Main menu

ကြက်သွန်နီမျိုးစေ့(အနှံယူ) စိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ပိုမိုရရှိလာ၍ တိုးချဲ့စိုက်ပျိုးသင့်

Powered by Drupal
Wed, 08/09/2023 - 11:42 -- consumer_admin

ကြက်သွန်နီသည် နေ့စဉ်စားသုံးရသော အစားအစာတို့တွင် မပါမပြီး အလွန်အရေးပါသော ဆေးဖက်ဝင်သီးနှံတစ်မျိုးဖြစ်ပါသည်။ ဟင်းလျာများကို အနံ့အရသာကောင်းမွန်စေရုံသာမက စားသုံးသူတို့၏ ကျန်းမာရေးကိုလည်း များစွာအထောက်အကူဖြစ်စေပါသည်။ မြန်မာနိုင်ငံတွင် ကြက်သွန်နီအား ရှေးနှစ်ပေါင်းများစွာက စိုက်ပျိုးစားသုံးခဲ့ကြကြောင်း သိရှိရပါသည်။ ကြက်သွန်နီကို မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် ဒေသစီးပွားဖြစ် စိုက်ဧကအများဆုံး စိုက်ပျိုးကြသည်။ စိုက်ပျိုးရာတွင် ဥစားကြက်သွန်နီကိုယူ၍ စိုက်ပျိုးခြင်း၊ အမြိတ်စားကြက်သွန်နီကိုယူ၍ စိုက်ပျိုးခြင်း၊ အစေ့ပက် မျိုးဥကိုယူ၍ စိုက်ပျိုး ခြင်း၊ ဥစိုက် ကြက်သွန်နီမျိုးစေ့ကိုယူ၍ စိုက်ပျိုးခြင်းများကို ရာသီအလိုက် စနစ်တကျ စိုက်ပျိုးကြပါသည်။ အရည်အသွေးကောင်းပြီး အထားခံသော ရွှေဖလားထိပ်မောက်မျိုးကို အများဆုံး စိုက်ပျိုးကြပါသည်။  ကြက်သွန်နီမျိုးစေ့များမှ ပျိုးထောင်ပြီး ပျိုးပင်များကို စိုက်ပျိုးပြီး ထွက်ရှိသော ကြက်သွန်နီများသည် နောင်လာမည့်ရာသီ ကြက်သွန်ပေါ်ချိန်အထိ သိုလှောင်အထားခံသဖြင့် ကြက်သွန်နီ(ပင်စိုက်) စိုက်ပျိုးမှုများ၍ ကြက်သွန်နီမျိုးစေ့(အနှံယူ) စိုက်ပျိုးမှုကို ဒေသခံတောင်သူများ စီးပွားဖြစ် တပိုင်တနိုင် စိုက်ပျိုးကြပါသည်။

စိုက်ပျိုးခြင်း

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် ကြက်သွန်နီမျိုးစေ့(အနှံယူ) စိုက်ပျိုးမှုကိုလည်း နှစ်စဉ် စိုက်ပျိုးကြပါသည်။ မျိုးစေ့(အနှံယူ)စိုက်ပျိုးမှုမှာ စိုက်ဧကနည်းပြီး တပိုင်တနိုင် စီးပွားဖြစ် စိုက်ပျိုးကြပါသည်။ ယခင်နှစ်များက စိုက်ဧကနည်းပါးသော်လည်း ယခု ဘဏ္ဍာနှစ်(၂၀၂၂ -၂၀၂၃)တွင် ကြက်သွန်နီဈေးကွက် ကျပ်(၂၀၀၀)ဝန်းကျင်ရှိပြီး ဈေးကွက်ခိုင်မာ၍ မျိုးစေ့ယူစိုက်ခင်း များလာကြောင်း သိရှိရသည်။ မျိုးစေ့ယူစိုက်ခင်းများကို ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ ကိုင်းကျွန်းမြေမာများတွင် ရွာသစ်ရပ်ကွက်၊ အနောက်ပိုင်း ကိုးတောင့်အုပ်စုရှိ ကျေးရွာများမှ အများဆုံးစိုက်ပျိုးပြီး စိုက်ဧက မများသော်လည်း တပိုင်တနိုင် စီးပွားဖြစ်စိုက်ပျိုးကြောင်း၊ မျိုးစေ့ (အနှံယူ)စိုက်တောင်သူ (၇၀)ဦးခန့်ရှိပြီး စိုက်ဧက(၂၀)ခန့် စိုက်ပျိုးထားရှိကြောင်း သိရှိရပါသည်။ ကြက်သွန်နီ(မျိုးစေ့)အနှံယူ စိုက်ပျိုးရာတွင် မျိုးစေ့အရည်အသွေးနှင့် အထွက်နှုန်း ကောင်းမွန်စေရန်အတွက် မျိုးကောင်းမျိုးသန့် ကြက်သွန်နီ(ဥ)ကို ရွေးချယ်စိုက်ပျိုးရပါသည်။ ကြက်သွန်နီသည် အပူအအေး သင့်တင့်မျှတသော ရာသီဥတုကို ကြိုက်နှစ်သက်၍ ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဧပြီလတွင် ပွင့်နှံခူး၍ မျိုးစေ့ရရှိကြောင်း သိရှိရပါသည်။

