Main menu

တိုင်း‌‌ဒေသကြီး/ပြည်နယ်အလိုက် စိုက်ပျိုးသော နွေစပါးအကြောင်း တစေ့တစောင်း

Powered by Drupal
Fri, 08/04/2023 - 15:05 -- consumer_admin

    မြန်မာနိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းများကို အားကိုးအားထားပြုကာ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် စီမံကိန်းများ ရေးဆွဲချမှတ်ပြီး ဆောင်ရွက်လျက်ရှိသော နိုင်ငံဖြစ်ပါသည်။ ယင်းစိုက်ပျိုးရေးလုပ်ငန်းများတွင် စပါးနှင့် ပဲအမျိုးမျိုးကို အဓိကထားစိုက်ပျိုးကြပြီး မြန်မာနိုင်ငံသူနိုင်ငံသားများအနေဖြင့်လည်း ဆန်ကို အဓိကထား စားသုံးကြပါသည်။ ထို့ကြောင့် စပါးစိုက်ပျိုးရေးလုပ်ငန်းသည် မြန်မာနိုင်ငံအတွက် အဓိက ပဓာနကျသော လုပ်ငန်းတစ်ရပ်ဖြစ်ပါ သည်။

          စပါးစိုက်ပျိုးရာတွင် နိုင်ငံ၏ ရေ၊ မြေရာသီဥတုအခြေအနေအရလည်းကောင်း၊ စိုက်ပျိုးချိန် ရာသီအရလည်းကောင်း၊ စပါးမျိုးအုပ်စုများကွဲပြားပါသည်။ မိုးကောင်းသောက် မြေပြန့်စပါး (Rainfed lowlard rice)၊ ဆည်ရေသောက်စပါး (Irrigote rice)၊ ကုန်းမြင့်စပါး (သို့) တောင်သာစပါး (Uplard orhill rice)၊ ယာစပါး (Unbunded rice)၊ ရေနက်စပါး (Deep Water rice)၊ တဇယ်စပါး (Later Rain Rice)နှင့် နွေစပါး (Summer Rice)ဟူ၍ စပါးမျိုးများရှိပြီး အချိန်၊ ရာသီ၊ ဒေသအလိုက် သင့်တော်သောမျိုးစပါးများကို ရွေးချယ်ကာ နိုင်ငံတစ်ဝှမ်းစိုက်ပျိုး လုပ်ကိုင်လျက်ရှိကြပါသည်။

          နွေစပါးကို မယင်းစပါးဟုလည်း ခေါ်ဆိုကြပါသေးသည်။ နွေစပါးကို လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် မြန်မာနိုင်ငံအထက်ပိုင်းနှင့် အောက်ပိုင်းတို့တွင် စိုက်ပျိုးခဲ့ကြသည်ဟု ဆိုပါသည်။ ညအပူချိန်ကျသော ကာလများတွင် နွေစပါး စိုက်ပျိုးပါက အောင်မြင်မှုနည်းပါးနိုင်သည်ဟုလည်း ဆိုပါသည်။ မြန်မာနိုင်ငံတွင် တိုင်းနှင့် ပြည်နယ်အလိုက် ရေ၊ မြေ၊ ရာသီဥတု သဘာဝအနေအထား ကွာခြားသည်ဖြစ်ရာ နွေစပါးများစိုက်ပျိုးရာတွင်လည်း မျိုးစပါးများ ကွဲပြားမှုများလည်း ရှိပါသေးသည်။

