အစာလည်းဆေး၊ ဆေးလည်းအစာဆိုသည့်အတိုင်း ချက်ပြုတ်စားသောက်၍လည်းရ၊ ဆေးဖက်လည်းဝင်သည့် အပင်မျိုးဖြစ်သော ကင်ပွန်းချဉ်ပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်ပြီး အမြဲစိမ်းသစ်တောများ၌ အများဆုံးတွေ့ရသော သဘာဝအလျောက်ပေါက်ရောက်သည့် အပင်မျိုးဖြစ်သည်။ နွယ်လျှောက်ပင်မျိုးဖြစ်ပြီး မိုးတွင်းကာလတွင် အညွှန့်များဝေဆာပြီး အညွှန့်လှိုင်လှိုင်ခူးဆွတ်ရပါသည်။
ကင်ပွန်းချဉ်သည် အနီမျိုးနှင့် အဖြူမျိုးရှိပြီး ခြံစည်းရိုးများတွင် အစီအရီ စိုက်ပျိုးကြသ လို စီးပွားဖြစ်အခင်းလိုက်လည်း စိုက်ပျိုးကြသည်။ ကင်ပွန်းချဉ်ပင်သည် မိုးများသော အောက်ပိုင်းဒေသများတွင် ကောင်းစွာဖြစ်ထွန်းပြီး မိုးနည်းသောဒေသများတွင် ရေကိုစနစ်တကျပေး နိုင်ပါက ဖြစ်ထွန်းနိုင်ပါသည်။ ရေဝပ်ခြင်းကို မနှစ်သက်သဖြင့် ရေကို ကောင်းစွာထုတ်ပေးရန် လိုအပ်ပြီး မြေဆွေးဓာတ်များသော သဲနှုန်းမြေ၊ မြေစေးများတွင်စိုက်ပျိုးက ပိုမိုဖြစ်ထွန်းနိုင်သည်။
အပင်မျိုးပွားရာတွင်လည်း နှစ်မျိုးရှိပြီး တစ်မျိူးမှာ မြေထုပ်စည်း၍ မျိုးချစိုက်ပျိုးနည်းနှင့် တိုက်ရိုက်အစေ့ချ စိုက်ပျိုးနည်းဟူ၍ရှိပြီး မြေထုပ်စည်းနည်းကို ပို၍ အသုံးပြုကြသည်။ မြေထုပ်စည်းရာတွင် တစ်လခန့်ကြိုတင်ပြီး မြေထုပ်စည်းကြသည်။ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်းတွင် စည်းကြပြီး ရက်(၂၀)အတွင်း အမြစ်စထွက်ပြီး (၇)ရက်ခန့်အတွင်း ကိုင်းဖြတ်စိုက်ပျိုးနိုင်သည်။ တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်း၊ အစေ့ကို ပျိုးထောင်ခြင်းဖြင့်လည်း မျိုးပွားနိုင်သည်။ အစေ့စိုက်အပင်သည် အညွန့်ထွက်ရန်ကြာနိုင်သဖြင့် မြေထုပ်စည်းနည်းကိုသာ အသုံးပြုကြသည်။
ကင်ပွန်းချဉ်ပင်သည် အရွက်၊အသီး၊ အပွင့်အားလုံးသည် ဆေးဖက်ဝင်သော အပင်ဖြစ် ပါသည်။ အဓိက ပါဝင်သော အာ ဟာရဓာတ်မှာ ရေငွေ့ဓာတ်ဖြစ်ပြီး ပူ၍ချဉ်သောအရသာရှိ သည်။ အပူကြောင့်ဖြစ်တတ်သော အခိုးအကင်းကို ငြိမ်းစေနိုင်သဖြင့် ဆောင်းရာသီတွင် စားသုံးပါက ကျန်းမာရေးတွင် ပိုမိုထိရောက်ပါသည်။ ကျိုချက်၍ သောက်သုံးပါက ဆီးရောဂါအမျိုးမျိုးအတွက် ပျောက်ကင်းသက်သာစေပြီး ငါးခူ၊ ငါးကြင်းသားတို့ဖြင့် ရောစပ်၍ ချက်ပြုတ်ပါက လေချဉ်တက်ခြင်းရောဂါအတွက် ကောင်းခြင်း၊ ငါးဇင်ရိုင်း(သို့) ငါးတန်နှင့် ရောချက်ပါက သဲခြေရောဂါကို သက်သာပျောက်ကင်းနိုင်စေခြင်း၊ ငါးခုံးမနှင့် ရောချက်ပါက အိပ်မပျော် စားမဝင်ရောဂါအတွက်ကောင်းခြင်း၊ အမျိုးသမီးများအတွက်လည်း မီးဖွားရာတွင် လွယ်ကူစေရန် ကင်ပွန်းချဉ်ရွက်ပြုတ်ရည်ကို သောက်သုံးနိုင်ခြင်း စသည့်အကျိုးအာနိသင်များ ရရှိနိုင်ကြောင်း ကျန်းမာရေးဗဟုသုတစာစောင်တွင် ဖော်ပြထားရှိပါသည်။
