Main menu

အင်းတော်မြို့မှ မုန့်တီလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးငြိမ်းချမ်းသူသည် ၂၀၂၃-ခုနှစ် ဩဂုတ်လ (၃)ရက်နေ့တွင် အင်းတော်မြို့နယ်၊ နားခါကျေးရွာတွင် မုန့်တီလုပ်ငန်း လုပ်ကိုင်လျက်ရှိသော ဒေါ်မြင့်မြင့်အေးနှင့်တွေ့ဆုံ၍ မုန့်တီလုပ်ငန်း ထုတ်လုပ်ပုံ၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများအား ဆွေးနွေးခဲ့ပါသည်။

       မုန့်တီထုတ်လုပ်ပုံနည်းလမ်းမှာ မုန့်တီပြုလုပ်ရာတွင် ဒေသထွက် ဆင်းဧကရီ(၃)ဆန်ကို အများ ဆုံးအသုံးပြုကြောင်း၊ ပထမဦးစွာ ဆန်အား ရေစင်စင်ဆေး၍ တစ်နာရီခန့် ရေစိမ်ကာ တစ်ညသိပ်ရပါ သည်။ တစ်ညသိပ်ပြီးနောက် ရရှိလာသောဆန်များကို စက်ဖြင့်ကြိတ်ရပါသည်။ စက်ဖြင့်ကြိတ်၍ ထွက်လာ‌သော မုန့်နှစ်များကို ပိတ်စအဖြူဖြင့်ညှစ်ပြီး ရေစစ်ရပါသည်။ ရေညှစ်၍ ရရှိလာသော မုန့်နှစ်များကို မီးဖိုတွင် ပေါင်းရပါသည်။ ပေါင်း၍ရလာသော မုန့်နှစ်များကို စက်ဖြင့် ပြန်လည်ညှစ်ကာ နောက်ဆုံးအနေဖြင့် မုန့်တီဖတ်များကို ထုတ်လုပ်ရရှိကြောင်း သိရပါသည်။

    မုန့်တီထုတ်လုပ်နိုင်မှု ပမာဏမှာ ဆန်တစ်ပြည်လျှင် မုန့်တီ(၂)ပိဿာမှ (၂)ပိဿာ ၅၀ကျပ်သား ခန့်ထိ ထုတ်လုပ်နိုင်ပြီး တစ်နေ့လျှင် ပိဿာ(၅၀)မှ (၁၀၀)အတွင်း ထုတ်လုပ်နိုင်ကြောင်း၊ အော်ဒါအမှာ ရှိပါက ပိုမိုထုတ်လုပ်နိုင်ကြောင်း ၊ ဒေသတွင်းရှိ မုန့်တီလုပ်ငန်းများအနေဖြင့် မိသားစုဝင်များဖြင့်သာ ပြုလုပ်ကြသော တစ်ပိုင်တစ်နိုင်လုပ်ငန်းများဖြစ်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် ဆန်တစ်ပြည် လျှင် (၃၃၀၀)ကျပ် ကုန်ကျကြောင်း သိရသည်။

    ဈေးနှုန်း/ဈေးကွက်အနေဖြင့် မုန့်တီတစ်ပိဿာလျှင် ထုတ်လုပ်မှုကုန်ကျစရိတ်ဖြစ်သည့် ဆန်ဈေးနှုန်းပေါ်မူတည်၍ လက်လီ/ လက်ကား ကျပ် (၂၀၀၀)မှ ကျပ် (၂၂၀၀) ခန့် ရောင်းချလျက်ရှိပြီး ဒေသတွင်းရှိ ဈေးများ၊ ခေါက်ဆွဲဆိုင်များနှင့် နီးစပ်ရာမြို့နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ဆွေးနွေးသိရှိရပါသည်။

DOCA(စစ်ကိုင်း)