ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ် ဦးစီးမှူး ဦးလှထွဋ်ဦးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၆.၇.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီတွင် မြို့ပေါ်ရှိစတိုးဆိုင်နှင့် မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသောမုန့်များနှင့် အချိုရည်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်ဦးစီးမှူးမှ ဈေးအတွင်းရောင်းချနေသော Coca-Cola Pinya Beverages Myanmar (CCPBM)ထုတ်လုပ်သော Sprite တံဆိပ်ဖြင့် ပုံစံတူ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုမရှိသော Sprite အချိုရည်ဘူးများ ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စတိုးဆိုင်နှင့် မုန့်မျိုးစုံဆိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊တားမြစ်ချက်များ၊ ဥပဒေအခန်း(၂၄)ပါ ပြစ်မှုပြစ်ဒါဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ မိမိတို့ရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)