောကြောင့် သတိထားရမည် ဖြစ်ပါတယ်။

           ၁၉၆၀ ခုနှစ်ဝန်းကျင်လောက်က အင်္ဂလန်နိုင်ငံတွင်  “ Turkey X Disease” ဟုအမည်ရှိတဲ့ အဆိပ်သင့်ရောဂါကြောင့် ကြက်ဆင်အကောင်ပေါင်း တစ်သိန်းခန့် သေဆုံးရာမှစ၍  အာဖလာတော့ဆင် မှိုဆိပ်ကို စတင်တွ့ရှိခဲ့တာဖြစ်ပါတယ်။ ၎င်းအဆိပ်သင့်ရောဂါသည် ဘရားဇီးနိုင်ငံ မှတင်ပို့သော မြေပဲဆံတို့တွင် Aspergillus flavus မှိုများတက်နေသည်နှင့် ဆက်စပ်မှုရှိနေကြောင်းကို လေ့လာချက်များအရ သိရှိခဲ့ရပါတယ်။ ၎င်းမှိုဆိပ်သည် လွန်စွာအဆိပ်ပြင်း၍ အသည်းကင်ဆာကို အဓိကဖြစ်ပွားစေသည့် အာဖလာတော့ဆင် မှိုဆိပ်ကို ထုတ်‌ပေးနိုင်ကြောင်းကိုလည်း သိရှိခဲ့ရပါတယ်။

      မှို (mold) ၏ သဘောသဘာဝမှာ သီးနှံများကို ပျက်စီးဆွေးမြေ့စေသည်သာမက ယင်းတို့မှထုတ်လုပ်ပေးသော မှိုဆိပ်ကို လူသားနှင့်တိရစ္ဆာန်တို့ စားသုံးမိသည်နှင့် အဆိပ်သင့်စေနိုင်သဖြင့် လွန်စွာ အန္တရာယ် ကြီးမားလှပါတယ်။ မှိုဆိပ် တစ်မျိုးနှင့်တစ်မျိုး မတူညီကြပါ။  မှိုဆိပ်ပေါင်း သိန်းကျော်ရှိသည့် အနက် Deoxynivalenol/Nivaleno, Zearalenone, Ochratoxin, Fumonisins နှင့် Aflatoxin မှိုဆိပ်တို့သည် အဓိက မှိုဆိပ် (၅)မျိုး ဖြစ်ပါတယ်။ ၎င်းတို့ထဲတွင် Aflatoxin မှိုဆိပ်သည် အပြင်းအထန် ဆုံးဖြစ်ပါတယ်။ ယခုအခါ အာဖလာတော့ဆင် မှိုဆိပ် ပါဝင်မှုသည် အပူပိုင်းဒေသ ထွက်ကုန်ပစ္စည်း များတွင် အဓိကပြသာနာတစ်ရပ်ဖြစ်နေပြီး အာဖလာတော့ဆင် မှိုဆိပ်ပါဝင်တက်သည့် အဓိကသီးနှံများ မှာ မြေပဲ၊ ငရုတ်၊ ပဲ၊ ပြောင်း၊ နှမ်း နှင့် တိရိစ္ဆာန် အစားအစာတို့ဖြစ်ပါတယ်။ အာဖလာတော့ဆင် မှိုဆိပ် အများဆုံး ပါဝင်နိုင်သည့်သီးနှံမှာ မြေပဲဆံ ဖြစ်ပါတယ်။ ထို့ကြောင့် အာဖလာတော့ဆင် မှိုဆိပ်ကို ဆီဓာတ်ပါဝင်မှုများသည့် သီးနှံများတွင် ပိုမို၍တွေ့ရှိရသည့်အတွက် မြေပဲနှင့်မြေပဲဆီကို အဓိကစားသုံးသော အာရှတိုက်နိုင်ငံများတွင် ကင်ဆာရောဂါ  ဖြစ်ပွားမှုများရခြင်းအကြောင်းကိုလည်း လေ့လာချက်များအရ သိရှိရပါတယ်။

