Main menu

စီးပွားဖြစ်မွေးမြူလျက်ရှိကြသည့် မြန်မာ့ပျားလုပ်ငန်း

Powered by Drupal
Mon, 08/07/2023 - 12:01 -- consumer_admin

    ရှေးယခင်ကာလများတွင် ပျားရည်ကို ဆေးဝါးအဖြစ်ရော စားသုံးစရာတစ်ခုအနေဖြစ်ပါ အသုံးပြုခဲ့ကြပါသည်။ အပင်မှရသည့် ဒြပ်ပေါင်းများကြွယ်ဝစွာပါဝင်နေသည့်ပျားရည်သည် ခန္ဓာကိုယ်ကိုအားရှိစေသည့်အပြင် ကျန်းမာရေးအတွက်လည်း အကျိုးများစေပါသည်။ ခပ်ချိုချို အရသာရှိသောကြောင့် သကြားအစား အသုံးပြုကြသည့်ပျားရည်သည် ကယ်လ်လိုရီပါဝင်မှုလုံးဝမရှိသည့်အတွက် ကျန်းမာရေးနှင့်လည်းအထူးပင်သင့်လျော်ပါသည်။

   ပျားရည်သည် ကင်ဆာရောဂါနှင့် နှလုံးရောဂါဖြစ်ပွားခြင်းကိုကာကွယ်နိုင်ပါသည်။ ပြည်တည်နာများ၊  အခြားသောအူရောင်ရမ်းနာသည်များကို လျော့ကျစေနိုင်ပါသည်။ ပျားများသည် အင်ဇိုင်းများကို ထပ်ပြီးပေါင်းထပ်ထားသည့်အတွက် အင်ဇိုင်းများတွင်  ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဓာတ်ပါဝင်ပါသည်။  ၎င်းဓာတ်မှ ဘက်တီးရီးယားများသေစေနိုင်ကြောင်းကို New Zealand တွင် ရှိသည့်  University of Waikato မှ ပျားရည်ရှာဖွေလေ့လာမှုအဖွဲ့ဒါရိုက်တာ Peter Molan က ပြောကြားခဲ့ကြောင်းလေ့လာသိရှိရပါသည်။  ထို့ပြင် ရှေးခေတ်အိုလံပစ်ပြေးခုန်ပစ်အားကစားသမားများသည် သူတို့၏လုပ်ဆောင်ချက်များတိုးတက်စေရန်အတွက်  ပျားရည်နဲ့ကတွတ်သီးခြောက်ကိုစားလေ့ရှိကြကြောင်းသိရှိရပါသည်။ ပျားရည်သည် ချောင်းဆိုးခြင်း၊ လည်ချောင်းယားခြင်းကိုလျော့ကျစေနိုင်ပါသည်။  အမြင်အာရုံကောင်းအောင်ကူညီပေးနိုင်ခြင်း၊ ဝိတ်ကျစေခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ လမစေ့ဘဲ ကလေးမွေးခြင်း၊ ဆီးလမ်းကြောင်းရောဂါများဖြစ်ပွားခြင်း၊ အဆုတ်ပြွန်နဲ့ဆိုင်သောရင်ကြပ်ရောဂါများ၊ ဝမ်းလျောခြင်းနှင့် မအီမသာဖြစ်ပြီး ပျို့အန်ခြင်း အစရှိသည့်ရောဂါများကိုသက်သာစေပါသည်။  ခန္ဓာကိုယ်မှ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင်ကူညီပေးနိုင်သည့်အတွက်  ဆီးချိုသမားများအတွက် ပျားရည်သည်  အထူးပင်သင့်လျော်ပါသည်။

     ပျားမွေးမြူရေးပညာ (Bee Keeping or Apiculture) ကို နိုင်ငံတကာတက္ကသိုလ်များ၌ အထူးပြုဘာသာရပ်အဖြစ် သင်ကြားကာ သုတေသနပြုလျက်ရှိနေပါသည်။ ပျားမွေးမြူရေးဆိုသည်မှာ လူကပြုလုပ်ထားသောပျားအုံ (Bee Colonies or Man-made Bee Hives) ကိုပြုပြင်ထိန်းသိမ်းပြီး ပျားရည် (Honey) ထုတ်လုပ်ခြင်းဖြစ်ပါသည်။ ပျားရည်ထုတ်လုပ်ပေးသောပျား (Honey Bees) က သိပ္ပံအမည် (Scientic name – Apis spp.) ဟူ၍ ယေဘုယျခေါ်ဆိုပါသည်။ ပျားမွေးမြူသူ (Beekeeper) က ပျားများကို ပြုပြင်ဖန်တီးထားသောပျားအိမ်များတွင်မွေးမြူပြီး ပျားရည် (Honey)၊ ပျားဖယောင်း (Bee wax)၊ ပျားဝတ်မှုန် (Bee Pollen) စသည်တို့ကို စီးပွားဖြစ်ပြုပြင်ထုတ်လုပ်သည့်နေရာကို (Apiary or Bee Yard) ဟူ၍ခေါ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း ပျားမွေးမြူရေးဌာန (Beekeeping Department) သီးသန့်ရှိပြီး တောင်သူများကလည်း စတင်မွေးမြူလာပြီဖြစ်ရာ နိုင်ငံခြားဝင်ငွေများစွာရသည်အထိ နည်းပညာများကိုအားပေးဖို့လိုအပ်မည်ဖြစ်ပါသည်။