          တိုင်းဒေသကြီး/ပြည်နယ်အလိုက် နွေစပါးစိုက်ပျိုးမှုအကြောင်းကို ရေးသားရမည်ဆိုပါက ကချင် ပြည်နယ်၏ ရေမြေသဘာဝသည် အအေးဓါတ်ပိုသော ဒေသတစ်ခုဖြစ်ရာ ညအပူချိန် (၁၆.၅) ဒီဂရီစင်တီဂရိတ်နှင့် နေ့အပူချိန် (၃၀.၄)ဒီဂရီစင်တီဂရိတ်ရှိသော မတ်လမှသာ နွေစပါးစိုက်ပျိုး ရန် သင့်တော်ပြီး မျိုးစပါးအနေဖြင့် ဆင်းဧကရီ-၃၊ ဆင်းရွှေဝါ၊ သီးထပ်ရင်နှင့် အိုင်အာ-၇၄၇ မျိုးစပါး များကို အသုံးပြု၍ နွေစပါးစိုက်ပျိုးကြသည်ဟုလည်း ဆိုပါသည်။ ကယားပြည်နယ်တွင်လည်း နွေစပါးအား မတ်လမှပင်စတင်၍ စိုက်ပျိုးကာ မျိုးစပါးအနေဖြင့် သီးထပ်ရင်နှင့် ဆင်းရွှေဝါမျိုးစပါးများကို အသုံးပြုစိုက်ပျိုးကြပါသည်။

          ကရင်ပြည်နယ်တွင် ညအပူချိန် (၁၇)စင်တီဂရိတ် မှ (၂၁.၇)စင်တီဂရိတ် ထိရှိသော နိုဝင်ဘာလမှစ၍ နွေစပါးကိုစိုက်ပျိုးကာ မျိုးစပါးများအနေဖြင့် မနောသုခ၊ မနော်ဟရီနှင့် သီးထပ်ရင် တို့ကိုအသုံးပြုကြသည်ဟု ဆိုပါသည်။ ချင်းပြည်နယ်နှင့် နွေစပါးအကြောင်း ပြောမည်ဆိုပါက ချင်းပြည်နယ်သည် ပေ(၄၅၀၀)မှ ပေ(၆၀၀၀)ခန့် ထိမြင့်သော တောင်တန်း ဒေသတစ်ခုဖြစ်ရာ တစ်နှစ်တာ ကာလပတ်လုံးညအပူချိန်နည်းပါးသောကြောင့် နွေစပါး စိုက်ပျိုးရန် ခက်ခဲသော ဒေသ ဖြစ်သော်လည်း ဧပြီလတွင် နွေစပါးအနည်းငယ်စိုက်ပျိုးပြီး မနောသုခနှင့် သီထပ်ရင်မျိုးစပါးတို့ကို အသုံးပြုစိုက်ပျိုးကြပါသေးသည်။ မွန်ပြည်နယ်သည်လည်း စစ်တောင်း၊ သံလွင်မြစ်ဝကျွန်းပေါ် ဒေသဖြစ်ကာ နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ ညအပူချိန် ၁၆.၆ စင်တီဂရိတ်မှ ၂၁.၉ စင်တီဂရိတ်ထိရှိသဖြင့် နိုဝင်ဘာလမှပင်စတင်၍ နွေစပါးများစိုက်ပျိုးကြပြီး မျိုးစပါးကို သီးထပ်ရင်၊ မနောသုခ၊ ရွှေဝါထွန်းနှင့် ရတနာအောင်တို့ကို အသုံးပြုစိုက်ပျိုးကြသည်ဟု ဆိုပါသည်။ ရခိုင်ပြည်နယ်ဟာဆိုရင် ပင်လယ်ကမ်းခြေဒေသဖြစ်ရာ နေ့/ည အပူချိန်မှာ များစွာ ကွာခြားမှုမရှိသဖြင့် နွေစပါးအား နိုဝင်ဘာလမှပင် စတင်စိုက်ပျိုးကြပြီး မျိုးစပါးအနေဖြင့် သီးထပ်ရင်နှင့် ရတနာအောင်တို့ကို အသုံးပြုကြပြီး နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ နေ့/ည အပူချိန်မှာ ၁၆.၃ စင်တီဂရိတ်မှ ၃၀.၃ စင်တီဂရိတ်ထိရှိသည်ဟုလည်း သိရပါသည်။ ရှမ်းပြည်နယ် တောင်ပိုင်းဒေသမှာ ပေ ၃၅၀၀ မှ ပေ ၄၇၀၀ ကျော်အထိမြင့်သော ကုန်းမြင့် ဒေသဖြစ်၍ ညအပူချိန် အလွန်နည်းပါးကာ နွေစပါးစိုက်ပျိုးရန် အခက်အခဲရှိသော်လည်း ညအပူချိန် အနည်းငယ်များသော ဧပြီလတွင် တောင်ကုန်းချိုင့်ဝှမ်းများ၌ ရွှေဝါထွန်း၊ ဆင်းရွှေဝါ၊ မနောသုခနှင့် ရတနာအောင် မျိုးစပါး တို့ကို အသုံးပြုကာ နွေစပါးစိုက်ပျိုးကြပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းသည်လည်း ကုန်းမြင့်ဒေသ ဖြစ်၍ ညအပူချိန်နည်းပါးကာ ညအပူချိန်အနည်းငယ် မြင့်သော ဧပြီလ မှသာ နွေစပါးစိုက်ပျိုး နိုင်ကြပြီး ဆင်းရွှေလီ၊ ဆင်းရွှေဝါ မျိုးစပါးများကို အသုံးပြုကြသည်ဟု ဆိုပါ သည်။ ရှမ်းပြည်နယ်အရှေ့ပိုင်းသည်လည်း ပေ ၃၆၀၀ ကျော်မြင့်သော ကုန်းမြင့်ဒေသဖြစ်၍ ညအပူချိန် အလွန်နည်းပါးပြီး မတ်လမှသာ နွေစပါးကို စိုက်ပျိုးနိုင်ကာ ဆင်းဧကရီနှင့် ဆင်းရွှေဝါ မျိုးစပါးတို့ကို အသုံးပြုကြသည်ဟု ဆိုပါသည်။

          ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှာ အများအားဖြင့် ညအပူချိန်များ သော ဒေသများဖြစ်ရာ နွေစပါးကို နိုဝင်ဘာလမှပင် စတင်စိုက်ပျိုးနိုင်ပြီး မျိုးစပါးအနေဖြင့် သီးထပ်ရင်၊ မနောသုခ၊ ရတနာအောင်၊ မှော်ဘီ ၂၊ ရွှေသွယ်ရင်၊ မှော်ဘီဆန်းနှင့် ဆင်းဧကရီ-၃ တို့ကို အသုံးပြုစိုက်ပျိုးကြပါသည်။ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့မှာ အပူပိုင်းဇုန်အတွင်း ကျရောက်သော ဒေသများဖြစ်သော်လည်း နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် ညအပူချိန်ကျဆင်းမှုများဖြစ်ပေါ်သဖြင့် မတ်လမှသာ နွေစပါးစတင်စိုက်ပျိုး နိုင်သောဒေသများဖြစ်ကာ မျိုးစပါးများအနေဖြင့် မန္တလေးတိုင်းဒေသကြီး တွင် မနောသုခ၊ ရွှေသွယ်ရင်၊ သီးထပ်ရင် မျိုးစပါးများကို အသုံးပြုပြီး စစ်ကိုင်းတိုင်းဒေသကြီး တွင် သီးထပ်ရင်၊ မနောသုခနှင့် အိုင်အာ ၄၇၄ မျိုးစပါးတို့ကို အသုံးပြုကာ မကွေးတိုင်း ဒေသကြီး၌ သီးထပ်ရင်၊ မှောဘီဆန်း၊ ရွှေသွယ်ရင်၊ အောင်ရတနာ မျိုးစပါးတို့ကိုအသုံးပြု၍ နွေစပါးစိုက်ပျိုးခြင်းကို ဆောင်ရွက်ကြပါသည်။ တနင်္သာရီတိုင်းသည် ပင်လယ်ကမ်းရိုးတန်း ဒေသဖြစ်သော်လည်း နိုဝင်ဘာလမှ ဖေဖော်ဝါရီလထိ ညအပူချိန်မှာ ၁၈.၁ ဒီဂရီစင်တီဂရိတ်မှ ၂၃.၃ ဒီဂရီစင်တီဂရိတ်ထိ ရှိသောကြောင့် နိုဝင်ဘာလမှ စတင်ကာနွေစပါး စိုက်ပျိုးနိုင်သောဒေသဖြစ်ပြီး မျိုးစပါးအနေဖြင့် သီးထပ်ရင်၊စင်းရွှေလီ၊ ရတနာအောင်နှင့် ယာ-၂ မျိုးတို့ကို အသုံးပြုကာ  နွေစပါးစိုက်ပျိုးကြပေသည်။