           ဒါ့အပြင် အာဖလာတော့ဆင်မှိုဆိပ် ထပ်မံ၍အများဆုံးတွေ့ရသောသီးနှံမှာ ငရုတ်သီးဖြစ်ပါတယ်။ ငရုတ်သီးဟာဆိုရင်ဖြင့် မြန်မာလူမျိုးများ၏ အစားအသောက်များတွင် ပါဝင်လေ့ရှိပြီး စျေးကွက်ထဲတွင်လည်း  ငရုတ်သီးအစိမ်း၊ ငရုတ်သီးခြောက်၊ ငရုတ်အ‌ရောင်တင်မှုန့်၊ ငရုတ်သီးအကျက် မှုန့်၊ ငရုတ်သီးအနှစ်နှင့် ငရုတ်ဆီ အစရှိသဖြင့် မျိုးစုံရရှိနိုင်ပါတယ်။ လေ့လာချက်များအရ ငရုတ်သီးခြောက်နှင့် ငရုတ်သီးအစိမ်း တို့ကို နှိုင်းယှဥ်ပါက ငရုတ်သီးခြောက်ကို ပိုမိုစားသုံးလေ့ရှိတာကို တွေ့ရှိရပါတယ်။ အသုပ်စုံ၊ မုန့်ဟင်းခါး၊ ငပိရည်ကျို စသည်တို့တွင်လည်း ငရုတ်သီးအကျက်မှုန့်ကို အသုံးပြုကြပါတယ်။ အိမ်ရှင်မများ ဟင်းချက်ရာတွင်လည်း ငရုတ်အရောင်တင်မှုန့်ကို အရောင်အသွေးလှပစေဖို့အတွက် အသုံးပြုလေ့ရှိကြပါတယ်။ အာဖလာတော့ဆင် မှိုဆိပ်သည်လည်း  ငရုတ်အကျက်မှုန့်တွင် ပိုမို၍ ပါဝင်နေတက်သည်ကို သုတေသနစာတမ်းများအရလည်းကောင်း၊ စမ်းသပ်စစ်ဆေးချက်များအရ လည်းကောင်း လေ့လာတွေ့ရှိရပါသဖြင့် ထုတ်လုပ်မှု ဖြစ်စဉ်တစ်လျောက်တွင် မှိုဆိပ်မကျရောက်စေရေး အထူးသတိပြု၍ ကိုင်တွယ်ထိန်းသိမ်း ဆောင်ရွက်သင့်ပါသည်။                               

          Aflatoxin (မှိုဆိပ်)သည် လယ်ယာထွက်ကုန်သီးနှံများ စိုက်ပျိုးချိန်မှစ၍ စားသုံးသူတို့ လက်ထဲ ရောက်သည့်တိုင်အောင် တည်မြဲစွာရှိနေနိုင်ပြီး အန္တရာယ်ပေးနိုင်သောကြောင့် အထူးသတိပြု ရမှာဖြစ်ပါတယ်။ သီးနှံများစိုက်ပျိုးသည့်အခါတွင် သီးနှံတစ်မျိုးတည်းကိုပဲတသမတ်တည်း စိုက်ပျိုးခြင်း နည်းကိုလည်း ရှောင်ကြဉ်ရမည်ဖြစ်ပြီး၊ သီးနှံများရင့်မှည့်လာတဲ့ အချိန်မှာလည်း တညီတညာတည်း ခူးဆွတ်ရန် လိုအပ်ပါတယ်။ သီးနှံများကို ရိတ်သိမ်းပြီးနောက်တွင် ရှိသင့်သည့်အစိုဓာတ် (ဥပမာ-စပါး၏ရှိသင့်သော အစိုဓာတ်၁၄ရာခိုင်နှုန်း) အထိ ခြောက်သွေ့အောင် ထားရန်လိုအပ်ပြီး ပိုးမွှားကင်းရှင်း စွာဖြင့်လည်း သိုလှောင်သင့်ပါတယ်။

          အာဖလာတော့ဆင် မှိုဆိပ်များမှာ B1,B2,G1 နှင့် G2 တို့ဖြစ်ပြီး ၎င်းတို့အနက် B1 နှင့် G1 မှာအဆိပ် အပြင်းထန်ဆုံးဖြစ်ပါတယ်။ တိရိစာ္ဆန်အစားအစာများတွင် ပါဝင်နေတက်သော အာဖလာတော့ဆင် မှိုဆိပ်ကို ဇီဝဖြစ်ပျက်ပြောင်းလဲမှု့ (metabolically)အရ လျော့ချနိုင်ပါတယ်။ ၎င်းမှာ အာဖလာတော့ဆင်  B1 မှ အာဖလာတော့ဆင် M1 အဖြစ်သို့ ပြောင်းလဲစေခြင်းမျိုး ဖြစ်ပြီး ယင်းဖြစ်ပျက်ပြေင်းလဲမှု့ကို နွားနို့၌ တွေ့ရတက်ပါတယ်။ နွားနို့တွင် တွေ့ရှိရသော အာဖလာတော့ဆင် M1 သည် အစားအစာတွင်ပါဝင်နိုင် သော အာဖလာတော့ဆင်ထက် အဆပေါင်း ၃၀၀ မျှ အင်အားလျော့နည်းနိုင်ပါတယ်။ ထိုကြောင့် တိရိစာ္ဆန် အစားအစာများတွင်လည်း အာဖလာတော့ဆင် မှိူဆိပ်ပါဝင်မှုကို ကန့်သတ်တားမြစ်ချက်ထက် မပိုစေရန် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အာဖလာတော့ဆင် မှိုဆိပ်သည် အပူဒဏ် ကိုလည်းကောင်းစွာ ခံနိုင်ရည်ရှိသည့်အတွက် သာမန်အပူချိန်မှာတော့ ကောင်းစွာတည်မြဲနေနိုင်ပြီး ၎င်းသည် အပူချိန် ၄၀၀ ဒီဂရီစင်တီဂရိတ်မှာသာ ပြိုကွဲနိုင်တာကို လေ့လာချက်များအရ သိရှိရပါတယ်။

