စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည်(၂.၈.၂၀၂၃)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့နယ်၊ စံပြကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော အမျိုးသမီးအိမ်တွင်းအခြေခံ အပ်ချုပ်သင်တန်းဖွင့်ပွဲ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော ခြင်းများ ဆောင်ရွက်ခဲ့ရာ သင်တန်းသူ (၂၀)ဦး၊ ဆရာမ(၃)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ(၇)ဦး စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါဟောပြောပွဲတွင် မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းက စားသုံးသူရေးရာဦးစီးဌာနသမိုင်းနှင့် ယခုလက်ရှိတွင် ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်း၊ လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်တာဝန်များအကြောင်း၊အပ်ချုပ်စက်သင်တန်းသူများသည် နောင်တစ်ချိန်တွင် ဝန်ဆောင်မှုကို ဆောင်ရွက်ပေးသော လုပ်ငန်းရှင်ဖြစ်လာမည် ဖြစ်ပါသောကြောင့် လုပ်ငန်းရှင်များ၏ တာဝန်များအကြောင်း ကို သိရှိရန်လိုအပ်ပါကြောင်း၊ စားသုံးသူ(အထည်ချုပ်ခိုင်းသူ)၏ အခြေခံလိုအပ်ချက်ကို စိတ်ကျေနပ်မှုရရှိ အောင်ဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်း၊ စားသုံးသူကလိုချင်သော ချုပ်ပုံချုပ်နည်းများအတိုင်း ဆောင်ရွက်ပေးရမှာ ဖြစ်ပါကြောင်း၊ ဥပမာ-အင်္ကျီရင်ဖုံးဆိုရင် ဘယ်ဖုံးဆို ဘယ်ဖုံး၊ ညာဖုံးဆို ညာဖုံးဖြစ်ဖို့ လိုအပ်ပါကြောင်းနှင့် ဂတိပြုထားသော အချိန်ကာလအတောအတွင်းမှာ ပြီးစီးအောင် ချုပ်ပေးဖို့လိုအပ်ပါကြောင်း၊ ဂတိပြုထားသည့် ချုပ်ပုံမှားယွင်းသွားပါကလည်း စားသုံးသူကစိတ်ကျေနပ်မှုမရှိပါက စားသုံးသူစိတ်ကျေနပ်အောင်တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့်ပြန်လည်ဖြည့်ဆည်း ပေးရန်တာဝန်ရှိပါကြောင်း၊ စားသုံးသူတစ်ဦး၏အဝတ်အထည်ကို အခြား စားသုံးသူတစ်ဦးအား မှားယွင်းချုပ်ပေးမိတာမျိုးလည်းမဖြစ်သင့်ပါကြောင်း၊ မိမိပေးရမည့်ရက်ချိန်းအတိုင်း မှန်ကန်စွာပေးနိုင်ရန်လိုအပ်ပါကြောင်း၊ ဝန်ဆောင်မှုအပိုင်းနှင့် စပ်လျဉ်း၍ အထူးအလေးထား ဆောင်ရွက်ပေးရန် လို အပ်ပါ ကြောင်းနှင့် ဝန်ဆောင်မှုကို ဆောင်ရွက်ပေးနေသော လုပ်ငန်းရှင်များ၏ တာဝန်များကိုလည်း အကျယ်တဝင့်ဆွေးနွေးဟောပြောခဲ့ပါသည်။
၎င်းနောက်မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူးဒေါ်ဌေးဌေးဝင်းသည် လူတိုင်းလူတိုင်းသည် ကုန်စည် နှင့်ဝန်ဆောင်မှုကို နေ့စဉ်နှင့်အမျှ ဝယ်ယူသုံးစွဲနေကြရသဖြင့် လူတိုင်းလူတိုင်းလည်း စားသုံးသူအခွင့်အရေးနှင့်တာဝန်များ အကြောင်းသိရှိပြီး စိတ်ပိုင်းဆိုင်ရာ နစ်နာဆုံးရှုံးမှုတွေ၊ ရုပ်ပိုင်းဆိုင်ရာ နစ်နာဆုံးရှုံးမှုတွေဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနမှာရှိတဲ့ “စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဖြေရှင်းပေးရေးစင်တာ”(CICC) သို့လည်းကောင်း၊ Face book Website ဖြစ်သော www.doca.gov.mm သို့လည်းကောင်း DOCA Myanmar Mobile Application မှတစ်ဆင့်လည်းကောင်း၊ ၁၅၃၅ Call Center သို့လည်းကောင်း တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်း ဆွေးနွေးဟောပြောခဲ့ပါသည်။
DOCA (မကွေး)