သကြားသည် လူတို့အတွက် အရေးကြီးသောအစားအစာတစ်မျိုးဖြစ်သည်။ ဓာတ်ဆီသည် မော်တော်ယာဉ်စက်ကို အပူငွေ့နှင့်စွမ်းအင်ပေးရန်အလို့ငှာ မရှိမဖြစ်လိုအပ်သကဲ့သို့ သကြားဓာတ်သည်လည်း လူ့ခန္ဓာကိုယ်စက်ကြီးအား အပူငွေ့နှင့်စွမ်းအင်ပေးရန်အတွက် မရှိမဖြစ်သောအာဟာရဓာတ်ဖြစ်သည်။ ကိုယ်လက်လှုပ်ရှားကစား၍ဖြစ်စေ၊ အပင်ပန်းခံအလုပ်လုပ်၍ဖြစ်စေ အင်အားကုန်ခမ်းမောပန်းသောအခါ သကြားကိုစားကြရသည်။ ဂလူးကို့စ်ဆေးသကြားကို အင်အားကုန်ခမ်းမောပန်းနေသည့်လူနာများကိုတိုက်ခြင်း၊ ထိုးဆေးအဖြစ် ထိုးပေးခြင်းတို့ကိုထောက်၍ သိသာစွာအသုံးဝင်ပါသည်။ သကြားသည် အရသာအရှိဆုံးသောအစာတစ်ခုလည်းဖြစ်သည်။ သာမန်အားဖြင့် လူတို့သည် တစ်နှစ်လျှင် မိမိခန္ဓာကိုယ်အလေးချိန်နှင့်အမျှ သကြားစားကြသည်ဟုဆိုသည်။ သကြားတစ်ပေါင်လျှင် အပူ၏ပမာဏဖြစ်သော ကယ်လိုရီ ၁၈၀၀ပါရှိသည်။ လူတို့၏အသက်ရှင်ကျန်းမာရေးအတွက် လိုအပ်သောဓာတ်တစ်ပါးဖြစ်သည့် ကာဗိုဟိုက်ဒရိတ်ဓာတ်သည် သကြား၌ရာခိုင်နှုန်းပြည့်ပါဝင်သည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် သကြားထုတ်လုပ်နိုင်ရန် စိုက်ပျိုးသည့်ကြံစိုက်ဧက၁၄၁၇၈၀ဧကရှိသည်။ ယင်းတို့အနက် ကသာခရိုင်၌ ၁၂၇၂၃၁ဧကစိုက်ပျိုးသဖြင့် ရာခိုင်နှုန်းအားဖြင့် ၉၀%စိုက်ပျိုးကြောင်းသိရသည်။ ကသာမြို့နယ်တွင် ကြံစိုက်ဧက၆သောင်းကျော်နှင့် ထီးချိုင့်မြိုနယ်တွင် ကြံစိုက်ဧက၆သောင်းနှင့်၅ထောင်ကျော်စိုက်ပျိုးပြီး ကြံစိုက်တောင်သူစုစုပေါင်း ၁၄၀၀ဦးကျော်ခန့်ရှိကြောင်းသိရှိရသည်။ ကြံစိုက်ပျိုးသည့်မြေများမှာ သဲနုန်းမြေနှင့် နုန်းစနယ်မြေအမျိုးအစားများဖြစ်ပြီး ကြံလိုအပ်သည့်မိုးရေချိန်နှင့် ကြံနှစ်သက်သည့်မြေဆီလွှာတို့မှာ အချိုးညီသဖြင့် ၎င်းဒေသများတွင် စိုက်ပျိုးသောကြံမှာ တစ်ဧကလျှင် ၂၅တန်မှ ၃၀တန်အထိထွက်ရှိကြောင်းသိရသည်။ ပထမနှစ်တွင် စတင်စိုက်ပျိုးသည့်ကြံခင်းတွင် ထပ်မံစိုက်ပျိုးရန်မလိုဘဲ ဒုတိယနှစ်တွင် ထွက်ရှိသည့်ကြံကို လမိုင်းဟုခေါ်ခြင်း၊ တချို့စိုက်ခင်းများမှာ တတိယနှစ်အထိ စိုက်ပျိုးရန်မလိုအပ်ဘဲ ကြံခင်းခုတ်သိမ်းပြီး ကျန်ရှိသည့်ကြံရိုးပြတ်များကိုမီးရှို့၍ မိုးဦးကျချိန်၌ အခင်းကိုထွန်ရေးဝင်ပြီး အမြစ်များမှထွက်ရှိသော ကြံတတိယမျိုးဆက်များကိုမွေးမြူ၍ ထွက်ပေါ်ချိန်ခုတ်ရောင်းချခြင်းကို လမက်ဟု ဒေသအခေါ်ရှိသည်။ ဒုတိယနှစ်ကြံထွက်ရှိမှုနှင့် တတိယနှစ်ကြံထွက်ရှိမှုသည် ပထမနှစ်၏ အခင်းသစ်ကြံထွက်ရှိမှုကိုမမီသော်လည်း ကြံမျိုးနှင့်စိုက်စရိတ်မကုန်သောကြောင့် ကြံစိုက်တောင်သူများအနေဖြင့် ကြံစိုက်ခင်းကို သုံးနှစ်အထိအသုံးပြုကြကြောင်းသိရသည်။