          ထို့အပြင် Aflatoxin မှိုဆိပ်ပါဝင်နှုန်းမြင့်မားခြင်းသည် လူများ၏ ကျန်းမာရေးနှင့်အစားအသောက် ပိုင်းဆိုင်ရာတွေမှာ ယုံကြည်မှု့အားနည်းစေနိုင်လာပြီး လူမှုရေး၊ ကုန်သွယ်ရေး သာမက စီးပွားရေး၊ နိုင်ငံရေး အစရှိသည့်  အခန်းကဏ္ဍ များကိုပါ ထိခိုက်မှု့များ ရှိလာနိုင်ပါတယ်။ ထို့ကြောင့် အာဖလာတော့ဆင် မှိုဆိပ်ပါဝင်မှုနှင့် ပက်သက်၍ နိုင်ငံအသီးသီးသည် ယင်းတို့နိုင်ငံအတွင်းသို့ တင်သွင်းလာသောသီးနှံများတွင် ပါဝင်ခွင့်ပြုသည့် အာဖလာတော့ဆင် မှိုဆိပ်ပမာဏကို ကန့်သတ်ထားရှိပါတယ်။ ဥပမာ- ဒိန်းမတ်နိုင်ငံတွင် အာဖလာတော့ဆင်မှိုဆိပ် ပါဝင်မှု့ ပမာဏကို အမြင့်ဆုံး ၀.၁ ppm သတ်မှတ်ထားပြီး အမေရိကန်နိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး  Food And Drug Administration, FDA မှ အာဖလာတော့ဆင် မှိုဆိပ် ပါဝင်မှု့ အမြင့်ဆုံး ကန့်သတ်ချက်မှာ ၀.၀၂ ppm ဖြစ်ပါတယ်။

      ဤကန့်သတ်ချက်ကို အရှေ့တောင်အာရှနိုင်ငံ အသီးသီးတို့၌ မိမိနိုင်ငံ၏ ရေမြေသဘာဝကို လိုက်၍ လူ့အစားအစာနှင့် တိရိစာ္ဆန်အစားအစာတို့တွင် အာဖလာတော့ဆင် မှိုဆပ်ပါဝင်မှု ကန့်သတ်ပြဠာန်းချက်ကို အောက်ပါဇယားဖြင့် ဖော်ပြထားပါသည်-

အာရှနိုင်ငံများတွင် အာဖလာတော့ဆင်အမျိုးအစားများနှင့် စုစုပေါင်း အာဖလာတော့ဆင် ပါဝင်မှု ကန့်သတ်ချက်များ

 

နိုင်ငံအမည်

 

အာဖလာတော့ဆင် အမျိုးအစားများ

 

အများဆုံးပါဝင်ခွင့် ကန့်သတ်ချက်(ppb)

 