     ပျားမွေးမြူရေးသည် ကျေးလက်လူထု၊ တောင်သူလယ်သမားများအတွက်  အပိုဝင်ငွေရှာပေးနိုင်သောလုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ မြေနေရာသီးသန့်၊ အလုပ်သများအများအပြား၊ ငွေအရင်းအနှီးများစွာရင်းနှီးရန်မလိုအပ်ပါ။ ထို့ပြင် ဝင်ငွေနှင့်အလုပ်အကိုင်များအား တဖက်တလမ်းမှရှာပေးပြီး မိမိပတ်ဝန်းကျင်ရှိသီးနှံများကို ပျားများက ဝတ်မှုကူးပေးခြင်းအားဖြင့် သီးနှံများလည်းအထွက်ပိုတိုးနိုင်ပါသည်။

    မြန်မာ့ပျားရည် တန်ချိန် ၃၃၀ကျော်ကို ၁တန်လျှင် အမေရိကန်ဒေါ်လာ (၂၅၀ဝ) မှ (၃၀ဝ၀) နှုန်းဖြင့် အမေရိကန်နိုင်ငံအပါအဝင် ဂျပန်၊ ကိုရီးယား၊ ကနေဒါ၊ အာဆီယမ်နိုင်ငံများသို့ ဈေးကွက်ထိုးဖောက်တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုင်ငံခြားငွေရရှိခဲ့သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပျားလုပ်ငန်းဌာနက တာဝန်ရှိသူတစ်ဦးထံမှသိရှိရသည်။ ပျားလုပ်ငန်းသည် နှစ်ပတ်လည်လုပ်ငန်းဖြစ်ကြောင်း၊ မကွေး၊ ပွင့်ဖြူ၊ စလင်း၊ အောင်လံ၊ မင်းဘူးမြို့နယ်ဘက်တို့တွင် ဆီးပျားရည်၊ နေကြာပျားရည်၊ နှမ်းပျားရည်၊ အများဆုံးထွက်ရှိပါကြောင်း၊  ဥရောပသမဂ္ဂ (EU) အီးယူနိုင်ငံများအထိ ဈေးကွက်သစ်ပို့နိုင်အောင်၊ ဈေးကွက်ဖော်ဆောင်နိုင်အောင်ကြိုးစားနေကြောင်း၊  ပုဂ္ဂလိကပျားမွေးမြူရေးအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်မြင့်မားရေးကို ဌာနက ဝန်ဆောင်မှုများ၊ သင်တန်းများပေးနေပါကြောင်းလည်းသိရှိရပါသည်။ ရာသီဥတု/မိုးလေဝသအဆင်ပြေသောကြောင့် ပြီးခဲသည့်မိုးနှမ်းစိုက်ပျိုးရေးရာသီ၌  နှမ်းအရများခဲ့သည့်အတွက် နှမ်းပျားရည်များကို ယခင်နှစ်ထက် အထွက်တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ပြီး တစ်ဦးလျှင် ပျားရည်အနည်းဆုံး (၂) ပေပါမှ (၃) ပေပါအထိရကြပါကြောင်း ပျားမွေးမြူရေးလုပ်သူတစ်ဦးထံမှသိရှိရပါသည်။

