Main menu

မွန်ဒေသ၏တန်ဖိုးရှိထုတ်ကုန် မွန်ရိုးရာဝတ်စုံအကြောင်း သိကောင်းစရာ

Powered by Drupal
Tue, 07/25/2023 - 15:01 -- consumer_admin

    မွန်ပြည်နယ်သည် မြန်မာနိုင်ငံ၏အရှေ့တောင်ဒေသ မုတ္တမပင်လယ်ကွေ့ပေါ်တွင် တည်ရှိသည်။ မွန်ပြည်နယ်၏အကျယ်အဝန်းမှာ ၄၇၄၇.၇၆ စတုရန်းမိုင် ကျယ်ဝန်းပြီး မြို့နယ် ၁၀မြို့နယ်၊ မြို့၁၃မြို့၊ မြို့နယ်ခွဲနှစ်ခု၊ ရပ်ကွက်ပေါင်း ၈၀၊ ကျေးရွာ အုပ်စု ၃၈၃ အုပ်စု၊ ကျေးရွာပေါင်း ၁၂၀၀ ရှိသည်။ မွန်၊ ဗမာ၊ ချင်း၊ ကချင်၊ ကရင်၊ ရခိုင်၊ ရှမ်း လူမျိုးတို့ နေထိုင်ကြပြီး စာရင်းရှိလူဦးရေ   ၂၂၄၃၇၉၃ ဦးရှိသော ပြည်နယ်တစ်ခုဖြစ်ပါသည်။ 

မွန်ရိုးရာဝတ်စုံဖြစ်ပေါ်လာပုံ

  မွန်လူမျိုးတို့သည် ကိုယ့်ထီးကိုယ့်နန်းနှင့် မင်းဧကရာဇ်၊ စစ်သေနာပတိ၊ ကဝိဆရာ၊ မှူးကြီးမတ်ရာ၊ သူဌေးသူကြွယ်၊ နယ်စားမြို့စား၊ ပြည်သူများ၊ လူတန်းစားအမျိုးမျိုးရှိခဲ့ ကြသည့်အားလျော်စွာ ဝတ်စားဆင်ယင်မှုသည်လည်း လူတန်းစားကိုလိုက်၍ ဝတ်စား ဆင်ယင်ခဲ့ကြပါသည်။ ကျည်းမြောင်းသောလူမျိုးရေးဝါဒီပဒေသရာဇ်မင်းတို့ အုပ်စိုးသောခေတ်နှင့်နယ်ချဲ့တို့၏ လက်အောက်သို့ရောက်ရသောခေတ်တွင် မွန်လူမျိုးတို့၏ စာပေယဉ်ကျေးမှုသည်လည်း လွှမ်းမိုးဖျက်ဆီးခြင်းခံခဲ့ရပါသည်။ မြန်မာပြည်လွတ်လပ် ရေးရပြီး နောက်ပိုင်းတွင် မွန်ဒေသမှ ရက်ကန်းလုပ်ငန်းရှင်များသည် စီးပွားရေးအမြင်ဖြင့် ပိုမိုတွင်ကျယ်စွာရောင်းချနိုင်သော မြန်မာအဝတ်အထည်ကိုသာ ရက်လုပ်ကြပြီး မွန်လူ မျိုးတို့၏ဝတ်စားဆင်ယင်မှုကို လျစ်လျူရှုခဲ့ကြပါသည်။ ရာမညတိုင်း၊ တိုင်းရင်းသားတို့သည် လွယ်ကူစွာရနိုင်သော အဝတ်အထည်များကိုသာ ဝယ်ယူသုံးစွဲခဲ့ကြသဖြင့် မွန်တို့၏ အဝတ်အထည်များကိုပိုမို၍ဝတ်ဆင်မှုနည်းပါးလာခဲ့ပါသည်။ မွန်အမျိုးသားဝတ်စုံကိုဝတ်ဆင်ရန် လိုအပ်သည့်အခါတွင် မည့်သည့်ဝတ်စုံကို ဝတ်ဆင်ရမည်ကိုပင်မဝေခွဲနိုင်သော အခြေအနေသို့ ရောက်ခဲ့ကြပါသည်။ တက္ကသိုလ်၊ ကောလိပ်များရှိ တိုင်းရင်းသားလူမျိုးတိုင်းတွင် မိမိတို့တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီများရှိကြသည်။ ကော်မတီတစ်ခုနှင့်တစ်ခု တွေ့ဆုံပွဲများ၊ စုပေါင်းကျင်းပသော ပွဲများရှိကြသည်။ ပွဲတော်များတွင် တက္ကသိုလ်မွန်ကျောင်းသူ၊ ကျောင်းသားများသည် တခြားတိုင်းရင်းသားနည်းတူ မိမိတို့၏ ဝတ်စုံကိုမဝတ်ဆင်နိုင်ဖြစ်ခဲ့သည်။

