Main menu

စစ်ကိုင်းတိုင်းဒေသကြီး၏ နာမည်ကျော်ကြား ဆိပ်ခွန်လုံချည်များ

Powered by Drupal
Tue, 08/15/2023 - 11:37 -- consumer_admin

 မြန်မာနိုင်ငံတွင် အမျိုးသားများဝတ်ဆင်သောလုံချည်ကို ပုဆိုး ( အသံထွက် ပဆိုး) ဟုခေါပြီး အမျိုးသမီးများဝတ်ဆင်သောလုံချည်ကို ထဘီ (အသံထွက် ထမိန်) ဟုခေါ်သည်။ အမျိုးသား/ အမျိုးသမီးဝတ်ဆင်နည်းတို့မှာ မတူညီသကဲ့သို့ အဆင်များနှင့်ဖွဲ့စည်းထားပုံများမှာလည်းကွဲပြားခြားနားပါသည်။ ရှေးအခါက အမျိုးသားများ၏ပုဆိုးကို တောင်ရှည်ပုဆိုးဟုခေါ်ပါသည်။ တောင်ရှည်ပုဆိုးသည် အတောင် ၂၀ရှည်သောအစဖြစ်ပြီး ယခုခေတ်တွင် ဝတ်ဆင်ကြသကဲ့သို့ ကွင်းလုံးပုံချုပ်မထားပါ။ ယခုခေတ်၏ပုဆိုးဝတ်ဆင်ပုံမှာ အရှေ့ပိုင်းအစွန်းနှစ်ဖက်ကို ရှေ့လက်၌ အတူတကွထပ်ခေါက်၍လိပ်ပြီး ချက်အောက်နား ခါးနေရာတွင် လျှိုသွင်းထားပါသည်။ အမျိုးသမီးများသည် သုံးတောင်တစ်ထွာရှည်ပြီး ရှေးအခါက အမျိုးသားများနည်းတူ ကွင်းလုံးချုပ်ထားခြင်းမရှိပါ။ အမျိုးသမီးများသည် အစတစ်ဖက်တည်းကိုသာ ရှေ့သို့ရစ်ပတ်လျက် အခြားခါး၏တစ်ဖက်ခြမ်းတွင် အတွင်းသို့ထိုးသွင်းထားပါသည်။ ထမိန်အောက်နားကို ခေတ်အလိုက် အတိုအရှည်ဝတ်ဆင်လေ့ရှိသော်လည်း ဒူးအထက်သို့မူကားမရောက်ပါ။ လုံချည်များကို များသောအားဖြင့် မချုပ်ဘဲရောင်းကြသည်။ သို့သော် ယခုခေတ်တွင် အသင့်ဝတ်အထည်များအဖြစ်ရရှိနိုင်ပြီး ထဘီများကို အနောက်တိုင်းစကပ်များအတိုင်း ချုပ်ကြသည်။ လုံချည်ဖြည်ခြင်းနှင့် ပြန်ပြင်ဝတ်ဆင်ခြင်းတို့ကို အမျိုးသမီးနှင့် အမျိုးသားများသည် အများသူငါရှေ့တွင် ပြုလုပ်ကြသည်ကို မကြာခဏမြင်ရသော်လည်း အမျိုးသမီးများကပို၍ သိုသို သိပ်သိပ်လုပ်ဆောင်လေ့ရှိကြသည်။

  ရှေးက မြန်မာလူမျိုးများသည် မိမိယာမှထွက်သောဝါဂွမ်းကိုခူးဆွတ်၍ ဝါဖန်၊ ဗိုင်းငင်၊ ချည်ငင်၊ ချည်ချ၊ သစ်ပင်မှထွက်သောအစေးကို အရောင်အဖြစ်အသုံးပြု၍ အဝတ်အထည်များကို ကိုယ်တိုင်ရက်လုပ်၍ဝတ်ဆင်ခဲ့ရာ တဖြည်းဖြည်း လူနေမှုအဆင့်အတန်းတိုးတက်လာသည်နှင့်အမျှ မိရိုးဖလာလက်ရက်ကန်းအဆင့်မှသည် စက်ရက်ကန်းသို့ ပြောင်းလဲလာခဲ့ကြသည်။

 ယခုအခါ ဆိပ်ခွန်ကျေးရွာသည် စစ်ကိုင်းတိုင်းအတွင်းသာမက မြန်မာနိုင်ငံတစ်နိုင်ငံလုံး အမျိုးသား/အမျိုးသမီးဝတ်လုံချည်ရက်လုပ်ခြင်းဖြင့် နာမည်ကျော်ကြားလူသိများလျက်ရှိသည်။ ဆိပ်ခွန်ကျေးရွာသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့မှ (၇)မိုင်ကွာဝေးပြီး ကားလမ်းဖြင့်သွားနိုင်သည့် စံပြကျေးရွာတစ်ခုဖြစ်ပါသည်။ ဆိပ်ခွန်‌ကျေးရွာသည် မူးရေဝင်၊ ဆည်ရေသောက်လယ်မြေများနှင့် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ကြသည့်အပြင် ရက်ကန်းလုပ်ငန်းအား မြန်မာ့ရိုးရာအိမ်တွင်းမှုလုပ်ငန်းအဖြစ် ပူးတွဲလုပ်ကိုင်ခဲ့ကြသည်မှာ နှစ်ပေါင်းရာကျော်ရှိပြီဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

