Main menu

သာယာလှပသော မြို့ရွှေတောင်နှင့် ရာသီချိန် ပန်းဟော်လန်

Powered by Drupal
Thu, 08/03/2023 - 15:31 -- consumer_admin

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ရွှေတောင်မြို့သည် ဧရာဝတီမြစ်ကမ်းနဘေးတွင် တည်ရှိပြီး အနောက်ဘက်တွင် ရခိုင်ရိုးမ၊ အရှေ့ဘက်တွင် ပဲခူးရိုးမတို့ ဝန်းရံလျက်ရှိကာ ပြည်မြို့နှင့် ထိစပ်လျက်ရှိသည့် သမိုင်းဝင်မြို့လေးတစ်မြို့ဖြစ်ပါသည်။  မိုးရာသီကာလ ဝါဆို၊ ဝါခေါင်၊ တော်သလင်း၊ သီတင်းကျွတ်များတွင် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရာ ဝါတွင်းသုံးလ အခါ သမယ၌  မြို့နယ်အတွင်းရှိ ဘုရားစေတီများ၌ နေ့စဉ် အဘိဓမ္မာတရားပွဲများကို ကျင်းပပြုလုပ်၍ တရားသံများဖြင့် ပြည့်လျှံဝေစည်နေပြီး  သမိုင်းဝင် တန်ခိုးကြီး ဘုရားများဖြစ်သည့် ရွှေမျက်မှန်ဘုရား၊ ရွှေနတ်တောင်ဘုရားများ တည်ရှိရာ တင့်တယ်သာယာလှပနေသော မြို့လေးတစ်မြို့ဖြစ်ပါသည်။

     ရွှေတောင်မြို့အတွင်းရှိ မြို့နယ်များတွင် ရာသီချိန်အလိုက် စပါး၊ ပဲမျိုးစုံ၊ ကောက်ပဲသီးနှံများ၊ သစ်သီးဝလံများ၊ ပန်းမာန်များကို စိုက်ပျိုးလျက်ရှိရာ ရွှေတောင်မြို့နယ်၌ မိုးရာသီ အချိန်ကာလတွင်  ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ အထွတ်အမြတ် အလေးထားရာ ဝါတွင်းကာလ တရားပွဲများ၊ ဝါဆိုသင်္ကန်း ကပ်ပွဲများတွင် ဟော်လန်(အော်လံ)ပန်း (ခ)သစ္စာပန်းများကို အများဆုံးကပ်လှူ အသုံးပြုကြပါသည်။  

  “တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း” ဆိုသည့် ရှေးဆိုရိုး စကားရှိသည်နှင့်အညီ သစ္စာပန်း အနွယ်ဝင်ဟော်လန်ပန်း(အော်လံပန်း)များကို ရွှေတောင်ဒေသအခေါ်အနေဖြင့် သစ္စာပန်းနှင့် ဟော်လန်ပန်း(အော်လံပန်း)ဟု ခွဲခြားခေါ်ဝေါ်ကြပြီး  အပွင့်၏ ပုံသဏ္ဌာန်သည် အော်လံ ပုံသဏ္ဌာန်ရှိ၍ ပန်းရိုးတံများ ကြီး၍ အပွင့်ကြီးသော ပန်းများကို ဟော်လန်ပန်း (အော်လံပန်း) သစ္စာပန်းမျိုးကြီးဟု ခေါ်ဆိုကြပြီး ပန်းရိုးတံ သေး၍ အပွင့်သေးသော ပန်းများကို သစ္စာပန်းဟု သီးခြားအမည် နာမတပ်၍  ခေါ်တွင်ကြကြောင်းနှင့်  အခြားဒေသများတွင် သစ္စာပန်းဟု ခေါ်တွင်ကြပါကြောင်း လေ့လာသိရှိရပါသည်။ 