စားသောက်ကုန်နှင့် တိရိစာ္ဆန်အစားအစာ

တရုတ်

ဘီ

ဘီ၊အမ်

၂၀

ပြောင်း၊မြေပဲ

နို့ဖြင့်ပြုလုပ်သောအစားအစာများ

ဟောင်ကောင်

ဘီ၊ဘီ၊ဂျီ၊ဂျီ

ဘီ၊ဘီ၊ဂျီ၊ဂျီ

၂၀

၂၅

မြေပဲ၊ မြေပဲဖြင့်ပြုလုပ်သော အစားအစာများ

အခြားအစားအစာများ

အိန္ဒိယ

ဘီ

၃၀

အစားအစာ အားလုံး

အင်ဒိုနီးရှား

ဘီ၊ဘီ၊ဂျီ၊ဂျီ

ဘီ၊ဘီ၊ဂျီ၊ဂျီ

ဘီ

ဘီ/ဘီ၊ဘီ၊ဂျီ၊ဂျီ အမ်

၅၀

၃၅

၂၀

၁၅/၂၀

ပြောင်းဖူးခွံ

အစားအစာ အားလုံး

အစားအစာ အားလုံး

မြေပဲ ၊ ပြောင်းနှင့်၎င်းတို့၏ထုတ်ကုန်များ

နို့ နှင့် နို့ထွက် ပစ္စည်းများ

ဂျပန်

ဘီ၊ဘီ၊ဂျီ၊ဂျီ

ဘီ

ဘီ

၂၀

၁၀

အစားအစာ အားလုံး

ဆန်

အခြားသော အစေ့အဆန်များ

မလေးရှား

ဘီ၊ဘီ၊ဂျီ၊ဂျီ

 

၃၅

အစားအစာ အားလုံး

တောင်ကိုရီးယား

ဘီ

 

ဘီ

ဘီ၊ဂျီ နှင့်ဂျီ

၂၀

 

၀.၁

၁၅

အစေ့အဆန်များ၊သစ်သီးခြောက်များ နှင့် ပေါင်းဆန်

ကလေး အစားအစာများ

အစေ့အဆန်များ၊သစ်သီးခြောက်များ၊ပေါင်းဆန် နှင့် ကလေးအစားအစာများ

ဖိလစ်ပိုင်

ဘီ၊ဘီ၊ဂျီ၊ဂျီ

ဘီ

အမ်

၂၀

၂၀

၀.၅

လူ့

မြေပဲ ထွက်ကုန်များ

နို့ထွက် ပစ္စည်းများ

စင်္ကာပူ

ဘီ၊ဘီ၊ဂျီ၊ဂျီ

 

အစားအစာ အားလုံး

သီရိလင်္ကာ

ဘီ၊ဘီ၊ဂျီ၊ဂျီ

 

၃၀

အစားအစာ အားလုံး

ထိုင်ဝမ်

ဘီ၊ဘီ၊ဂျီ၊ဂျီ

ဘီ၊ဘီ၊ဂျီ၊ဂျီ

 

 

အမ်

အမ်

၁၅

၂၀

 

 

၀.၅

ပြောင်း နှင့် မြေပဲ

ဆန်၊ ပဲပုပ်၊ ပဲအမျိုးမျိုး၊ဂျုံနှင့် ဂျုံထွက်ပစ္စည်းများ၊ အခွံမာသစ်သီးများ၊ စားသုံးဆီ နှင့် အခြားစားသောက် ကုန်များ

နို့မှုန့်

နွားနို့

ထိုင်း

ဘီ၊ဘီ၊ဂျီ၊ဂျီ

 

၂၀

အစားအစာ အားလုံး

ဗီယက်နမ်

ဘီ၊ဘီ၊ဂျီ၊ဂျီ

 

၁၀

အစားအစာ အားလုံး

Source:www.sciencedirect.com

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သတင်း အချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲအောက်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေး ရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု့ ဌာနစု (လှည်းကူး)တွင်ဓာတ်ခွဲခန်း (၇)ခုရှိသည့်အနက်  မှိုဆိပ်ဓာတ်ခွဲခန်းတွင် အဓိကစမ်းသပ်စစ်ဆေး ပေးလျက်ရှိသော လယ်ယာထွက်ကုန်ပစ္စည်းများမှာ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ၊ မြေပဲ၊ ငရုတ်၊ အစေ့ထုတ်ပြောင်းနှင့် မြေပဲဖတ် အစရှိသည်တို့ဖြစ်ပါတယ်။  အခြားမှိုကျရောက်နိုင်သောပစ္စည်းများဖြစ်သည့် ဂျုံ ၊ ပေါင်းဆန်၊ နှမ်းမျိုးစုံ၊ နှမ်းဖတ် ၊ ပဲမျိုးစုံ ၊ တိရစာ္ဆန်အစားအစာ၊ ဝါစေ့၊ အုန်းဆံခြောက်၊ ငရုတ်သီးခြောက်၊ ငရုတ်သီးအနှစ် ၊ ငါးခြောက်၊ ပုစွန်ခြောက်၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ကော်ဖီစေ့ ၊ ဆေးရွက်ကြီး၊ ဆေးပေါ့လိပ်၊ ထန်းရွက်ပန်းကန်ပြား အစရှိသည်တို့ကိုလည်း မှိုဆိပ်ပါဝင်မှုရှိ/မရှိ စစ်ဆေးပေးနိုင်ပါတယ်။