     ကြက်သွန်နီ(မျိုးစေ့)အနှံယူအပွင့်မှာ လုံးဝိုင်း၍ ထီးပုံသဏ္ဍန်ရှိပြီး ပန်းခိုင်တွင် ကြယ်ပုံ ပန်းပွင့်အဖြူလေးများ ပွင့်ပြီး ပန်းပွင့်များထဲတွင် အကန့်များဖြင့် မျိုးစေ့တည်ပါသည်။ မျိုးဥများ စိုက်ပျိုးပြီးချိန်မှ ဧပြီ(၃၀)ရက် တစ်ကြိမ်၊ (၄၅)ရက် တစ်ကြိမ်ခန့်တွင် ပေါင်းမြက်နှိမ်နှင်းပေးမှသာ ပန်းပွင့်အားကောင်းပြီး အရည်အသွေးပြည့်ဝသော မျိုးစေ့များရရှိကြောင်းသိရှိရပါသည်။ ကြက်သွန်နီမျိုးစေ့ တစ်ဧကစိုက်ပျိုးလျှင် ကြက်သွန်နီ ပိဿာ(၄၀၀)ခန့် စိုက်ပျိုးရပြီး ပင်ကြားတန်းကြား ၅လက်မ အကွာအဝေးဖြင့် ရေသွင်းရေဖြန်းစိုက်ပျိုးကြောင်း၊ တစ်ဧကလျှင် တောင်သူတစ်ဦးချင်း မျိုးဥ၊ မြေသားကွာခြားမှု၊ သွင်းအားစု သုံးစွဲပုံမတူညီ၍ ကြက်သွန်နီမျိုးစေ့ အထွက်တင်း (၅)တင်းမှ (၇)တင်းထိ ထွက်ရှိကြောင်း၊ ယခုနှစ်တွင် ရာသီဥတုကောင်းမွန်ပြီး အဖျက်ပိုးကင်း၍ မျိုးစေ့ အထွက်နှုန်းကောင်းမွန်ကြောင်း သိရှိရပါသည်။ ကြက်သွန်နီမျိုးစေ့အပြင် အနှံယူကြက်သွန်နီဥ ပိဿာ(၁၀၀၀)ဝန်းကျင်ခန့် ထွက်ရှိပြီး တစ်ပိဿာလျှင် ဒေသပေါက်ဈေး(၂၀၀)ကျပ်နှုန်းဖြင့် မြို့ပေါ်ကြက်သွန်ကြော်လုပ်ငန်းသို့ သွားရောက်ရောင်းချရကြောင်း သိရှိရပါသည်။

