ဆန်စက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်အတွင်းစားနပ်ရိက္ခာဖူလုံစေရေး၊ ဆန်/ စပါး ရောင်းဝယ်မှု လုပ်ငန်းများစနစ်တကျရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့် ပြည်တွင်းဌာနခွဲတာဝန်ခံ ဦးမျိုးဝင်းနိုင် ဦးစီးအရာရှိတို့သည် ၇-၈-၂၀၂၃ ရက်နေ့ ၊နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ကရင်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက စာရင်းဇယားများအရ ကရင်ပြည်နယ်သည် စပါးစိုက်ပျိုးထွက်ရှိမှုကောင်းမွန်ပြီး စား/သုံးပိုလျှံမှာ ဆန်ပိုဒေသဖြစ်ပါကြောင်း၊ သို့ပါသော်လည်း ကရင်ပြည်နယ်တွင် ဆန်စက်လုပ်ငန်းနှင့် သိုလှောင်ရုံ ကြီးကြီးမားမားမရှိသည့်အတွက် ဒေသတွင်းအခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်စီး ထွက်မှုများခဲ့ပြီး ဒေသတွင်းဆန်လိုအပ်မှု ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ဒေသလိုအပ်ချက်အတွက် အခြားဒေ သများမှ ဆန်/စပါးများ ဝယ်ယူရသည့်အခါ သယ်ယူပို့ဆောင်ခနှင့် အထွေထွေစရိတ်များကြောင့် ဈေးနှုန်းမြင့်တက်မှု ဖြစ်ခဲ့ပါကြောင်း၊ အဆိုပါအချက်များ အပေါ်ထိန်းညှိဆောင်ရွက်နိုင်ရေးအတွက် ကရင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းအနေဖြင့် ဘက်ပေါင်းစုံမှစဉ်းစား၍ ကြိုးစားဆောင် ရွက်သွားစေလိုပါကြောင်း၊ ထို့အပြင် ဆန်ရောင်းဝယ်မှုများနှင့် ပတ်သက်၍ ရောင်းချသောဆန်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြနိုင်ရေးအတွက် စနစ်တကျ လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဆန်အိတ်များတွင် ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အလေးချိန် အချင်အတွယ်ကို မြန်မာလိုဖော်ပြရာ၌ ပြည်၊ ပေါင်၊ ကီလိုများကို မြန်မာလိုဖော်ပြရ မည်ဖြစ်ပါကြောင်း၊ ၆ ပြည်အိတ်၊ ၁၂ ပြည်အိတ်၊ ၂၄ ပြည်အိတ်များ ရောင်းချရာတွင် စားသုံးသူများ နစ်နာမှုမရှိစေရန်အတွက် ဈေးနှုန်းနှင့် အလေးချိန်များကို စားသုံးသူသို့ သတင်းအချက်အလက်မှန် ကန်စွာ ဖော်ပြရမည်ဖြစ်ပါကြောင်း၊ ကရင်ပြည်နယ် ဆန်စက်အသင်းအနေဖြင့် အလေးထား ကြပ် မတ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပါသည်။
ကရင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က ဆွေးနွေးရာတွင် ကရင်ပြည်နယ်အတွင်း ဆန်စက်လုပ်ငန်းများဖွံဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင် ရွက်လျက်ရှိပါကြောင်း၊ ကရင်ပြည်နယ်အတွင် ဒေသဝမ်းစာဖူလုံစေရေးနှင့် ပြည်သူများသက်သာသော ဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန် ဆန်ဝယ်ယူနိုင်ရေးအတွက် ဒေသအရန်ဆန် သိုလှောင် နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသရှိဆန်စက်လုပ်ငန်းများ ဆန်ကြိတ်ခွဲနိုင်မှု ပမာဏနှင့် ဒေသဝမ်းစာ စားသုံးမှု လိုအပ်ချက်အပေါ် တွက်ချက်၍ လိုအပ်သောဆန်များကို အခြားဒေသများမှ ဝယ်ယူ၍ သိုလှောင်ထားမည်ဖြစ်ပါကြောင်း၊ ဝယ်ယူသိုလှောင်ထားသော အရန်ဆန်များအား ဒေသတွင်းလိုအပ်ချက်ရှိသည့် အချိန်တွင် မူလဝယ်ယူမှု ကုန်ကျစရိတ်အပေါ် ၂ % သာ ထပ်ပေါင်း၍ သက်သာသော ဈေးနှုန်းဖြင့်ရောင်းချပေးသွားမည် ဖြစ်ပါကြောင်း၊ ဆန်အိတ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ဒေသတွင်းရှိ လုပ်ငန်းရှင်များသို့ချပြ ရှင်းလင်းနိုင်ရေးအတွက် အစည်းအဝေးခေါ်ယူ၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ကရင်)