ကသာခရိုင်မှ စိုက်ပျိုးထွက်ရှိသည့်ချက်ကြံများကို ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာတွင် UTP သကြားစက်၊ မြတောင်သားသကြားစက်နှင့် ဝေမာသကြားစက် စသည့်စက် (၃) စက်တို့မှ ဝယ်ယူကြိတ်ခွဲပြီး ပြည်တွင်းစားသုံးရန်လိုအပ်သည့် သကြားလိုအပ်ချက်ကို ဖြည့်တင်းပေးလျက်ရှိသည့်အပြင် ပိုလျှံသည့်သကြားများအား ပြည်ပသို့တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။
သကြားထုတ်လုပ်ပုံအဆင့်ဆင့်
ကုန်ကြမ်းကြံများကို ဦးစွာဆေးကြောပြီး ကြံအချောင်းများကို စင်းစက်ဖြင့်ဖြတ်တောက်ကာ ကြံအပိုင်းများကို ဒလိမ့်တုံးကြိတ်စက်ကြီးများဖြင့်ကြိတ်ဝါးပြီး ကြံအရည်ညှစ်ယူသည်။ ကြံဖတ်၌ အရည်လုံးဝကုန်သည်အထိ အထပ်ထပ်ရေပက်၍ညှစ်ရသည်။ ထို့နောက် ကြံရည်ကိုသန့်အောင်စစ်ပြီးလျှင် ကြံရည်ကျိုအိုးများတွင်ထည့်ပြီး အပူချိန်၄၅ဒီဂရီဖြင့်စတင်ကျိုပြီး အပူချိန် ၁၂၀ဒီဂရီတွင် ကန့်၊ ထုံးများထည့်ရသည်။ ယင်းသို့ကျိုစဉ် ထွက်လာသောအညစ်အကြေးများကို ဂရုစိုက်၍ထုတ်ပစ်ရသည်။ အညစ်အကြေးများကုန်သောအခါ ထိုကြံရည်ထဲတွင် ထုံးဓာတ်ကုန်သွားစေရန် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ထည့်ပေးရသည်။ သန့်စင်အောင်ကျိုချက်ပြီးသော ကြံရည်ကို အီဗက်ပရေတာ (ခေါ်) ဒယ်ပက်အိုးကြီးဖြင့် အရည်များစေးခဲလာသည်အထိအပူတိုက်၍ ကျိုချက်ရသည်။ ထိုစေးခဲလာသောအရည်များကို အခြားအိုးသို့ပြောင်းပြီး လေဖိအားလျှော့ထားသောအခန်းထဲ၌ မီးမျှင်းမျှင်းဖြင့် သကြားခဲကလေးများဖြစ်လာသည်အထိချက်ရသည်။ ထိုသို့ကျိုချက်ပြီးနောက် ဗဟိုခွာစက်ဖြင့် သကြားနှင့်တင်လဲရည်တို့ကိုခွဲထုတ်ရပါသည်။ ထွက်ရှိလာသောသကြားအား အခြောက်ခံစက်ဖြင့်အခြောက်ခံကာ အိတ်တွင်ထည့်၍ ဈေးကွက်သို့တင်ပို့ရောင်းချခြင်းနှင့်အတူ တင်လဲရည်ကိုလည်း ဈေးကွက်သို့တင်ပို့ရောင်းချပါသည်။
UTP သကြားစက်
UTP သကြားစက်ကို၂၀၀၉ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့သည်။ ကြံထွက်ပေါ်သည့် ဒီဇင်ဘာလမှ ဧပြီလအထိသာ သကြားစက်လုပ်ငန်းကိုလုပ်ကိုင်ကြသည်။ တစ်ရက်လျှင် ကြံတန်ချိန် (၂၃၇) တန်ကိုကြိတ်ခွဲထုတ်လုပ်နိုင်ပြီး (၂၀၂၂-၂၀၂၃) ခုနှစ်၊ ကြံရာသီတွင် ကြံတန်ချိန် ၃သောင်းနှင့် ၅ထောင်ခန့်ကိုကြိတ်ခွဲနိုင်ခဲ့ပြီး သကြားတန်ချိန်သုံးထောင်ခန့်ရရှိကြောင်းသိရှိရသည်။ UTP သကြားစက်သည် ရာသီချိန်၌ နေ့စား/ပုတ်ပြတ်လုပ်သားဦးရေ၁၃၀ခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများပေးထားနိုင်သည်။ အမြဲတမ်းဝန်ထမ်း၅ဦးခန့်ထားပြီး မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ လုပ်သားတစ်ဦး တစ်လလျှင် အနည်းဆုံး ကျပ်၃သိန်းမှ ကျပ်၆သိန်းအထိလုပ်ခလစာပေးကြောင်း သိရှိရသည်။ ထွက်ရှိသည့်ကုန်ချောသကြားများကို မန္တလေးနှင့်ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြောင်းသိရသည်။
မြတောင်သားသကြားစက်