       ဟော်လန် (အော်လံ) ပန်းများသည် အရွက်ရှည်ရှည် ချွန်ချွန်များ အလယ်မှ သေးသွယ်ရှည်လျား၍ မားမားမတ်သော ပွင့်တံများ ထွက်လာပြီးလျှင် ပွင့်တံအဖျားတွင် ထိပ်ချွန်သော ပန်းခိုင်မျိုး ဖြစ်ပြီး ပန်းပွင့်များသည် ပွင့်တံ၏ တစ်ဖက်သပ်သပ်၌ အပွင့်ချင်း လွှဲထွက်ကာ ဆင့်ရရင့် လှပစွာ ဖူးပွင့်ကြပါသည်။ အောက်ဘက်မှ အပွင့်များသည် ဦးစွာ ပွင့်၍ အပေါ်ပိုင်းမှ အဖူးချွန်ချွန်များသည် တစ်ခု ပြီးတစ်ခု ပွင့်၍ လိုက်လာကြပါသည်။ အောက်ဘက်မှ အဖူးများ ပွင့်အာစပြုလျှင်ပင် ပန်းခိုင်များကို ခူးဖြတ်လိုက်သည့်တိုင်အောင် အပွင့်များသည် အဖူးများ ကုန်လုနီးသည်အထိ တစ်ပွင့်ပြီး တစ်ပွင့် ပွင့်ကြ ပါသည်။ ပွင့်ဖတ်ကလေးများသည် ပိုးသားကဲ့သို့ ချောမွတ်ကာ တောင့်တောင့်ကလေးဖြစ်ကြပါသည်။ ဟော်လန် (အော်လံ)ပန်းများသည် သင်းပျံ့မွှေးကြိုင်သော  ရနံ့များရှိကြောင်း လေ့လာသိရှိရပါသည်။

     မိုးရာသီတွင်  ဟော်လန်(အော်လံ)ပန်း(ခ) သစ္စာပန်းများကို  ရွှေတောင်မြို့နယ်ရှိ  တောဟိုင်၊ ကံသုံးဆင့်၊ မကျီးပေါက်ကုန်း၊ ကျွန်းတန်းရိုး၊ ဝါးတော၊ ဖါးအိုင့် စသည့် ယာမြေများတွင် စီးပွားဖြစ်အနေ ဖြင့်တောင်သူ(၂၅)ဦးမှ (၃၅)ဧကခန့်နှင့်  ရေကြီးရေလျှံဖြစ်ပေါ်နိုင်သည့် မိုးရာသီကာလတွင် ကိုင်းကျွန်း မြေများဖြစ်သည့်  လမိုင်း၊ မြို့မ၊ သူဌေးကုန်း၊ ယင်းမူကုန်း စသည့် ဒေသများတွင် တောင်သူဦးရေ (၁၀)ဦးမှ ခန့်မှန်း ဧက(၁၅)ခန့်သာ စိုက်ပျိုးကြရပြီး  မိုးလေ ကင်းလွတ်သည့် နွေရာသီ အချိန်ကာလများ ၌  ကိုင်းကျွန်းမြေများတွင် ယခုထက်ပိုမို စိုက်ပျိုးကြကြောင်း လေ့လာရပါသည်။

      ပျိုးပင်ပေါက် ပန်းဥများကို ဘောင်များတွင် စတင်စိုက်ပျိုးချိန်မှစ၍ တစ်ပတ်အကြာတွင် ဥတက်မှ အပင်ပေါက်သည် စတင်ထွက်လာပြီး ပန်းလက် နှစ်လက်/ သုံးလက် ထွက်လာလျှင် အလုပ် သမား များဖြင့် အပင်အားဆေး၊ အပွင့်အားဆေးများ၊ ပိုးသတ်ဆေးများ၊ မြေဆီအတွက် အားဆေးများကို စတင်ကျွေးခြင်း၊ မြက်နှုတ်ခြင်း၊ ဘောင်တင်ခြင်းများ ပြုလုပ်ရပါသည်။ ပန်းလက် ခြောက်လက်ထွက် ရှိလာလျှင် စတင် သားပိုက်၍ ခုနှစ်လက်မှ ရှစ်လက်ဆိုလျှင် ပန်းတံများ စတင်ထွက်ရှိလာပြီး ပန်ချိုးခြင်း လုပ်ငန်းများကို နေ့စဉ် နံနက်ပိုင်းနှင့် ညနေပိုင်းများတွင် တစ်ရက်လျှင် နှစ်ကြိမ်(သို့မဟုတ်) အချို့ ပန်းစိုက် တောင်သူများသည် မနက်ပိုင်း တစ်ကြိမ်သာ ပန်းချိုးကြပြီး  နှစ်လ သုံးလအကြာ၌ ပန်းခုတ် ခြင်း၊ ပန်းချိုးခြင်း လုပ်ငန်းများ ပြီးဆုံးကြောင်း လေ့လာသိရှိရပါသည်။

