ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့ စက်မှုစီမံကိန်းရုံးတွင် မြန်မာ့နိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ တိုင်းဒေသကြီးအတွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ၊ စပါးဝယ်ယူကြိတ်ခွဲသိုလှောင် တင်ပို့ရောင်းချမှုအခြေအနေများ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့နိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် တာဝန်ရှိသူများ၊ တိုင်းအတွင်းရှိ ဆန်စက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးစိုးဝင်း ၊ ဆန်ကုန်သည်များ အသင်းဥက္ကဋ္ဌ ဦးမောင်မောင်ဇော်နှင့် ဆန်စက်ပိုင်ရှင်များ ၊ ဆန်ကုန်သည်များနှင့် ဖိတ်ကြားထားသော တိုင်းအဆင့် ဌာနဆိုင်ရာများ စုစုပေါင်း (၁၅၀) ခန့် တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် မြန်မာ့နိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေးကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကာ ဆန်စပါး စိုက်ပျိုးထုတ်လုပ်ခြင်းနှင့်ပတ်သက်သည့် ကိစ္စရပ်များကို စိုက်ပျိုးရေးဦးစီးဌာန ၊ ဒု-တိုင်းဦးစီးမှူး၊ ဦးကျော်ကျော်လှိုင်က ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ မြန်မာ့နိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများကလည်း အသင်းအဖွဲ့ များ ဖွဲ့စည်းအားကောင်းစေရေး၊ MSME ကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်ရေး ၊ ချေးငွေရရှိရေးတို့နှင့် ပက်သတ်၍ အသေးစိတ်ရှင်းလင်း၍ တက်ရောက်လာသည့် စက်ပိုင် ၊ ကုန်သည်များကလည်း သိလိုသည်များကို မေးမြန်းခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီး အခမ်းအနားကို နေ့လယ် ၁၂:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)