          နွေစပါးတိုးချဲ့စိုက်ပျိုးခြင်းကို ၁၉၉၂-၁၉၉၃ မှ စတင်ဆောင်ရွက်ခဲ့ကြသည်ဟုလည်း သိရပါသည်။ နွေစပါးအောင်မြင်ဖြစ်ထွန်းရန်အတွက် အရေးကြီးသောအခန်းကဏ္ဍမှာ စိုက်ပျိုးရေရရှိမှုမှာ အဓိကဖြစ်ပြီး မြေပြုပြင်ခြင်း၊ သမန်းပေါင်းတင်ခြင်း၊ စိုက်ပျိုးစနစ် စိုက်ပျိုးချိန်ကာလ စပါးမျိုး ရွေးချယ်မှုနှင့် ရိတ်သိမ်းချိန်ကာလတို့ဖြစ်ပါသည်။

          နွေစပါးအောင်မြင်ဖြစ်ထွန်းရန်အတွက် စိုက်ပျိုးသည့်ရေရရှိရေး ဦးစားပေးဆောင်ရွက်ရန် လိုအပ်‌ပေသည်။ ရေရရှိရေးကဲ့သို့ပင် မြေပြုပြင်ခြင်းလုပ်ငန်းသည်လည်း အရေးကြီးသော   လုပ်ငန်း တစ်ရပ်ဖြစ်ပါတယ်။ စိုက်ပျိုးစနစ်မှာလည်း အခြောက်စိုက်နည်း၊ အစိုစိုက်နည်းဟူ၍ (၂)နည်းရှိသည်ဟု ဆိုပါသည်။ စိုက်ပျိုးချိန်ကာလကို နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း ပြီးစီးအောင် စိုက်ပျိုးနိုင်လျှင် အကောင်းဆုံး အနေအထားဖြစ်သော်လည်း အချို့သော တိုင်း/ပြည်နယ်များမှာ ရေ၊ မြေ၊ ရာသီဥတုအခြေအနေအရ မတ်လမှသာ စတင် စိုက်ပျိုးနိုင်သည်လည်း ရှိပါသည်။ ညအပူချိန်ကျသောကာလများမှာ နွေစပါးစိုက်ပျိုးရန် မသင့်ပေ။ မျိုးစပါးအနေဖြင့် ရက်ပေါင်း(၉၀)မှ (၁၂၀)အတွင်းရှိသော မျိုးစပါးများကို ရွေးချယ် အသုံးပြုမှသာ နွေစပါးအထွက်နှုန်းကောင်း၍ အောင်မြင်နိုင်မည်ဟုလည်း ဆိုနိုင်ပါသည်။ ထွက်ရှိလာသော နွေစပါးများအား အလေအလွင့်နည်းပါးစေရန် မောင်းညိုအဆင့်တွင်သာ ရိတ်သိမ်းသင့်သည်ဟု ဆိုပါသည်။ နွေစပါးစိုက်ပျိုးရေးတွင် မိုးရွာသွန်းမှုထက် စပါးပျိုး ထောင်ချိန်နှင့် ပန်းပွင့်ချိန်တို့တွင် ဖြစ်ပေါ်သော အပူချိန်အနိမ့်အမြင့်က ပို၍အရေးကြီးသည်ဟုလည်းဆိုပါသည်။ နွေစပါးအား အညာဒေသတွင် အပူပိုင်းဇုန်နှင့်တကွ တောင်တန်းဒေသတို့၌ ဆည်ရေလုံလောက်သောနေရာများတို့၌ ရွေးချယ်စိုက်ပျိုးသင့်သည်ဟု ဆိုပါသည်။ ဆန်သည် မြန်မာတို့၏ အဓိကအစားအစာဖြစ်ပြီး လူဦးရေတိုးပွားလာသည်နှင့်အမျှ နွေစပါးစိုက်ပျိုးမှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည်လည်း အဓိကကျသောလုပ်ငန်းဖြစ်ပါကြောင်း ဖတ်သိလေ့လာရသမျှ ရေးသားဖော်ပြလိုက်ရပါသည်။

DOCA(ရန်ကုန်)