         မျိုးဥများကို ပန်းအမျိုးအစား အရောင်အသွေးပေါ် မူတည်၍ တစ်ဥလျှင် (၁၃ -၁၅ -၁၈) ကျပ် အထိ ပြင်ဦးလွင်မှ ပန်းမျိုးများ ဝယ်ယူရပါသည်။ ပန်းအမျိုးအစားအနေဖြင့် ပတ္တမြား၊ စတော် ဘယ်ရီ၊ အဖြူ၊ မိတ်ချွန်၊ ရောင်စမ်း၊ ကာနေရှင်းဟု အမျိုးအစားများစွာကို ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးကြပြီး ပတ္တမြားအရောင် (အနီရောင်)သည် ဈေးကွက်တွင် ဈေးနှုန်း ပိုမိုရရှိ၍ ဝယ်သူများ အကြိုက်များကြကာ ဈေးကောင်း ပိုမိုရရှိပါသည်။

    တစ်ဧကလျှင် ပန်းမျိုးဥ (၅)သောင်းခန့် စိုက်ပျိုးကြပြီး၊ စိုက်ပျိုးစရိတ်အနေဖြင့် ထွန်ယက်ခ ရှစ်သောင်းခန့်၊   စိုက်ပျိုးခ ငါးသောင်းခန့်၊  မြေဆီနှစ်အိတ်လျှင် နှစ်သိန်းခြောက်သောင်းခန့်၊  ပိုးသတ်ဆေး၊ အပင်အားဆေး လေးသောင်းခန့်၊ မြတ်နှုတ်ဘောင်တင်ရန်အတွက် အမျိုးသား လုပ်သား များကို တစ်ရက်လျှင် ၆၀၀ဝိ/- ကျပ်နှုန်းဖြင့် အလုပ်သမားခ(၁၀)ဦးကို  ခြောက်သောင်းကျပ်ခန့်နှင့် ပန်းချိုး ပန်းခုတ်ခြင်းများ လုပ်ငန်းများ ဆောင်ရွက်ချိန်တွင် တစ်နေ့လျှင် အမျိုးသား(၂)ဦးကို တစ်နေ့ လျှင်(၆၀၀ဝိ/-)ကျပ် ဖြင့် လည်းကောင်း၊  အမျိုးသမီး(၂)ဦးကို တစ်နေ့လျှင်(၅၀၀ဝိ/-)ကျပ် နှုန်းဖြင့် လည်းကောင်း (၃)လအတွက် တစ်ဆယ့်ကိုးသိန်းရှစ်သောင်းခန့်ဖြင့်  ငှားရမ်းလုပ်ကိုင်ရပါ၍ တစ်ဧက ခန့်မှန်းကုန်ကျစရိတ်စုစုပေါင်း (၃,၄၁၀,၀၀ဝိ/-)ကျပ်ခန့် ကုန်ကျပါကြောင်း လေ့လာ သိရှိရပါသည်။ 

