လူများအသက်ရှင်နေထိုင်ရေးအတွက် စွမ်းအင်မရှိမဖြစ်လိုအပ်သည်။ ကမ္ဘာဦးမှစတင်၍ ယနေ့ခေတ်တိုင်အောင် စွမ်းအင်အရင်းအမြစ်အမျိုးမျိုးကို စူးစမ်းရှာဖွေဖော်ထုတ် သုံးစွဲလာကြသည်။ အဆိုပါစွမ်းအင်များထဲတွင် အသုံးပြုအများဆုံးစွမ်းအင်အရင်းအမြစ်များမှာ ကျောက်မီးသွေး (Coal)၊ တွင်းထွက်လောင်စာဆီ (Oil)၊ သဘာဝဓာတ်ငွေ့ (Natural Gas)၊ နေ (Solar)၊ လေ (Wind)၊ ဇီဝလောင်စာ (Biofuels)၊ ရေအား (Hydro)၊ နျူကလီးယား (Nuclear) တို့ဖြစ်သည်။ လူသားတို့အနေဖြင့် စွမ်းအင်အရင်းအမြစ်အမျိုးမျိုး တိုးချဲ့ရှာဖွေဖော်ထုတ်သုံးစွဲလာနိုင်ကြသော်လည်း စွမ်းအင်လိုအပ်ချက်ကတော့ များပြားနေဆဲဖြစ်ပါသည်။ ထို့အပြင် သန့်ရှင်းသောစွမ်းအင်ရရှိရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို အသုံးပြုနိုင်ရေးတို့အတွက် ကမ္ဘာ့နိုင်ငံအသီးသီး၌ စိန်ခေါ်မှုများ ရှိနေကြဆဲဖြစ်သည်။
မြန်မာနိုင်ငံသည်လည်း စွမ်းအင်ရရှိရေး သဘာဝတွင်းထွက်ပစ္စည်းများအပေါ် မှီခိုအားထားရမှုကို လျော့ချနိုင်ရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သော လေ၊ နေ၊ ရေအား၊ ဘူမိအပူ နှင့် ဇီဝစွမ်းအင် စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် သုံးစွဲနိုင်ရေး မူဝါဒများ၊ အစီအမံများချမှတ်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ကြရာတွင် သဘာဝစွမ်းအင် အရင်း အမြစ်များဖြစ်ကြသော လေ၊ နေ၊ ရေတို့မှ စွမ်းအင်အဖြစ်အသွင်ပြောင်း သုံးစွဲနိုင်ရေးအတွက် နည်းပညာများရရှိရေးနှင့် ထိရောက်စွာသုံးစွဲနိုင်ရေး သုတေသနလုပ်ငန်းများလည်း ဆောင်ရွက်လျက် ရှိကြသည်။ ထို့အပြင် ဇီဝလောင်စာထုတ်လုပ် နည်းပညာများ၊ ဇီဝဓာတ်ငွေ့နည်းပညာများ၊ Gastifire နည်းပညာများကိုလည်း ဖွံးဖြိုးတိုးတက်ရေးနှင့် အဆိုပါနည်းပညာများကိုအသုံးချ၍ စွမ်းအင်လိုအပ်ချက်များကို တဖက်တလမ်းမှ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြပါသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများ လည်ပတ်နိုင်ရေးအတွက်လည်း စွမ်းအင်သည် အဓိကမောင်းနှင်အား တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိူင်မှုသည် နှစ်စဉ်တိုးတက်လျက်ရှိသော်လည်း အဆိုပါ စက်ရုံ၊ အလုပ်ရုံများအတွက် လိုအပ်သောစွမ်းအင်ကို ဖြည့်ဆည်းပေးနိုင်ရေး အကန့်အသတ်များစွာ ရှိနေဆဲ ဖြစ်သည်။ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိခြင်း မရှိသောကြောင့် ရုပ်ကြွင်းလောင်စာဆီများကို အသုံးပြု၍လည်ပတ်ရပါကလည်း ကုန်ထုတ်လုပ်မှုစရိတ် မြင့်မားလာမည်ဖြစ်သည့်အတွက် စီးပွားရေးအရတွက်ချေကိုက်မှုနည်းပါးခြင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချရခြင်းတို့ ကြုံတွေ့လာရ မည်ဖြစ်သည်။ သို့ဖြစ်ရာ အဆိုပါလုပ်ငန်းများ အတွက် ဈေးနှုန်းသက်သာသော၊ လက်လှမ်းမီသော၊ ရေရှည်သုံးစွဲနိုင်သော စွမ်းအင်ရရှိရေး ဆောင်ရွက်ပေးရန်လိုအပ်ပါသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်ပြီး ဆန်စပါးထုတ်လုပ်မှုများသော နိုင်ငံတစ်ခုဖြစ်သည်။ နှစ်စဉ်စပါးတင်း သန်းပေါင်း (၁၃၀၀)ကျော်ခန့် ထုတ်လုပ်နိုင်သည်။ ဆန်စက်ပေါင်းများစွာလည်း ရှိပါသည်။ အဆိုပါဆန်စက်များမှ ထွက်ရှိသောစပါးခွံများကို လောင်စာ အဖြစ် အသုံးပြုမှုများပါသည်။ ယခုအခါ စပါးခွံများကို မီးရှို့ရာမှရရှိသောဓာတ်ငွေ့ဖြင့် အင်ဂျင်များကို လည်ပတ်စေကာ စွမ်းအင်အဖြစ် အသုံးချလာကြသည်။ ဆန်စက်များနှင့် အခြားစက်မှုလုပ်ငန်းများ အနေဖြင့် အဆိုပါ Gastifire Engine များကိုအသုံးပြု၍ စက်လည်ပတ်လာကြသည်။ မဟာဓါတ်အား လိုင်း မရောက်သေးသည့် ဒေသအချို့တွင်လည်း စပါးခွံဓာတ်ငွေ့သုံး Gastifire Engine ကို Generator များနှင့် တွဲဖက်ကာ လျှပ်စစ်မီးရရှိရေးသုံးစွဲလာကြသည်။ သို့သော် ခေတ်မှီနည်းပညာ ရရှိမှုအားနည်းခြင်း၊ ပိုမိုကောင်းမွန်သင့်လျော်သော စက်ယူနစ်များသုံးစွဲနိုင်ရန်အတွက် အရင်းအနှီးမလုံလောက်ခြင်းတို့ကြောင့် ဘေးထွက်ဆိုးကျိုးများရှိနေခြင်း၊ စက်ယူနစ်များသက်တမ်း ကြာရှည်စွာ အသုံးမပြုနိုင်ခြင်းတို့ကြောင့် Gastifire သုံးစွဲနိုင်မှုမှာ ဖြစ်သင့်သော အတိုင်းအတာထက် နည်းနေဆဲဖြစ်သည်။ Gastifire သုံးစွဲမှုနှင့် ပတ်သက်၍ ယခုလက်ရှိကြုံတွေ့ရသော အဓိက အခက်အခဲ (၂) ပိုင်းရှိပါသည်။ ပထမအခက်အခဲမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်စေသော စွန်ပစ်ပစ္စည်းများဖြစ်ကြသည်။ စပါးခွံမီးလောင်ရာမှ ထွက်ရှိသောဓာတ်ငွေ့အား ဖမ်းယူရာတွင် ဓာတ်ငွေ့သန့်စင်ရာ၌ ရေဖြန်းစနစ်လို အများဆုံးအသုံးပြုကြသည်။ အဆိုပါ စနစ်သုံးစွဲခြင်းကြောင့် ဓာတ်ငွေ့တွင် ပါဝင်လာသော စပါးခွံဖွဲပြာနှင့် အခြားမလိုအပ်သည်များကို ခွဲထုတ်နိုင်သော်လည်း စွန့်ပစ်ရေ အမြောက်အများထွက်ရှိသည်ကိုတွေ့ရသည်။ အဆိုပါ စွန့်ပစ်ရေကို သန့်စင်ခြင်းမရှိပဲ စွန့်ထုတ်ပါက စွန့်ပစ်ရေ၏ အနံဆိုးများနှင့် အနည်အနှစ်များကြောင့် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေမည်ဖြစ်သည်။ လက်ရှိအသုံးပြုနေကြသော Gastifire သုံးစက်ရုံများတွင် စွန့်ပစ်ရေကို အနည်ထိုင်ကန်များ၊ ရေစစ်ကန်များဖြင့် စစ်ထုတ်ပြီး ရေဆိုးမြောင်းများ၊ မြစ်၊ချောင်းများသို့ စွန့်ပစ်ကြသည်ကို အများအားဖြင့်တွေ့ရသည်။ သို့သော် Physical နည်းဖြင့်သာ စစ်ထုတ်ကြခြင်း