      မကွေးတိုင်းဒေသကြီးတွင် ပုဂ္ဂလိကပျားမွေးမြူသူ (၇၂) ဦးရှိပြီး ပျားအုံပေါင်း (၁၁၄၀ဝ) အုံရှိသည်ဟုသိရသည်။  ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချသော ပုဂ္ဂလိကကုမ္ပဏီကြီး (၅) ခုမှ တစ်ဆင့်ချိတ်ဆက်ပို့ဆောင်နေခြင်းဖြစ်သည်ဟုလည်းသိရသည်။ ပျားမွေးမြူရေးလုပ်ငန်းများကို နှမ်းရာသီချိန်၊ ဆီးသီးပွင့်ချိန်၊ နေကြာစိုက်ချိန်၊ ကန္တာရပင်များမှ ပန်းပွင့်ချိန်၊ တန်ဇောင်းဆူးပွင့်ချိန်၊ ပန်းပေါင်းစုံပွင့်ချိန် တန်ဆောင်မုန်းလ၊ တပေါင်းလ၊ တန်ခူးလ၊ မန်ဂျန်ရှား (ခေါ်) ကျွန်းအစားထိုးသစ်ပင်မှပန်းပွင့်ချိန် ပန်းပေါင်းစုံမှရရှိသောပျားရည်များရရှိစေရန် လုပ်ငန်းနားသည်မရှိဘဲ နှစ်ပတ်လည်လုပ်ငန်းအဖြစ် နေရာအနှံ့မွေးမြူရေးပျားပုံးများ၊ ပျားအုံများချကာ ပျားရည်ထုတ်လုပ်ကြရသည်ဟု မကွေးတိုင်းဒေသကြီး၊ ပျားမွေးမြူရေးဦးစီးမှုးထံမှသိရသည်။ မကွေးတိုင်းဒေသကြီးထွက် မွေးမြူရေးမြန်မာ့ပျားရည်ကို လက်ဆောင်အဖြစ်လည်းကောင်း၊ စားသုံးရန်အတွက်လည်းကောင်း၊ ဆေးဝါးအဖြစ်သုံးစွဲရန်အတွက်သော်လည်းကောင်း၊  ပြည်တွင်းစားသုံးသူများကလည်းဝယ်ယူသဖြင့် ပြည်တွင်းဈေကွက်မြင့်တက်လျက်ရှိသည်ဟုသိရသည်။   

     နိုင်ငံအနှံ့တွင် ပျားမွေးမြူရေးလုပ်ငန်းမှတ်ပုံတင်ပြီး လုပ်ကိုင်နေသူ ၉၅ဝကျော်ရှိပြီး ပျားမွေးတောင်သူတို့သည် ၎င်းတို့၏ပျားအုံတို့ကို တစ်နှစ်လျှင် ပန်းခင်း၊ သီးနံစိုက်ခင်း စသည့်ပျားစားကျက်လေးနေရာမှ ခြောက်နေရာခန့်အထိ ပြောင်းရွှေ့ပြီးမွေးမြူကြရသည်။ ပျားအုံတစ်အုံတွင် ပျားဘုရင်မတစ်ကောင်၊ ပျားကောင်ရေအနည်းဆုံး ကျပ်သုံးသောင်းခန့်၊ ပျားရည်သိုလှောင်သည့် ပျားသလက် ၅ချပ်မှ ၈ချပ်အထိပါဝင်တတ်သည်။ မွေးမြူရေးပျားများသည် ဆီးသီး၊ ပန်းနှမ်း၊ လိုင်ချီး၊ နေကြာ စသည့်အပင်များ၊ စိုက်ခင်းများမှ အချိုဓာတ်၊ ဝတ်ရည်တို့ကိုစုတ်ယူကြပြီး ပျားအုံတွင် သွားရောက်သိုလှောင်ကြရာမှ ပျားရည်ဖြစ်ပေါ်လာသည်။ တစ်နိုင်ငံလုံးမှထွက်ရှိသော ပျားရည်များ၏ ၇ဝရာခိုင်နှုန်းမှာ ဆီးပျားရည်ဖြစ်သည်ဟုသိရသည်။

    ထို့ပြင် ပျားဖယောင်း၊ ဝတ်မှုန်၊ ပျားနို့တို့ကိုလည်း ထုတ်လုပ်ရောင်းချနိုင်သည်။ ပျားအုံတစ်အုံမှ နှစ်စဉ် ပျားရည်ပိဿာချိန် ၂၅ဝခန့်ထွက်ရှိသည်။ စိုက်ခင်းနှင့် ပျားအုံဝေးကွာခြင်းကဲ့သို့သော ပျားစာမရနိုင်သည့်အခြေအနေမျိုးတွင် မွေးမြူရေးပျားတို့ကို သကြားအရည်ဖျော်ပြီးကြွေးရကြောင်း၊ ပျားတစ်အုံအတွက် နှစ်စဉ် သကြားပိဿာ ၂ဝမှ ၂၅အထိကုန်ကျကြောင်လည်းသိရသည်။