   ပန်းပွင့်ကျသောရာသီတွင် ဥတက်များကို မြေမှ တူးဖော်၍ ခြောက်သွေ့သောနေရာတွင် သိမ်းထားရပါသည်။ သို့မှသာ ဥတက်များ အပျက်အစီးနည်း၍  ဆောင်ကူးရာသီတွင် ဥတက်များကို တူးဖော်၍ သိမ်းထားပြီး နွေကူးရာသီတွင် ပြန်လည်စိုက်ကြပါသည်။ ဟော်လန်ပန်း(အော်လံပန်း)(ခ) သစ္စာပန်းတို့သည် ရေကောင်းစွာရရှိ၍ မြေဩဇာကောင်းသော မြေပျော့မျိုး၌ ဖြစ်ထွန်းသည်။ မြေဆွေးနှင့် နောက်ချေး မြေမျိုးကို နှစ်သက်ပါသည်။ မြေများ ပြုပြင်ပြီးထားသော စိုက်ခင်းမြောင်းဘောင်မို့မို့တွင် ဥတက်တစ်ခုလျှင် ခြောက်လက်မခန့် ခွါလျက် ကျင်းတိမ်တိမ်တူး၍ စိုက်ပျိုးရသည်။ ဟော်လန် (အော်လံ) သစ္စာပန်းကြီးမျိုးသည် ပန်းတစ်ခိုင်လျှင် ၇ ပွင့်မှ ၁၀ ပွင့် နီးပါးထိ ပွင့်ပါကြောင်း သိရှိရပါသည်။

      ယခုအခါ ကိုင်းကျွန်းမြေဖြစ်သည့် မြို့မနယ်တွင် ဟော်လန်ပန်းများ စတင်ထွက်ရှိနေပြီး ပန်းစိုက်တောင်သူများအနေဖြင့် နေရာတွင် ပန်းတံများကို ပန်းတံ တစ်တံလျှင် ၁၁၅ကျပ် မှ ၁၂၀ ကျပ် အထိ ဈေးရရှိပါကြောင်း၊ မိုးများ၍ အရောင်းအဝယ် အေးသော အချိန်များတွင် ၈ဝိ မှ ၁၀ဝိ ကျပ်သာ ရရှိပါကြောင်း၊ အချို့တောင်သူများအနေဖြင့် ပေါ်ဦးပေါ်ဖျားတွင်  ပန်းတံများ လှလျှင် လှသလို ပန်းတံ တစ်တံလျှင် ၁၅ဝိ/- ကျပ် အထိ ဈေးရရှိကြပါကြောင်း၊  အကျိုးအမြတ်အနေဖြင့် ပန်းတံထွက်ရှိမှု၊  ပျက်စီးဆုံးရှုံးမှု၊ ရာသီဥတုနှင့် ဈေးနှုန်းဈေးကွက်ပေါ် မူတည်၍ အရှုံးအမြတ်ရှိပါကြောင်း ရွှေတောင် မြို့နယ်ရှိ ပန်းစိုက်တောင်သူ တစ်ဦး၏ ပြောကြားချက်အရ လေ့လာသိရှိခဲ့ရပါသည်။