ဖြစ်ပြီး အဆိုပါ စွန့်ပစ်ရေတွင်ပါဝင်သော Organic နှင့် Inorganic Compound များ၊ ကာဗွန် မိုနောက်ဆိုက်နှင့် အမိုးနီးယားတို့ကြောင့် ကင်ဆာရောဂါဖြစ်စေနိုင်ခြင်း၊ ကုန်းနေ၊ ရေနေသတ္တဝါ တို့ကို အဆိပ်အတောက်ဖြစ်စေနိုင်ခြင်းစသည့် ဆိုးကျိုးသက်ရောက်မှုများရှိနိုင်ကြောင်းသိရသည်။ သို့ပါ၍ အဆိုပါ စွန့်ပစ်ရေကို ဓာတုဗေဒနည်းလမ်းဖြင့်လည်းသန့်စင်ပြီးမှ စနစ်တကျစွန့်ပစ်ရန် လိုအပ်နေသည်။ ဒုတိယအခက်အခဲတစ်ခုမှာ အင်ဂျင်သို့ပို့လွှတ်သည့် ဓာတ်ငွေ့တွင် ကတ္တရာ ( Tar ) ပါဝင်မှုကို စနစ်တကျ စစ်ထုတ်နိုင်ခြင်းမရှိသည့်အတွက် အဆိုပါကတ္တရာများကြောင့် အင်ဂျင် သက်တမ်းတိုခြင်း၊ မကြာခဏပြုပြင်ထိန်းသိမ်းရခြင်းတို့ကြောင့် စက်များကိုစဉ်ဆက်မပြတ် လည်ပတ်၍ စွမ်းအင်ထုတ်ယူနိုင်ရေးအတွက် အနှောင့်အယှက်ဖြစ်စေရုံသာမက Gastifire Engine အား စီးပွားဖြစ် ရေရှည်အသုံးပြုရန် အဟန့်အတားတစ်ခုဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံတွင် ၁၉၉၅ ခုနှစ်ကပင် Gastifire ကို ပြည်တွင်း၌ တီထွင်စမ်းသပ်သုံးစွဲခဲ့ကြပြီး မြန်မာနိုင်ငံမှ ဆောင်ရွက်ခဲ့သော Gastifire Project များသည် အောင်မြင်မှုများရရှိခဲ့ရာ ပြည်တွင်း/ ပြည်ပမှ ချီးမြှင့်ခဲ့သော ဆုများပင်ရရှိခဲ့ကြောင့် ပညာရှင်များကဆိုသည်။ ထို့ကာလနောက်ပိုင်တွင် စက်ရုံ၊အလုပ်ရုံအချို့သည် ၎င်းတို့အတွက် လိုအပ်သောစွမ်းအင်ရရှိရေး Gastifire ကို သုံးစွဲလာခဲ့ ကြသည်။ သို့သော် Gastifire နှင့် ပတ်သက်၍ စနစ်တကျ လေ့လာဆောင်ရွက်ကြခြင်းမျိုး မဟုတ်ဘဲ အများအားဖြင့် ဒီဇိုင်းပိုင်းကိုသာ ပုံတူကူး၊ အတုယူဆောင်ရွက်ခဲ့ကြခြင်းဖြစ်သောကြောင့် နည်းပညာနှင့် နည်းစနစ်ပိုင်းဆိုင်ရာ အားနည်းချက်များရှိခဲ့ကြကြောင်း၊ ပတ်ဝန်းကျင်ညစ်ညမ်း စေမှုနှင့် စက်ယူနစ်များ၏ တာရှည်ခံသုံးစွဲနိုင်မှုတို့ကို ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ခြင်း မရှိကြောင်း လေ့လာသိရှိရသည်။
မည်သည့်နည်းပညာမဆို ပြီးပြည့်စုံသည့် နည်းပညာဟူ၍မရှိသကဲ့သို့ ရပ်တန့်သွားသည့် နည်းပညာဟူ၍လည်းမရှိပေ။ Gastifire နည်းပညာသည်လည်း အစဉ်တိုးတက်မှုများရှိလာနေသည်။ အရွယ်အစားသေးငယ်သော Gastifire များအတွက်သာမက အရွယ်အစားကြီးမားသော Gastifire များအတွက်ပါ နည်းပညာအသစ်များ ရှာဖွေဖော်ထုတ် သုံးစွဲလာနိုင်ကြသည်။ ဆိုးကျိူး သက်ရောက်မှုဖြစ်စေသော ဘေးထွက်ပစ္စည်းများနှင့် ရေဆိုးထွက်ရှိမှုနည်းပါးသော နည်းပညာများ နှင့် စက်ယူနစ်များ တီထွင်လာနိုင်ကြပြီဖြစ်သည်။ ထို့အပြင် ပတ်ဝန်းကျင်အား ဆိုးကျိုးသက်ရောက်မှု နည်းသည်ထက်နည်းစေရေး၊ ဘေးထွက်ပစ္စည်းများကိုလည်း စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးနှင့် မြေဩဇာအဖြစ် ပြန်လည်အသုံးပြုနိုင်စေရေးနှင့် စီးပွားရေးအရ တွက်ကိုက်သော စွမ်းအင်ထုတ်လုပ်နိုင်ရေး ခေတ်မီနည်းပညာများဖြင့် ဆောင်ရွက်လာနိုင်ကြပြီဖြစ်သည်။ အိမ်နီချင်း နိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံ၊ အင်ဒိုနီရှားနိုင်ငံတို့တွင်လည်းကောင်း၊ အခြားကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်းကောင်း အောင်မြင်သော Gastifire Project များဖြင့် စွမ်းအင်ကဏ္ဍကို တဖက်တလမ်းမှ ဖြည့်ဆည်းပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း JICA ၊ World Bank ၊ UNDP ၊ ADB စသည့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီဖြင့် Gastifire Project များကို အောင်မြင်စွာ ဆောင်ရွက်လာနိုင်ပြီ ဖြစ်သည်။
လက်ရှိကာလတွင် မြန်မာနိုင်ငံ၌ အောင်မြင်သော Gastifire သုံး စွမ်းအင်ထုတ်လုပ် သုံးစွဲမှုများရှိနေပြီဖြစ်သည်။ Gastifire နှင့် ပတ်သက်၍ နားလည်တတ်ကျွမ်းသည့် အတွေ့အကြုံရင့် ပညာရှင်များကလည်း စီးပွားရေးလုပ်ငန်းရှင်များနှင့်ပေါင်းစပ်ကာ Gastifire တည်ဆောက်ရေး လုပ်ငန်းများလည်း ဆောင်ရွက်လျှက်ရှိကြသည်။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနအနေဖြင့် Gastifire အသုံးပြုခြင်းနှင့် ပတ်သက်၍ လေ့လာဆန်းစစ်မှုများ၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး သုတေသနစာတမ်းများပြုစု၍ အကိုးအကားပြု နိုင်ရေးနှင့် နည်းပညာရရှိရေးဆောင်ရွက်ပေးလျက်ရှိသည်။ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအနေဖြင့်လည်း Gastifire တည်ဆောက်ရေးလုပ်ငန်းများတွင် စနစ်တကျ စစ်ဆေးကြီးကြပ်ခြင်း၊ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များ ပံ့ပိုးပေးနိုင်ရေး ချိတ်ဆက်ဆောင်ရွက် ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျှက်ရှိပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့်လည်း Gastifire လုပ်ငန်းများနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်နိုင်မှု အခြေအနေများကို လုပ်ထုံးလုပ်နည်းများနှင့်အညီစစ်ဆေး ခြင်း၊ ပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