   ၁၉၇၁ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ပြည်ထောင်စုအလံ သယ်ယူပွဲတွင်  မိမိတို့၏ ဝတ်စုံပြည့်ဖြင့် ပါဝင်မဆင်နွဲနိုင်သောကြောင့် မွန်အမျိုးသားများ၊ မွန်ရဟန်းတော်များ၊ ကျောင်းသူကျောင်းသားများ၊ မွန်လူငယ်များသည် မွန်ဝတ်စုံဖြစ်မြောက်လာအောင် တက္ကသိုလ်မွန်ကျောင်းသား၊ ကျောင်းသူများသို့ စာနှင့်တစ်ဖုံ၊ လူနှင့်တစ်မျိုး တောင်းဆိုလာကြသည်။ ထို့ကြောင့် မွန်အမျိုးသားဝတ်စုံ ထုတ်ဖော်ဖြစ်မြောက်ရေးကော်မတီကို (၂၁.၈.၁၉၇၁)တွင် ရွှေတိဂုံဘုရားလမ်းမွန်ပဋကတ်တိုက်တွင် တက္ကသိုလ်ကောလိပ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းသားဟောင်းများဦးစီး၍ ဖွဲ့စည်းလိုက်သည်။

မွန်အမျိုးသားဝတ်စုံ ထုတ်ဖော်ဖြစ်မြောက်ရေးကော်မတီ၏ ကြိုးပမ်းဆောင်ရွက်ချက်

      မွန်အမျိုးသားဝတ်စုံ ထုတ်ဖော်ဖြစ်မြောက်ရေးကော်မတီသည် ပထမအကြိမ် အစည်းအဝေးကို(၂၁.၈.၁၉၇၁)ရက်နေ့တွင် ကျင်းပ၍ မွန်လူမျိုးတို့၏ ရှေးဟောင်းအဝတ် အစားနှင့် ယနေ့အဝတ်အစားများကို အထောက်အထားပစ္စည်းအဖြစ် အသုံးပြုရန် မွန်ဒေသစုံသို့ သွားရောက်စုဆောင်းခြင်း၊ မွန်ဒေသကိုရောက်ရာတွင် တွေ့ရှိရသောပစ္စည်းများ အကြောင်းအရာကိုသိရှိသောပုဂ္ဂိုလ်များထံတွင် မေးမြန်းလေ့လာခြင်း၊ မွန်တို့၏ဝတ်စား ဆင်ယင်မှုအကြောင်းကို တတ်သိပုဂ္ဂိုလ်များနှင့်ဆွေးနွေးခြင်း၊ ဒုတိယအစည်းအဝေးကို (၅.၉.၁၉၇၁)ရက်နေ့တွင် ပြုလုပ်၍ ရရှိထားသော အချက်အလက်များကို ဆွေးနွေးခြင်း ရရှိထားသော အဖြေများကို ပေါင်းစပ်ပြီး မွန်ဝတ်စုံအကြမ်းသဘော ရွေးချယ်သတ်မှတ် ခြင်းများ အဆင့်ဆင့်ကြိုးပမ်းကြသည်။ (၁၂.၉.၁၉၇၁)ရက်နေ့တွင် မွန်လူကြီးများ၊ လူငယ်လူလတ်၊ ရဟန်းတော်များ၊ ဆရာ၊ ဆရာမများ၊ တက္ကသိုလ်ကျောင်းသား/ သူများကို ဖိတ်ခေါ်၍ မွန်ဝတ်စုံကို သတ်မှတ်အအတည်ပြုရန် ကော်မတီအဖွဲ့သည် ရန်ကုန်၊ မော်လမြိုင်၊ ပဲခူး၊ ပေါင်၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်မရော၊ ကရင်ပြည် နယ်ကော့ဗိန်းရွာမှ ပစ္စည်းအထောက်အထား အချက်အလက်များကို ဆည်းပူးလေ့လာခဲ့ကြပါသည်။ ရှေးခေတ် မွန်အဝတ်အစားများ၊ နတ်ဝတ်နတ်စား၊ ပုဝါ၊ မွန်နှစ်နံစပ် လုံခြည် ထဘီများရရှိခဲ့ကြသည်။ ထို့မှတစ်ဆင့်   ကော်မတီဝင်များသည်    မွန်လုံခြည်၊   ထမီများကို သုတေသနပြုရာတွင် အနီရောင်သည် အပေါ်လွင်ဆုံးအရောင်ဖြစ်ပါသည်။ လုံခြည်တွင် အနီရောင်ခံပေါ်တွင် အဖြူရောင်အစင်းဖြင့် အကွက်များ ဖော်ထားခြင်းနှင့် ထဘီတွင် အနီရောင်ခံပေါ်တွင် အနက်ရောင်အစင်းများဖြင့် အကွက်ဖော်ထားသည်ကို တွေ့ရသည်။ ရှေးခေတ်မွန်အမျိုးသားတို့ ရှပ်အင်္ကျီကို မဝတ်ဆင်မီတွင် တိုက်ပုံနှင့်ဆင်သောအင်္ကျီ တစ်မျိုးဝတ်ဆင်သည်ကို တွေ့ရသည်။ တိုက်ပုံကဲ့သို့ လက်ပွကျယ်၍ အဆုံးလက်ကောက်ဝတ်တွင် တိုက်ပုံမှာကဲ့သို့ လက်ခေါက်ထားခြင်းမရှိပါ။ လည်ပင်းတွင် စတစ်ကော်လာကဲ့သို့ ကော်လာတိုပါရှိသည်။ တခြားတိုက်ပုံများကဲ့သို့ ကြယ်သီးမတပ်၊ ရင်ဖွင့်ဝတ်ဆင်၍ မရသဖြင့် အမြဲတစေကြိုးချည်၍ စေ့ထားရသည်။ ယင်းတိုက်ပုံတွင် အောက်အိပ်နှစ်လုံးသာပါသည်။ ရှေးခေတ်မွန်အမျိုးအသီးဝတ်စုံမှာ ယနေ့ခေတ်အထိ အများဆုံးအဖြူရောင်ကို ဝတ်ဆင် ကြသည်။ ရှေးခေတ်အင်္ကျီသည် ရင်ခွဲမဟုတ်ခေါင်းမှ စွပ်ရဝတ်ဆင်ရသည်။ လည်ဝိုက်ပုံ သဏ္ဍာန်နှင့်(V)သဏ္ဍာန်၊ လက်မှာ လက်ရှည်ဖြစ်ပြီး  ကြယ်သီးနှင့်ချည်စရာကြိုးများမလိုပဲ ပြုလုပ်ထားသည်။