အညာဒေသတွင် ကင်ပွန်းချဉ်ရွက်ကို ဘယာကြော်၊ တို့ဟူးတို့ဖြင့် ရောချက်ပြီးလျှင် ငရုတ်သီးထောင်းနှင့် တွဲဖက်စားရသောအရသာသည် အသားဟင်းနှင့် မလဲနိုင်ပေ။ မနက်စာအဖြစ် ကင်ပွန်းချဉ်ရွက်ကို ပုဇွန်ခြောက်၊ ငရုတ်သီးတို့နှင့်ရောထောင်းပြီး စားတော်ပဲပြုတ်နှင့်လည်း တွဲဖက်စားသုံးကြသည်။ သန့်ရှင်းစင်ကြယ်စွာ ဆေးကြောထားသော ကင်ပွန်းချဉ်ရွက် မနုမရင့် လက်တစ်ဆုပ်စာကို သဘာဝထန်းလျက်နှင့် သုံးခွက်တစ်ခွက်ကျို၍ ဆားအနည်းငယ်ထည့်ပြီး ရေနွေးကြမ်းပန်းကန်လုံးနှင့် နေ့စဉ်မှန်မှန်သောက်သုံးပေးခြင်းဖြင့် လည်းကောင်း၊ အရွက်ကိုကြိတ်ပြီးရလာသောအရည်ကို မျက်နှာပေါ်မှန်မှန်လိမ်းပေးခြင်းဖြင့် တင်းတိပ်၊ အမဲစက်များကို သက်သာပျောက်ကင်းစေနိုင်ပါသည်။
အသီးသည် အသားထူပြီး အတောင့်ရှည်မျိုးဖြစ်သည်။ ပြား၍ဖျောင့်ပြီး အစေ့များကြားတွင် အဆစ်များရှိပြီး အစေ့မှာ အနက်ရောင်ဖြစ်သည်။ အသီး၏အာနိသင်မှာ လေအောင့်ရောဂါ၊ သွေးနှင့်ဆိုင်သောရောဂါ၊ အစာအိမ်နှင့်ဆိုင်သောရောဂါနှင့် ဝမ်းချုပ်ခြင်းတို့ကို ပျောက်ကင်းစေပြီး တရော်နှင့် ကင်ပွန်းသီးပြုတ်ရည်နှင့် ခေါင်းလျှော်ခြင်းဖြင့် ဆံပင်ကို သန်စွမ်းစေခြင်း၊ ဦးခေါင်းကို အေးမြစေခြင်း၊ ဗောက်များပျောက်ကင်းစေနိုင်ပါသည်။ အသီးနှင့်အရွက် ပြုတ်ရည်ကို ဝမ်းပျော့ဆေးအဖြစ်လည်း ရောစပ်အသုံးပြုနိုင်ကြောင်း မြန်မာ့ဆေးကျမ်း၌ ဖော်ပြထားပါသည်။
အပွင့်သည် အဝါရောင်ရှိပြီး ပန်းခိုင်အဖျားတွင် စုပြုံ၍ ဖူးပွင့်ကြသည်။ အပွင့်ပြုတ်ရည်ကို သောက်သုံးခြင်းဖြင့် လေရောဂါ၊ သည်းခြေရောဂါတို့ကို ပျောက်ကင်းစေနိုင်ပြီး ချွဲ၊ သလိပ်တို့ကို ကြေစေနိုင်ပါသည်။
မြန်မာ့ဆေးဖက်ဝင်အပင်ဖြစ်သော ကင်ပွန်းချဉ်ရွက်သည် လူအများနှစ်သက်စွာ စားသုံးကြသော ဟင်းလျာအဖြစ်လည်းကောင်း၊ ဆေးများဖော်စပ်ရာတွင်လည်း ရောစပ် အသုံးပြုခြင်းဖြင့်လည်းကောင်း၊ အသားအရည်ကျန်းမာရေးအတွက်လည်းကောင်း အထောက်အကူပြုလျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။
DOCA(မကွေး)