    ပျားများသည် (သီးနှံပင်တွေကြား) ဝတ်မှုံကိုသယ်ဆောင်ပေးနေကြသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်နေရကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း တစ်နိုင်တစ်ပိုင်ပုဂ္ဂလိကပျားမွေးမြူရေးလုပ်ငန်းများကို စီးပွားဖြစ်လုပ်ကိုင်လာကြပြီး အကျိုးဖြစ်ထွန်းမှုလည်းရှိသောကြောင့် ၂၀၂၃ခုနှစ်တွင် ယခင်နှစ်ထက် ပျားမွေးမြူရေးလုပ်ကိုင်သူပိုမိုများပြားလာကြောင်း မကွေးတိုင်းဒေသကြီး၊ ပျားမွေးမြူရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။ မကွေးတိုင်းဒေသကြီးအတွင်း စလင်း၊ ပွင့်ဖြူ၊ အောင်လံမြို့များတွင် ပျားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူအများအပြားရှိနေပြီး ပျားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် လုပ်ငန်းလုပ်ပိုင်ခွင့်လိုင်စင်ကို တစ်နှစ်လျှင်တစ်ကြိမ် လျှောက်ထားရကြောင်းသိရသည်။ စိုက်ပျိုးသီးနှံများကို အရည်အသွေးကောင်းမွန်စေရန် စွမ်းဆောင်နိုင်ပြီး ပျားထွက်ပစ္စည်းများဖြစ်သည့် ပျားရည်၊ ပျားဖယောင်း၊ ပျားဝတ်မှုန်၊ ပျားအဆိပ်၊ ပျားကော်တို့ကို ဆေးဝါးနှင့်လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများအဖြစ် အသုံးပြုလာသောကြောင့် ဈေးကွက်တွင်ကျယ်ကာ ပျားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ များပြားလာခြင်းဖြစ်ကြောင်း၊ စီးပွားဖြစ်ပျားမွေးမြူရာတွင် အခြေစိုက်ပျားမွေးမြူခြင်းနှင့် ရွှေ့ပြောင်းပျားမွေးမြူခြင်းဟူ၍နှစ်မျိုးရှိရာ အခြေစိုက်ပျားမွေးမြူခြင်းမှာ ရာသီအလိုက် ပျားစာပင်စိုက်ခင်းကိုပါ တွဲ၍လုပ်ဆောင်ရသဖြင့် ပျားမွေးမြူသူများအနေဖြင့် ပျားစာပင်စိုက်ပျိုးရန်မလိုသည့် ရွှေ့ပြောင်းပျားမွေးမြူခြင်းနည်းကိုသာအသုံးပြုကြကြောင်း။ စလင်း၊ ပွင့်ဖြူနယ်ဘက်မှ ရေသွင်းနှမ်းစိုက်ပျိူးသည့်နှမ်းခင်းများနှင့် နေပြည်တော်၊ အမြန်လမ်းတစ်လျှောက်ရှိ စိုက်ခင်းများ၊ ဆီးခြံများ၊ မကွေးမြို့နယ်၊ ကံပြားရွာမှ ပန်းနှမ်းပေါ်ချိန်များတွင် အဓိကထား၍ ရွှေ့ပြောင်းမွေးမြူကြပြီး ပန်းခင်းစိုက်ခင်းများမရှိတော့ပါက ဗိဿနိုးမြို့ဟောင်းရှိ သျှားပင်၊ ကန္တာရပင်များကို အားထား၍ ရွှေ့ပြောင်းမွေးမြူကြကြောင်း ပျားမွေးမြူရေးလုပ်ကိုင်သူတစ်ဦးထံမှသိရသည်။

    ယခုအခါ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးခြင်း၊ ပျားမွေးမြူရေးဌာန၏ဝန်ဆောင်မှုပေးခြင်း၊ နည်းပညာသင်တန်းပို့ချပေးခြင်းတို့ကြောင့် မကွေးတိုင်းပုဂ္ဂလိကပျားမွေးသူများအနေဖြင့် မိရိုးဖလာလုပ်ငန်းဖြစ်သော ဆီထွက်သီးနှံဖြစ်သည့် မြေပဲနှမ်းစိုက်ပျိုးရေးလုပ်ငန်းမှာ အဓိကဝင်ငွေရရှိသည့်အပြင် ပျားမွေးမြူရေးလုပ်ငန်းကိုလည်း မိသားစုတစ်နိုင်တစ်ပိုင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ကြကာ တစ်ဖက်တစ်လမ်းမှ ဝင်ငွေအခွင့်အလမ်းများရရှိနေသည်ဟုသိရသည်။ ထို့ပြင် ပျားရည်ကို  အခြေပြုထုတ်လုပ်လျက်ရှိသည့် ဆပ်ပြာရည်၊ အလှကုန်ပစ္စည်းများ၊ ဆေးဝါးများထုတ်လုပ်ရောင်းချလျက်ရှိသည့် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များကအစ  စီးပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်သဖြင့် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုပွင့်လန်းလာကြသဖြင့် ပျားမွေးမြူရေးလုပ်ငန်းသည်လည်း နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ  အားဖြည့်ကူညီဆောင်ကြဉ်းပေးလျက်ရှိပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မကွေး)