       (၁၂.၉.၁၉၇၁)ခုနှစ်မှာ ကော်မတီအစည်းအဝေးကို ထပ်မံခေါ်၍ မွန်ပဋိကတ်တိုက် တွင် ကျင်းပပြန်၏။ အစမ်းသဘောဝတ်စုံကို တက်ရောက်ကြသော ပုဂ္ဂိုလ်များလက်ခံကြ၏။ အမျိုးသားတိုက်ပုံ၏ ပုံဏ္ဍာန်ကို မကန့်ကွက်လိုသော်လည်း အရောင်ကိုမူ ရဟန်းတော်များ ၊မွန်လူကြီးများက ကန့်ကွက်ကြသည်။ သတ်မှတ်ထားသော အနက်ရောင်သည် မွန်တို့၏ အယူအဆအရ မင်္ဂလာမရှိသော အရောင်ဖြစ်သည်။ ရှေ့တိုက်ပုံကဲ့သို့ အဖြူရောင်တွင် အနီရောင်အစင်းဖြင့် လေးထောင့်အကွက်ကြီး ဖော်ထားသောအစဖြင့် ချုပ်လုပ်ဝတ်ဆင် ရန် သဘောတူခဲ့ကြသည်။ အစည်းအဝေးမှ သတ်မှတ်သော မွန်အမျိုးသားဝတ်စုံမှာ အင်္ကျီအတွင်းရှပ်အင်္ကျီယူပြီး အပြင်တိုက်ပုံအတွက် အဖြူရောင်ပေါ်တွင် တစ်လက်မကွာ အနီတစ်ကြောင်း၊ လည်တွင် လက်မဝက်ခန့်ဗျက်ချုပ်မည်။ လက်ကို မခေါက်ပဲဆန့်ထား မည်အောက်အိပ်နှစ်လုံးပါမည်။ ကြိုးလေးကွင်းတပ်မည်။ လျာမပါချေ၊ လုံခြည်မှာအနီ ရောင်ခံမည်။     အဖြူအကွက်ဖော်မည်  အောက်ဆုံးအနားအဖြူ    လေးပုံတစ်ပုံလက်မ ထားမည်။ အနား၏အပေါ်တွင် အနီကွက်တစ်လက်မခွဲခန့် ပတ်ထားမည်။ အလယ်တွင် နှစ်နံစပ်သဘောဆောင်ရန် အောက်အနားအဖြူအစင်း လက်မဝတ်ခန့်ပတ်ထားမည် ဖြစ်ကြောင်း၊ မွန်အမျိုးသမီးဝတ်စုံမှာ အင်္ကျီကိုအဖြူရောင်၊ (V)သဏ္ဍာန်လည်ဝိုက်၊ ရင်စေ့၊ ကြိုးငါးချောင်းတပ်ရန်၊ လက်ရှည်အောက်အနားအနည်းငယ်ပိုရှည်ရန်၊ ထဘီမှာအနီရောင် ခံ၊ကြက်ခြေခတ်အနက်ကွက်၊ ရောင်စုံအစင်းပတ်(၆)လက်မအနီရောင်နှင့် အဖြူရောင် ယှက်ထားသောဗြောင် ၁၅ လက်မ အောက်ဆုံးအနား၊ အနီခံအနက်ကွက် ၂၁ လက်မ၊ ရောင်စုံအစင်း ၆ လက်မ၊ အနီဖြူရောင်ဗြောင် ၁၅လက်မ၊ စုစုပေါင်း ၄၂လက်မ ထပ်ဆင့် ဖြင့်ချုပ်မည် ဖြစ်ကြောင်းကို တက်ရောက်သူအားလုံးက ဝတ်စုံအား အတည်ပြု သတ်မှတ်နိုင်ခဲ့သည်။

