စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၂၄.၇.၂၀၂၃)ရက်နေ့ နံနက်(၁၀:00)နာရီအချိန်တွင် ဒေသထွက် ရိုးရာအစားအစာများဖွံ့ဖြိုး တိုးတက်စေရန်အတွက် မင်းဘူးခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ပူးပေါင်း၍ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းကျေးရွာရှိ တစ်နိုင်တစ်ပိုင်လုပ်ကိုင်လျက်ရှိသော “ကြက်ဥမရွေး”လုပ်ငန်းအား သွားရောက်ကွင်းဆင်း လေ့လာဆွေးနွေးခဲ့ပါသည်။
ထိုသို့ ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအတွက် လိုက်နာရမည့်တာဝန်များ သိရှိလိုက်နာရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါဝင်နိုင်စေရန် နမူနာပုံစံများရေးဆွဲပြသ၍ မိမိတို့စားသုံးသူရေးရာဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးနေပါကြောင်း၊ လုပ်ငန်းရှင်များဘက်မှ မိမိတို့ ထုတ်လုပ်သောကုန်စည်များအပေါ်၌ တာဝန်ယူမှု၊ တာဝန်ခံမှုများ ရှိရန်လိုအပ်ပါကြောင်း၊ စီမံ ခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းများ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် (၂/၂၀၁၉) စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများကို မဖြစ်မနေ ဖော်ပြပေးရန် အဓိကလိုအပ်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
လုပ်ငန်းရှင်ကလည်း မရွေးလုပ်ငန်းကို လုပ်ကိုင်ရာတွင် ကုန်ကြမ်းများဖြစ်သော ဂျုံ၊ ကပ်စေးနှဲ၊ ဆီများကို မင်းဘူး၊ မကွေးမှ အများဆုံးဝယ်ယူပါကြောင်း၊ ဂျုံ(၂၅)ပိဿာတစ်အိတ်လျှင် (၁၀၀၀၀၀) ကျပ်၊ ကပ်စေး(၁၆)ပိဿာတစ်ပုံးလျှင် (၃၈၀၀၀)ကျပ်၊ ထန်းလျက်(၁၀)ပိဿာလျှင် (၃၆၀၀၀)ကျပ်၊ ဆီ တစ်ပိဿာလျှင် (၈၈၀၀)ကျပ်ဖြင့်လည်းကောင်း ဝယ်ယူရပါကြောင်း၊ တစ်ရက်ခြားတစ်ခါ လုပ်ကိုင်ရပါကြောင်း၊ တစ်ခါလုပ်ကိုင်ရပါက တစ်ကြိမ်လျှင် ဂျုံတစ်အိတ် ကုန်ပါကြောင်း၊ ဂျုံတစ်အိတ်လျှင် ကပ်စေး(၂)ပုံးခွဲပျမ်းမျှနှင့် ဆီပိဿာ(၁၀)ပုံးမှ (၅)ပုံး ပျမ်းမျှ ကုန်ပါကြောင်း၊ အလုပ်သမားမှာ (၁၂)ဦးရှိပါကြောင်း အမျိုးသား(၁)ဦးလျှင် ထမင်းတစ်နပ် ကျွေးရ ပြီး (၁)နေ့လျှင် (၄၀၀၀)ကျပ်မှ (၄၅၀၀)ကျပ်ထိလည်းကောင်း၊ မိန်းကလေး(၁)ဦးလျှင် တစ်နေကုန် ထမင်း(၂)နပ် ကျွေးရပြီး (၁)နေ့လျှင် (၃၀၀၀)ကျပ်မှ (၃၅၀၀)ကျပ်ထိ ပေးရပါကြောင်း၊ ဈေးကွက်အနေဖြင့် ထုပ်ပြီးသားမရွေးများအား မင်းဘူး၊ မကွေးနှင့် မြို့ပေါ်သို့လည်းကောင်း ၊ယခုဝါတွင်း ကာလတွင် ကျောင်းတော်ရာ ဘုရားဖူးခရီးသည်များမှလည်းကောင်း ဝယ်ယူကြပါကြောင်း “ထွန်း”မရွေး လုပ်ငန်းရှင် ဦးအေးချိုထံမှသိရှိရပါသည်။
DOCA(မကွေး)