   ရွှေတောင်မြို့နယ်တွင် ပန်းစိုက်ရာသီချိန်၌ ဟော်လန်ပန်းများကို ပန်းစိုက်တောင်သူများ ရှိရာနေရာသို့ လိုက်လံကောက်ယူ(ဝယ်ယူ)သည့် ပန်းဒိုင်များလည်းရှိပါကြောင်း၊ ပန်းဒိုင်များအနေဖြင့် မိုးရာသီတွင် (၈)ဒိုင်ခန့်သာရှိ၍ မိုးလေကင်းလွတ်သည့် ပွင့်လင်းရာသီတွင် (၂၀)ဒိုင်ခန့်ရှိပါကြောင်း၊ ပန်းဒိုင်များအနေဖြင့် နေရာတွင် ဝယ်ယူသည့် ပန်းများကို သယ်ယူခြင်း၊ ပန်းများကို အကြီး၊ အလတ်၊ အငယ်၊ ပယ်ပန်းများ ရွေးခြယ်ခြင်း၊ ပန်းစည်းခြင်း၊ ကုန်တင်/ ကုန်ချပြုလုပ်ခြင်း  လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အမျိုးသားလုပ်သားတစ်ဦးလျှင် ၆၀၀ဝိ/- ကျပ်နှုန်း၊ အမျိုးသမီးလုပ်သား တစ်ဦးလျှင် ၅၀၀ဝိ/- ကျပ်နှုန်းဖြင့်  တစ်နေ့လျှင် လုပ်သား (၂၀)ခန့်ကို ငှားရမ်း ဆောင်ရွက်ရပါ၍ မိမိတို့ ရပ်ကွက်၊ ကျေးရွာ ၊ လမ်းများရှိ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေခြင်း၊ အလုပ်အကိုင်ရှားပါးမှုများကို  တဖက်တလမ်းမှ အထောက်အကူပြု ကူညီရာလည်း ရောက်ပါကြောင်း၊  ပန်းကုန်သည်များသည် စရိတ်စကအနေဖြင့် ပန်းတံများ စတင်ဝယ်ယူသည်မှ နေရာဒေသမရွေး တင်ပို့သည့်ဈေးကွက်သို့ ရောက်ရှိချိန်အထိ ပန်းတံတစ်တံလျှင် (၁၅ကျပ် မှ ၂၀ ကျပ် ) ခန့် ကုန်ကျစရိတ်ရှိပါကြောင်း လေ့လာသိရှိရပါသည်။

       ပန်းဈေးကွက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင်  စံပြဈေး၊ ထောက်ကြံ့သို့ တင်ပို့ပြီး ရန်ကုန်မြို့၊ သီရိမင်္ဂလာဈေးကွက်သို့ အများဆုံး တင်ပို့ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ပဲခူး၊ ဝေါမြို့များသို့ လည်းကောင်း၊ မွန်ပြည်နယ်တွင် ကျိုက်ထို၊ ပေါင်၊ သံဖြူဇရပ် ဈေးကွက်သို့ လည်းကောင်း၊ တနင်္သာရီတိုင်း၊ ထားဝယ်၊ နေပြည်တော်၊ မကွေးနှင့် ရခိုင်ပြည်နယ်သို့လည်း  ပန်းစည်းတစ်စည်း ရိုးတံ ၅ တံပါ ကုန်ကျစရိတ်အပေါ်မူတည်၍ လက်ကားဒိုင်ဈေးအနေဖြင့် ၁၄ဝိ မှ ၁၅ဝိ ကျပ်ခန့် တိုက်ရိုက် တင်ပို့ရောင်းချပါကြောင်း၊ ဈေးကွက်တွင် လက်လီပြန်လည် ရောင်းချသော ပန်းသည်များ အနေဖြင့် ၁၆ဝိ မှ ၁၇ဝိ ကျပ်အထိ ဈေးကွက်တွင် ပြန်လည်ရောင်းချလျှက်ရှိပါကြောင်း၊ လက်ကား ပန်းဒိုင်များ၏ အကျိုးအမြတ်အနေဖြင့် သယ်ယူရာတွင် ထိခိုက်ပျက်စီးမှု၊ နယ်မြေဒေသအလိုက် အချိန်ကြာမြင့်မှုနှင့် ဈေးနှုန်းဈေးကွက်ပေါ်မူတည်၍ အရှုံးအမြတ်ကို တွက်ချက်၍ မရပါကြောင်း၊ ပန်းရှားလျှင် ဈေးကောင်းရ၍ မိုးများပြီး ဝယ်လက်အေးချိန်တွင် အရောင်းအဝယ်အေးပါကြောင်း၊ ပန်းဝယ်ယူရရှိသည့် အပေါ်မူတည်၍ ဈေးကွက်ကို ဖြန့်၍ တင်ပို့ရောင်းချပါကြောင်း ပန်းဒိုင်ဖွင့်၍ ဝယ်ယူရောင်းချနေသော လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရ လေ့လာသိရှိခဲ့ပါသည်။

DOCA(ပဲခူး)