ယနေ့အချိန်အခါတွင် သဘာဝပတ်ဝန်းကျင်အား ဆိုးကျိုးသက်ရောက်မှုနည်းသော၊ စွမ်းအင်ကို စီးပွားဖြစ်ရေရှည်ထုတ်လုပ်သုံးစွဲနိုင်သော Gastifire နည်းပညာများကို အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လက်လှမ်းတမှီ ရရှိနိုင်ပြီဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့်လည်း အဆိုပါ Gastifire လုပ်ငန်းများတည်ဆောက်၊လည်ပတ် ဆောင်ရွက် နိုင်ရေးနှင့် စွမ်းအင်လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေး မူဝါဒများချမှတ်ပေးခြင်း၊ အားပေးမြှင့်တင် ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင်အဆိုပါလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သောလမ်းညွှန်ချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ တိကျသော စံလုပ်ငန်းစဉ်များ ပြဌာန်း၍ ကြပ်မတ်ဆောင်ရွက်ကြရန်လည်း လိုအပ်မည်ဖြစ်ပါသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် နိုင်ငံ့စီးပွားရေးလုပ်ငန်း အားလုံး၏ (၉၉) ရာခိုင်နှုန်းကျော်ရှိပြီး ပြည်တွင်းအသားတင်ထုတ်လုပ်မှု( GDP ) ၏ ( ၄၀ ) ရာခိုင်နှုန်းခန့်ကို ပံ့ပိုးကူညီလျက်ရှိပါသည်။ လျှပ်စစ်ဓာတ်အားမရရှိသည့်၊ လျှပ်စစ်ဓာတ်အား လုံလောက်မှုမရှိသည့် ဒေသများတွင် စီးပွားရေးလုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံများအနေဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးနှင့် စက်ရုံများလည်ပတ်ရန် စွမ်းအင်ရရှိရေး ဒီဇယ်ဂျင်နရေတာများကို မှီခိုနေကြရသည်။ သို့ဖြစ်ရာ ကုန်ထုတ်လုပ်မှုစရိတ်မြင့်မားခြင်း၊ စီးပွားရေးတွက်ချေကိုက်မှု နည်းပါးခြင်းတို့ ကြုံတွေ့နေကြရသည်။ Gastifire နည်းပညာသည် အဆိုပါ စက်ရုံ၊အလုပ်ရုံများ၊ လုပ်ငန်းများအတွက် လိုအပ်သော စွမ်းအင်ရရှိနိုင်ရေးနှင့် ဈေးနှုန်းသက်သာသော စွမ်းအင်ရရှိရေး ထိရောက်သောနည်းလမ်းတစ်ခုလည်းဖြစ်ပါသည်။ ခေတ်မီနည်းပညာသုံး Gastifire များသည် ပတ်ဝန်းကျင် ဆိုးကျိုးသက်ရောက်မှုနည်းပါးပြီး စီးပွားရေးအရတွက်ချေကိုက်သော စွမ်းအင် ရရှိနိုင်ရေးဆောင်ရွက်ပေးနိုင်ပါသည်။ အဆိုပါ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းများအနေဖြင့် ၎င်းတို့လိုအပ်သည့် စွမ်းအင်ရရှိရေး Gastifire ကို ကူးပြောင်းသုံးစွဲမည်ဆိုပါက အဓိကလိုအပ်ချက်မှာ ကနဦးရင်းနှီးမတည်ရင်းနှီးရန် ဖြစ်နိုင်ပါသည်။ သို့ဖြစ်ပါ၍ Gastifire ကူးပြောင်းသုံးစွဲနိုင်ကြ စေရေးအတွက် နိုင်ငံတော်အနေဖြင့် ရင်းနှီးမတည်ငွေပံ့ပိုးပေးခြင်းနှင့် ခေတ်မီနည်းပညာနှင့် စက်ယူနစ်များ ရရှိသုံးစွဲနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးရန်လိုအပ်သကဲ့သို့ အခြားတဖက်တွင်လည်း ပတ်ဝန်းကျင်အားဆိုးကျိုးသက်ရောက်မှုမရရှိစေရေး လိုအပ်သော ညွှန်ကြားချက်များ၊ စံသတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများဖြင့် ထိန်းကျောင်းဆောင်ရွက် ပေးသင့်ပါကြောင်း တင်ပြလိုက်ရပါသည်။
DOCA(စစ်ကိုင်း)