     မိမိတို့နိုင်ငံသည် လယ်ယာစိုက်ပျိုး‌ရေးကို အခြေခံသည့်နိုင်ငံ ဖြစ်သည်နှင့်အညီ ပြည်ပသို့ တင်ပို့လျက်ရှိသော လယ်ယာထွက်ကုန်သီးနှံများ ဖြစ်သည့် ဆန်၊ ပြောင်း ၊ နှမ်းနက်၊ ပဲအမျိုးမျိုးနှင့် မြေပဲ  အစရှိသည့် သီးနှံများကို စိုက်ပျိူးနေချိန်အတွင်း နှင့် ရိတ်သိမ်းပြီးချိန်၊ ရိတ်သိမ်းပြီးနောက် သိုလှောင်ခြင်း နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို Supply Chain တစ်လျှောက်လိုက်နာဆောင်ရွက်ရမည့် ကျင့်စဥ်ကောင်းများအတိုင်း လိုက်နာဆောင်ရွက်မည်ဆိုပါက ကုန်သွယ်မှု့ကဏ္ဍတွင် အတားအဆီး ဖြစ်စေနိုင်သော “Aflatoxin” မှိုဆိပ်ကျရောက်နိုင်မှုကို လျော့ချနိုင်မည်ဖြစ်ပါတယ်။ သို့မှသာ အရည်အသွေးပြည့်မှီပြီး စိတ်ချရသောလယ်ယာထွက်ကုန်သီးနှံများကို ရရှိနိုင်မည်ဖြစ်ပြီး ပြည်ပသို့ တင်ပို့နိုင်မှု့လည်း တိုးတက်လာမည်ဖြစ်ပါတယ်။

          မိမိတို့ဌာနသည် ကုန်သွယ်မှု့ကဏ္ဍ အဆင်ပြေချောမွေ့စေရေးအတွက်  အထောက်အကူပေးနေ သည့်ဌာနဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာ အသိအမှတ်ပြု ISO စံချိန်စံညွှန်းနှင့်အညီ  ဓာတ်ခွဲစမ်းသပ် စစ်ဆေးပေးနိုင်သည့် ဓာတ်ခွဲခန်းဖြစ်လာစေရေးကိုလည်း  ကြိုးပမ်းဆောင်ရွက်နေသော ဌာနလည်း ဖြစ် ပါတယ်။ ဓာတ်ခွဲခန်း၏ လုပ်ငန်းသဘာဝအရ ဓာတ်ခွဲခန်းသို့ရောက်ရှိလာတဲ့ ကိုယ်စားပြုနမူနာများကို သာလျှင် တာဝန်ယူ စစ်ဆေးပေးတာဖြစ်ပါတယ်။ အကယ်၍ နိုင်ငံခြားသို့တင်ပို့မည့် လယ်ယာထွက်ကုန် သီးနှံများမှာ စစ်ဆေးချက်အရ မှိုဆိပ်ပါဝင်နေခဲ့ပြီး စံချိန်စံညွှန်းသတ်မှတ်ချက်အတွင်းမှာ ရှိတယ်ဆိုပေမဲ့ သီးနှံများကိုတင်ပို့မည့် ကာလအပိုင်းအခြားနှင့် သယ်ယူပို့ဆောင်မည့် အ‌နေအထားပုံစံများကြောင့် သီးနှံများတွင်မှိုဆိပ်ပါဝင်မှုဟာ ပိုမိုမြင့်မား လာနိုင်ပါတယ်။ သို့ဖြစ်ရာ အာဖလာတော့ဆင် မှိုဆိပ် ပါဝင်မှုလျော့ပါးသက်သာစေရန် Supply Chain တစ်လျောက်ပါဝင်ဆောင်ရွက်သူများကို စတင်စိုက်ပျိူး သည့်အချိန်မှစ၍ စျေးကွက်သို့တင်ပို့သည်အထိ လုပ်ငန်းစဥ်အဆင့်ဆင့်တွင် ကျင့်စဥ်ကောင်းများကို ကောင်းမွန်စွာ လုပ်ဆောင်မည်ဆိုပါက   ကုန်သွယ်မှု့ကဏ္ဍတွင် အတားအဆီးဖြစ်စေနိုင်သော  “Aflatoxin” မှိုဆိပ်၏ အန္တရာယ်ကို လျော့ချနိုင်မည် ဖြစ်ပါကြောင်းရေးသား တင်ပြလိုက်ရပါတယ်။

DOCA(ITQM)