မွန်ရိုးရာဝတ်စုံ စတင်ဝတ်ဆင်ခဲ့သော အထိမ်းအမှတ်

      မွန်ဝတ်စုံကို (၁၀.၁၀.၁၉၇၁)ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် မွန်မောင်မယ် သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတွင် စတင်ဝတ်ဆင်ခဲ့ကြသည်။ (၁၂.၁၀.၁၉၇၁) ရက်နေ့မှာ ရန်ကုန်သို့ ရောက်ရှိလာသော ကမ္ဘာ့လှည့် ဂျပန်လူငယ်များ ကြိုဆိုတွေ့ဆုံပွဲတွင် ယင်းသတ်မှတ်ထားသော ဝတ်စုံဖြင့် မွန်ကျောင်းသား/ သူများ သွားရောက် တွေ့ဆုံခဲ့ကြသည်။ (၂၃.၁၀.၁၉၇၁)ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေး မှုဆပ်ကော်မတီများ မိတ်ဆက်ပွဲ အခမ်းအနားကို မွန်ကျောင်းသား/သူ၊ ဆရာ၊ ဆရာမများ၊ အမျိုးသားဝတ်စုံကို တင့်တယ်စွာ ဝတ်ဆင်နိုင်ခဲ့ကြ၏ ညီရင်းအစ်ကိုများ မိတ်ဆက်နိုင်ခဲ့ကြသည်။ ၁၉၇၂ခုနှစ် တက္ကသိုလ်မွန်ပြက္ခဒိန်တွင်လည်း ယင်းမွန်ဝတ်စုံဖြင့် ဝတ်ဆင်ထားသော မွန်ကျောင်းသား/သူများ၏ပုံကို ထည့်သွင်းခဲ့ကြသည်။ အထက်ဖော်ပြပါ ကြိုးပမ်းအားထုတ်မှုတို့သည် ရေရှည်ခိုင်မာသော ဝတ်စုံမရှိသည့် မွန်လူမျိုးများအတွက် ဝတ်စုံတစ်စုံ မားမားမတ်မတ်ပေါ်ထွက်လာခဲ့ပါသည်။