မြတောင်သားသကြားစက်ကို ၂၀၀၃ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့သည်။ ကြံထွက်ပေါ်သည့် ဒီဇင်ဘာလမှ ဧပြီလအထိသာ သကြားစက်လုပ်ငန်းကိုလုပ်ကိုင်ကြသည်။ တစ်ရက်လျှင် ကြံတန်ချိန် (၂၃၀) တန်ကိုကြိတ်ခွဲထုတ်လုပ်နိုင်ပြီး (၂၀၂၂-၂၀၂၃) ခုနှစ်၊ ကြံရာသီတွင် ကြံတန်ချိန် ၄သောင်းနှင့် ၂ထောင်ခန့်ကိုကြိတ်ခွဲနိုင်ခဲ့ပြီး သကြားတန်ချိန်သုံးထောင်ခုနှစ်ကျော်ရရှိခဲ့ကြောင်းသိရှိရသည်။ မြတောင်သားသကြားစက်သည် ရာသီချိန်တွင် နေ့စား/ပုတ်ပြတ်လုပ်သားဦးရေ၁၀၀ခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများပေးထားနိုင်သည်။ အမြဲတမ်းဝန်ထမ်း၁၅ဦးကျော်ဦးရှိပြီး လုပ်သားတစ်ဦး တစ်လလျှင် အနည်းဆုံး ကျပ်၃သိန်းမှ ကျပ်၅သိန်းနှင့် ၅သောင်းအထိလုပ်ခလစာပေးကြောင်း သိရှိရသည်။ ထွက်ရှိသည့်ကုန်ချောသကြားများကို ဈေးကွက်လိုအပ်ချက်ရှိသော မြန်မာနိုင်ငံအနှံ့သို့ တင်ပို့ရောင်းချကြောင်းသိရသည်။
ဝေမာသကြားစက်
ဝေမာသကြားစက်ကို ၂၀၂၂ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့သည်။ ကြံထွက်ပေါ်သည့် ဒီဇင်ဘာလမှ ဧပြီလအထိသာ သကြားစက်လုပ်ငန်းကိုလုပ်ကိုင်ကြသည်။ တစ်ရက်လျှင် ကြံတန်ချိန် (၈၀၀၀) တန်ကို ကြိတ်ခွဲထုတ်လုပ်နိုင်ပြီး (၂၀၂၂-၂၀၂၃) ခုနှစ်၊ ကြံရာသီတွင် ကြံတန်ချိန် (၇၆၄၂၂၁) တန်ကိုကြိတ်ခွဲနိုင်ခဲ့ပြီး သကြားတန်ချိန်ရှစ်သောင်းရှစ်ထောင်ခန့်ရရှိခဲ့ကြောင်းသိရှိရသည်။ ဝေမာသကြားစက်သည် ရာသီချိန်တွင် နေ့စား/ပုတ်ပြတ်လုပ်သားဦးရေ၁၃၀၀ခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများပေးထားနိုင်သည်။ အမြဲတမ်းဝန်ထမ်း၆၅ဦးခန့်ရှိပြီး လုပ်သားတစ်ဦး တစ်လလျှင် အနည်းဆုံး ကျပ်၂သိန်း၅သောင်းမှ ကျပ်၁၀သိန်းထိလုပ်ခလစာပေးသည်။ ထွက်ရှိသည့်ကုန်ချောသကြားများကို ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက်ဖြစ်သော ဗီယက်နမ်နိုင်ငံသို့လည်းတင်ပို့ရောင်းချကြောင်း သိရသည်။
မြတောင်သားသကြားစက်နှင့် ဝေမာသကြားစက်တို့သည် ကြံစိုက်တောင်သူများအား ကြံခုတ်ခတစ်တန်လျှင် ၅ထောင်ကျပ်နှုန်း၊ ကြိုတင်ပေးငွေတစ်တန်လျှင် ၂သောင်းကျပ်၊ စိုက်ခ/ရိတ်ခတစ်ဧကလျှင် ကျပ်၃သိန်းနှင့် မြေဆီ၂အိတ်ကြိုတင်ထုတ်ပေးပြီး ကြံပေါ်ချိန်၌ ကြံတစ်တန်ဝယ်ယူသည့်ပေါက်ဈေးမှာ ၉သောင်းနှင့်၅ရာကျပ်ထဲမှ ခုနှိမ်၍ ရှင်းလင်းကြောင်းသိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အနေဖြင့် ကြံစိုက်ပျိုးသောတောင်သူများထံမှ ထွက်ရှိသည့်ကြံများကို စက် (၃) စက်မှဝယ်ယူကြိတ်ခွဲပြီး ထွက်ရှိသည့် သကြားများအား ပြည်တွင်းလိုအပ်ချက်တွင်သာမက ပိုလျှံသည်များကို ပြည်ပနိုင်ငံများသို့ပါ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံတော်မှလိုအပ်လျက်ရှိသည့်နိုင်ငံခြားငွေများကို တစ်ဖက်တစ်လမ်းမှ ဖြည့်တင်းပေးလျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(စစ်ကိုင်း)