ဝဥသည် အရှေ့တောင်အာရှကျွန်းဆွယ်ဒေသမျိုးရင်းဖြစ်ပြီး အရှေ့တောင်အာရှ၊ တောင်အာရှ၊ မာဒါဂတ်စကာ၊ နယူးဂီနီနှင့် ပစိဖိတ်ကျွန်းစုဒေသများတွင် သဘာဝအတိုင်း အများအပြားတွေ့ရှိရပါသည်။ ဝဥသည် Araceae (ခေါ်) ပိန်းမျိုးရင်းဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Amorphophallus Companulatus Blume ဖြစ်သည်။ အင်္ဂလိပ်အမည်မှာ Elephant Foot Yam (or) White Yam ဖြစ်သည်။ ဝဥပင်ကို သဘာဝအလျောက်တွေ့ရှိနိုင်ပြီး ယခုအခါ ဝယ်ယူလိုအားများပြားမှုကြောင့် စိုက်ပျိုးမြေများ၌ စနစ်တကျစိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ ဝဥကို မြန်မာနိုင်ငံ၌ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ သစ်ရိပ်၊ ဝါးရိပ်၊ အစိုဓာတ်ကောင်းသည့်နေရာများတွင် သဘာဝအလျောက်တွေ့ရှိနိုင်ပါသည်။ ဝဥပင်သည် နှစ်ရှည်ခံအပင်ပျော့မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင် တွေ့ရှိရသော ဝဥအမျိုးအစားများမှာ အဖြူရောင်၊ အဝါရောင်၊ အနီရောင်၊ ပန်းရောင်ဟူ၍ အတွင်းအသားအရောင်ပေါ်မူတည်၍ ခွဲခြားထားပါသည်။ ဝဥကို ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင်ပျိုးထောင်ပြီး မေလနှင့်ဇွန်လများတွင် စိုက်ခင်းသို့ပြောင်းရွှေ့စိုက်ပျိုးရပါသည်။ မိုးအကုန် အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိတူးဖော်ရိတ်သိမ်းနိုင်ကြောင်း သိရပါသည်။ မြေကြီးထဲတွင်ရှိနေခဲ့သော ကာလအချိန်အလိုက် ဝဥအရွယ်အစား၊ အလေးချိန်ကွာခြားမှုရှိပါသည်။ တူးဖော်ရရှိသောဝဥများကို ဥအတိုင်းရောင်းဝယ်၍ သော်လည်းကောင်း၊ ဝဥကို အခြောက်ပြုလုပ်၍သော်လည်းကောင်း ရောင်းဝယ်ကြပါသည်။ မြန်မာနိုင်ငံမှထွက်ရှိသော ဝဥများကို တရုတ်နိုင်ငံနှင့်ဂျပန်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိပါသည်။ ဝဥကို စားသောက်ကုန်များအဖြစ်ထုတ်လုပ်ခြင်း၊ စက်မှုကုန်ကြမ်းပြုလုပ်ခြင်း၊ အလှကုန်ပစ္စည်းများတွင် အသုံးပြုခြင်းနှင့် ဆေးဝါးထုတ်လုပ်ရာတို့တွင် အသုံးပြုကြပါသည်။ ဝဥကို စားသုံးခြင်းဖြင့် ဆီးကောင်းခြင်း၊ ဝမ်းဗိုက်အတွင်းရှိ အစိုင်အခဲ စသည်တို့ကိုကျေစေကြောင်း သိရှိရပါသည်။ ဝဥတွင်ပါဝင်သည့် Glucomannam သည် ကိုယ်တွင်းသကြားဓာတ်ပမာဏကို ထိန်းညှိရာတွင် ကောင်းမွန်သောဓာတ်ဖြစ်သည့်အတွက် သွေးတိုးခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်းရောဂါများကို ကာကွယ်ပေးနိုင်ပါသည်။ ထို့ပြင် ဝဥသည် အမျှင်ဓာတ်ကြွယ်ဝသည့်အတွက် အစာချေစနစ်ကိုအထောက်အကူပြုပြီး ကိုယ်ခံအားစနစ်ကိုပါ မြှင့်တင်ပေးနိုင်ပါသည်။ ဝဥတွင် HDL ကိုလက်စထရောပါဝင်မှုနည်းသဖြင့် ယခုအခါ ဝဥကို အဆီကျစေရန် ဖြည့်စွက်စာအနေဖြင့် အသုံးပြုကြပါသည်။ ဝဥသည် အစားအစာမျိုးမျိုးတွင် အသုံးပြုနိုင်ခြင်း၊ ဝယ်လိုအားမြင့်တက်လာခြင်း၊ ထုတ်လုပ်မှုအလားအလာကောင်းမွန်ခြင်းတို့ကြောင့် အကျိုးအမြတ်များသော သီးနှံတစ်မျိုးဖြစ်ပေသည်။ သို့သော် မြန်မာနိုင်ငံတွင် ဝဥကို စီးပွားဖြစ်စိုက်ပျိုးမှုနည်းပါးလျက်ရှိသေးခြင်း၊ ကုန်ချောအဖြစ်ထုတ်လုပ်နိုင်ရန် နည်းပညာများလိုအပ်လျက်ရှိသေးကြောင်း တွေ့ရှိရပေသည်။
DOCA(ရှမ်း)