မွန်ရိုးရာဝတ်စုံဖြင့် ပျော်ရွှင်နွဲဆင်ပွဲတော်များ

   မွန်လူမျိုးတို့သည် ရှေးယခင်ကပင်  မွန်ဝတ်စုံအပြည့် ဝတ်ဆင်၍ရိုးရာဘုရားပွဲများ၊ အထိမ်းအမှတ်ပွဲများ၊ နေ့ကြီးနေ့ထူးမြတ်များ၊ မွန်အမျိုးသားနေ့၊ မွန်ပြည်နယ်နေ့ စသည့် အထိမ်းအမှတ်ပွဲတို့၌ ရိုးရာဝတ်စုံများဝတ်ဆင်ပြီး ဆင်နွဲကြသည်။ ယဉ်ကျေးမှုအမွေအနှစ် ရိုးရာဝတ်ဆင်မှု၏ အမျိုးသားဝတ် တိုက်ပုံနှင့်လုံချည်၊ မိန်းကလေးဝတ်အဖြစ် ထဘီကို အနီခံတွင်အမဲရောင်နှင့် အင်္ကျီကိုအဖြူရောင်တို့ကို ဝတ်ဆင်ခဲ့ကြပြီး ယောကျ်ားလေး များအတွက် တိုက်ပုံ၊ မွန်ပုဆိုးအနီ၊ ခေါင်း ပေါင်း(သို့) ပတ်ပေါင်းတို့ဖြင့် ရိုးရာမပျက် ဝတ်ဆင်သည်။ ခေတ်ပြောင်းလဲမှု တိုးတက်လာခြင်းနှင့်အညီ မွန်ရိုးရာမပျက်ထိန်းသိမ်း၍ ကာလာစုံ၊ ဒီဇိုင်းစုံ ဖန်တီးထားမှု၊ ချုပ်လုပ်ဝတ်ဆင်၍ မွန်ရိုးရာဝတ်စုံကို ပိုမိုနှစ်သက် ဝတ်ဆင်လာကြပါသည်။

ရိုးရာဝတ်စုံချုပ်လုပ်မှုပိတ်စနှင့် ရက်ကန်းစင်များ

      အမျိုးသားတိုက်ပုံအတွက် ချည်သား၊ ပိုးသား၊ ယုန်သားတို့ဖြင့် ချုပ်လုပ်ထားပြီး ပုဆိုးကို နှစ် ၈၀ချည်၊ နှစ် ၁၀၀ ချည်၊ ပိုးယုန်တို့ဖြင့် ချုပ်ပေးထားပြီး ခေါင်းပေါင်းကို ပိုးသားအမာဖြင့် ပြုလုပ်ထားပါသည်။ မွန်ရိုးရာထမီချုပ်လုပ်ရာတွင် ပိတ်စအမျိုးအစားမှာ ယုန်သား နှစ် ၈၀ချည်၊ နှစ် ၁၀၀ချည်များဖြင့် ချုပ်လုပ်ပြီး အင်္ကျီအဖြူကို ယုန်ဟုခေါ်သော ပိတ်စဖြင့် ပြုလုပ်ပါသည်။ ယခင်က ဝတ်စုံများကို ချုပ်လုပ်ရာတွင် ရှေးရိုးရာမပျက် လက်ရက်ကန်းများပြုလုပ်ခဲ့ပါသည်။  မွန်ပြည်နယ် မုဒုံမြို့နယ် နိုင်လှုံကျေးရွာရှိ ရွှေချည် ရက်ကန်းကုန်ထုတ် သမဝါယမအသင်းလီမိတက်က မွန်ရိုးရာဝတ်စုံ၊ စောင်နှင့်ပဝါများ၊ ရက်လုပ်ရောင်းချမှုရှိပါသည်။ ၎င်းရွှေချည်ရက်ကန်း ကုန်ထုတ်သမဝါယမအသင်းလီမီ တက်သည် မုဒုံမြို့နယ်နိုင်လှုံကျေးရွာရှိ ရက်ကန်းကုန်ထုတ် လုပ်ငန်းလုပ်ကိုင်သူများက စုပေါင်း၍ ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။  အဆိုပါအသင်းမှ အသင်းဝင်များက မွန်ရိုးရာ ဝတ်စုံများ၊ စောင်နှင့်ပဝါများရက်လုပ်ရာတွင် လိုအပ်သည့်ကုန်ကြမ်းကို အမရပူရမြို့နှင့် ဒေသတွင်းမှ ဝယ်ယူကာလက်ရက်ကန်းစင် ၂၅စင်ဖြင့် ရက်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်ပါသည်။ အဆိုပါ ရက်ကန်းစင်များမှ တစ်လလျှင် အမျိုးသား၊ အမျိုးသမီးဝတ် မွန်ရိုးရာဝတ်စုံ အထည် ၁၀၀၊ စောင်အထည် ၂၀နှင့်ပဝါ ၁၀ထည် ရက်လုပ်နိုင်ပြီး ထုတ်လုပ်ရရှိသည့် အထည်များကို လက်လီလက်ကားဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါ သည်။  ၂၀၂၃ ခုနှစ်တွင် မွန်ပြည်နယ်အတွင်း လက်ရက်ကန်းစင် ၄၁စင်ထူထောင်လာပြီး မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ကျေးရွာများ၊ ဘားအောက်၊ ကော့ခမိန်၊ ရိုးဂိုးကျေးရွာများမှ အများဆုံး ရက်လုပ်ပါသည်။ ယခင်က လက်ကန်းဖြင့် တစ်ရက်လျှင် တစ်ထည်နှုန်းသာ ထုတ်လုပ်နိုင်သောကြောင့် ဈေးကွက်ပိုမိုချဲ့ထွင်ရေး လုပ်ငန်းရှင်များက  တစ်နေ့လျှင် အထည်၂၀ နီးပါး ထုတ်လုပ်နိုင်သော စက်ရက်ကန်းများကိုပါ ကြိုးပမ်းဆောင်ရွက်လာပါသည်။