မျိုးစေ့ဈေးနှုန်းဈေးကွက်

     ကြက်သွန်နီ ပင်စိုက်များ  နောက်တစ်ရာသီစိုက်ပျိုးရန် ပျိုးခုံပြုလုပ်ရန် ပြင်ဆင်ချိန်နီးပြီ ဖြစ်၍ ကြက်သွန်နီမျိုးစေ့များ ဒေသတွင်း လှိုင်လှိုင်အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ရွှေဖလား ထိပ်မောက် ကြက်သွန်နီမျိုးစေ့ တစ်ပြည်လျှင် ဒေသပေါက်ဈေး ကျပ်(၁)သိန်းခန့်၊ မျိုးစေ့(၁)တင်းလျှင် ကျပ်(၁၆)သိန်း ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်နှစ် မျိုးစေ့ရောင်းချချိန်တွင် တစ်ပြည်လျှင် ကျပ်(၄၀၀၀၀/၅၀၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကြက်သွန်နီ ဈေးနှုန်းဈေးကွက်နှင့် ဝယ်လိုအားအပေါ် မူတည်ပြီး မျိုးစေ့ဈေးကွက်မှာလည်း ပြောင်းလဲမှုရှိကြောင်း၊ ယခုနှစ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ဝန်းကျင်ထိ ဈေးနှုန်းဈေးကွက် ခိုင်မာမှုရှိ၍ ယခုအချိန်အတွင် မျိုးစေ့ ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

တစ်ဧကကုန်ကျစရိတ် ဝင်ငွေနှင့်အကျိုးအမြတ်ရရှိမှု

    ကြက်သွန်နီမျိုးစေ့(အနှံယူ)တစ်ဧကစိုက်ပျိုးလျှင် မျိုးဥဝယ်ယူခ၊ သွင်းအားစုအမျိုးမျိုး ဝယ်ယူခ၊ အလုပ်သမားငှားရမ်းခနှင့်ရေသွင်းခ ကျပ်(၂၅)သိန်းခန့် ကုန်ကျပြီး ဝင်ငွေမှာ ကျပ်(၉၅)သိန်း ခန့်ရရှိ၍ ကျပ်သိန်း(၇၀)ခန့်အကျိုးအမြတ်ရရှိကြောင်း၊ ယခုနှစ်တွင် ကြက်သွန်နီမျိုးစေ့(အနှံယူ) စိုက်တောင်သူများ အကျိုးအမြတ် များစွာရရှိကြောင်း သိရှိရပါသည်။

ကြက်သွန်နီ(မျိုးစေ့)ထုတ်ယူ ထိန်းသိမ်းပုံအဆင့်ဆင့်

   အရည်အသွေးပြည့်ဝသော ကြက်သွန်နီမျိုးစေ့များ ရရှိရန်အတွက် ပန်းပွင့်ခိုင်ချိုးပြီး အခြောက်ခံခြင်းနှင့် ထားသိုသိမ်းဆည်းခြင်းမှာ အဓိကဖြစ်ပါသည်။ ပွင့်ခိုင်များ ခူးပြီးလျှင် ပီနှံအိတ် ဖြင့်ထည့်၍ လေလုံအောင်ထုပ်ပိုးပြီး အရိပ်အောက်တွင်(၃)ရက်ခန့် ထားရှိရပြီး  မိုးကာပေါ်တွင် ပွင့်နှံ များ ဖြန့်ခင်းပြီး (၅)ရက်ခန့် နေလှန်းရပါသည်။  ပန်းပွင့်ခိုင်များ အစိုဓါတ်ကင်းပြီး ခြောက်လျှင် ကျွမ်းကျင်အလုပ်သမားငှားရမ်းပြီး မျိုးစေ့များ အလေအလွင့်မရှိစေရန် လက်ဖြင့် ညင်သာစွာ ပွင့်ဖတ် ကို ခြွေပြီး ရိုးတန်အသေးလေးများကို တုတ်ဖြင့် ညင်သာစွာ ရိုက်ပုတ်ရပါသည်။ ရရှိသောမျိုးစေ့များကို အရိပ်တွင် (၃)ရက်ခန့်နေလှန်းပြီး သိမ်းရပါသည်။ သိမ်းဆည်းရာတွင် မျိုးစေ့များသည် လေထဲမှ အစိုဓါတ်များကို စုပ်ယူနိုင်ခြင်းကြောင့် လေလုံသော အိတ်များ၊ ပလတ်စတစ်ဘူး၊ သံပုံးများဖြင့် သိမ်းဆည်းရကြောင်း သိရှိရပါသည်။ လေဝင်ပြီး အစိုဓါတ်ရရှိပါက မျိုးစေ့များ စိုက်ပျိုးချိန်တွင် အပင်ပေါက် မစုံလင်ကြောင်း သိရှိရပါသည်။