မွန်ဒေသစီးပွား ရိုးရာဝတ်စုံ

    မွန်ပြည်နယ်၏ ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ခြင်းသည် ဒေသတွင်းထုတ်ကုန် မွန်ဝတ်စုံလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဈေးနှုန်းသင့်တင့်သောကြောင့် လူတိုင်း ဝတ်ဆင်နိုင်ပါသည်။  အမျိုးသမီးဝတ်ဆင်ရန် တစ်စုံလျင် ၁၅၀၀၀ ကျပ်မှ ၁၅၀၀၀၀ ကျပ်ထိရှိ၍ ၎င်းမှာပိတ်စအမျိုးအစား ပေါ်မူတည်၍ ကွာဟမှုဖြစ်ပါသည်။ အမျိုးသား ဝတ်ဆင်ရန် တစ်စုံလျှင် ၂၅၀၀၀ ကျပ်မှ ၂၀၀၀၀၀ ကျပ်ထိရှိ၍ ၎င်းမှာပိတ်စ အမျိုးအစား ပေါ်မူတည်၍ ကွာဟမှုဖြစ်ပါသည်။ ဒေသတွင်းထုတ်ကုန်ဖြစ်၍ ဒေသတွင်းရှိ  ပြည်သူများ အလုပ်အကိုင်ရရှိခြင်း၊ ဈေးကွက်တွင်ကျယ်လာခြင်း၊ မွန်ပြည်နယ်သို့ လာလည်ကြသည့် ပြည်တွင်း၊ ပြည်ပမှ ဧည်သည့်များသည် တိုင်းရင်းသားဝတ်စုံကို အသိအမှတ်ပြု၍ ဝယ်ယူဝတ်ဆင်၍သော်လည်းကောင်း၊ လက်ဆောင်ပစ္စည်းအဖြစ် ဝယ်ယူ၍သော်လည်းကောင်း လူတိုင်းရင်မှာ မွန်ရိုးရာဝတ်စုံမှာ ဂုဏ်ယူဖွယ်မဆုံးရှိနေပြီ ဖြစ်ပါသည်။

     ထို့ကြောင့် မွန်လူမျိုးထုတစ်ရပ်လုံးသည်လည်း တာဝန်သိသိနှင့်မွန်အမျိုသား ဝတ်စုံကို ကျယ်ပြန့်စွာဝတ်ဆင်လာရန် ဆောင်ရွက်ခြင်း၊ မပျောက်ပျက်အောင်ထိန်းသိမ်း စောင့်ရှောက်ခြင်းတို့သည် မွန်လူမျိုးများအတွက် မည်မျှတန်ဖိုးရှိသည် အကျိုးရှိသည်ကို နားလည်ရပါသည်။ မွန်အမျိုးသား၊ အမျိုးသမီးများသည် မိမိတို့၏ အမျိုးဘာသာသာသ နာနှင့်ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထား၊ မြတ်နိုး၊ ခင်တွယ်၊ ဝတ်ဆင်ကြပါသည်။ ဝတ်ဆင်သူ ပိုမိုများပြားလာသည့် မွန်ဒေသ၏တန်ဖိုးရှိထုတ်ကုန် မွန်ရိုးရာဝတ်စုံအကြောင်း သိကောင်းစရာအား တင်ပြလိုက်ရပါသည်။

DOCA(မွန်)