မျိုးစေ့အရောင်းအဝယ်ဖြစ်မှု

     ကြက်သွန်နီမျိုးစေ့များ ရောင်းချဖြန့်ဖြူးရာတွင် ဆိပ်ဖြူမြို့နယ်ဒေသတွင်းရှိ ဆောင်းစိုက်၊ ပင်စိုက် စိုက်ပျိုးရန်အတွက် မျိုးစေ့များကို ပျိုးထောင်၍ ပျိုးခုံပြုလုပ်ပြီး ပျိုးပင်ရောင်းချသူများနှင့် စလင်း၊ ပွင့်ဖြူ၊ တောင်တွင်းကြီးဒေသများမှ ပွဲစားများ လာရောက်ဝယ်ယူကြကြောင်း၊ ယခုအချိန်တွင် ကြက်သွန်နီများ နောက်တစ်ရာသီ စိုက်ပျိုးချိန်နီးပြီဖြစ်၍ ဆိပ်ဖြူကြက်သွန်နီ မျိုးစေ့များ  ဈေးတက်ပြီး လှိုင်လှိုင်အရောင်းအဝယ်ဖြစ်လျက်ရှိ၍ မျိုးစေ့စိုက်တောင်သူများ အကျိုးအမြတ်များစွာ ရရှိလျက်ရှိကြောင်း သိရှိရပါသည်။

     ဆိပ်ဖြူမြို့နယ်ရှိ  ကြက်သွန်နီ မျိုးစေ့(အနှံယူ)စိုက်တောင်သူများသည် စိုက်ပျိုးချိန်တွင် ရင်းနှီးမတည်ငွေများပြီး သီးနှံမျိုးပေါ်ချိန် စောသော်လည်း ပြန်လည်ရောင်းချချိန် နောက်ကျပြီး ငွေပေါ်ချိန်နောက်ကျ၍ ယခင်နှစ်များက စိုက်ဧကလျော့နည်းပြီးစိုက်သော်လည်း ယခုနှစ်တွင် တောင်သူများမှ မျိုးစေ့(အနှံယူ) ဈေးကွက်မြင့်မားလာ၍ မျိုးစေ့(အနှံယူ)စိုက်ခင်းများ စိုက်ပျိုးရရှိသည့် မြေများတွင် တိုးချဲ့စိုက်ပျိုးသွားကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

   ကြက်သွန်နီသီးနှံသည် ပြည်တွင်းစားသုံးမှုမြင့်မားပြီး ပြည်ပဝယ်လိုအားများ၍ ဈေးကွက် ခိုင်မာမှုရှိသော သီးနှံဖြစ်၍ ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် များစွာအထောက်အကူဖြစ်စေသော သီးနှံဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အရည်အသွေးပြည့်ဝသော ကြက်သွန်နီများ ထွက်ရှိနိုင်ရေးအတွက် ကြက်သွန်နီမျိုးစေ့ စိုက်ပျိုးထုတ်လုပ်ခြင်းသည် ပြည်တွင်းကုန်ထုတ်လုပ်မှု မြင့်မားအောင် ဆောင်ရွက်ရေးတွင် အဓိက အရင်းအမြစ်ဖြစ်ပါသည်။ ကြက်သွန်နီမျိုးစေ့ စိုက်ပျိုးရေးကို အခြေခံပြီး ဒေသတွင်းထွက်ရှိသည့် ကြက်သွန်နီသီးနှံမှတစ်ဆင့် တန်ဖိုးမြင့်ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်ပြီး ပြည်တွင်းပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချခြင်းဖြင့် ပြည်တွင်း ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လျက်ရှိပါသည်။

     ကြက်သွန်နီစိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူများမှာလည်း ကြက်သွန်နီ(ပွဲရုံ)များ၊ ကြက်သွန်ကြော်လုပ်ငန်းများတွင် မိသားစုနေ့စဉ်ဝင်ငွေအတွက် အလေးထားဆောင်ရွက်ခွင့်ရရှိ၍ အလုပ်အကိုင်အခွင့်အလမ်း များစွာရရှိခြင်းကြောင့် ကြက်သွန်နီမျိုးစေ့ ကျဲပက်(ပင်စိုက်၊ ဥစိုက်) မျိုးစေ့ယူစိုက်ခင်းများ တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မကွေး)