   ဆိပ်ခွန်ကျေးရွာတွင် စက်ရက်ကန်းနှင့် လက်ရက်ကန်းလုပ်ကိုင်သည့်လုပ်ငန်းရှင် (၈၀)ဦးခန့်ရှိပြီး ဦးဝင်းမော်ဦး၊ ဆင်နှစ်ကောင်၊ ဆင်မင်း၊ တက်နေဝင်း၊ ဘရဏီ၊ ရွှေသစ္စာလုပ်ငန်းရှင်များသည် မိမိကိုယ်ပိုင်တံဆိပ်တပ်၍ ဈေးကွက်သို့တင်ပို့ရောင်းချကြောင်းသိရှိရသည်။ ရက်ကန်းလုပ်ငန်းများကျယ်ပြန့်များပြားလာပြီး ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာ ၂၅ရွာခန့်၌ တစ်နိုင်တစ်ပိုင်အိမ်တွင်းမှုလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိကြသည်။

လုံချည်ထုတ်လုပ်ပုံအဆင့်ဆင့်

    လုံချည်ရက်လုပ်ရန်အတွက် ရှေးဦးစွာချည်ထုပ်များကို အမှုန်များ၊ ဝါဖတ်များ၊ အမှိုက်များကင်းစင်စေရန်ခါရကြောင်း၊ ခါပြီးသောချည်များကို ရေတွင်စိမ်၍နင်းကာ ပြန်ဆည်ပြီးထုခြင်းနှင့် ရေပြန်စိမ်ခြင်းတို့ကို ၃ညအိပ် ၃ရက်ပြုလုပ်ရကြောင်း၊ ထုပြီးချည်များကိုရေညစ်ပြီး ဖွာသွားစေရန် ‌‌ရေညစ်ပြီးခါရကြောင်း၊ ထို့နောက် အသင့်ဖျော်ထားသောဆေးဆိုးဒယ်များတွင် မိမိကြိုက်နှစ်သက်သည့်အရောင်ဖြင့်ဆေးဆိုးကြောင်း၊ ဆေးဆိုးပြီးချည်များကို ဆန်ကွဲထမင်းများထည့်၍ နင်းချေကာချည်စာယူရကြောင်း၊ ချည်စာယူပြီးချည်များကို နင်းစက် (သို့မဟုတ်) ခြေထောက်ဖြင့်နင်းပြီး နေလှန်း၍အခြောက်ခံရကြောင်း၊ ခြောက်ပြီးသောချည်များကို ချည်စာသီးနှင့်ဖီးပြီး အတိုင်ချည်၊ အဖောက်ချည်အဖြစ်အသုံးပြုကြောင်း လေ့လာသိရှိရပါသည်။ အတိုင်ချည်အတွက် ယောက်လုံးဖြင့်ချည်ချ၍ ရဟတ်ပုတ်ခြင်းဖြင့် အတိုင်ဆင်ပြုလုပ်ရပြီး အဖောက်ချည်အတွက် ချားတွင်တပ်ကာ ရက်ဖောက်ဖြင့် ရစ်သွင်းယူရသည်။ ၎င်းရက်ဖောက်ကို လွန်းအိမ်တွင်တပ်ဆင်ကာ အတိုင်ချည်များကြားတွင် လွန်းအိမ်ကိုပြေးစေခြင်းဖြင့် အထည်များရက်လုပ်ကြသည်။ ယခုစက်ရက်ကန်းလုပ်ငန်းလုပ်ကိုင်သူအများစုသည် ဆေးဆိုးပြီးချည်များကို ဝယ်ယူရက်လုပ်ကြကြောင်းသိရှိရပါသည်။

ရက်လုပ်သည့် ထုတ်ကုန်နှင့် ဈေးနှုန်း၊ ဈေးကွက်များ

  ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာတွင် စက်ရက်ကန်းစင်ပေါင်း ၄၀၀ကျော်ခန့်ရှိသည်။ ရက်လုပ်သည့်ထုတ်ကုန်များမှာ အမျိုးသားဝတ်ပုဆိုးကြမ်းနှင့်အချော၊ အမျိုးသမီးဝတ်လုံချည်အကြမ်းနှင့်အချော၊ လွယ်အိတ်၊ တဘက်၊ လက်သုတ်ပဝါ စသည်တို့ကို  အဆင်ဒီဇိုင်းအမျိုးမျိုးထုတ်လုပ်ရာ အမျိုးသမီးဝတ်လုံချည်အဆင်ပေါင်း ၃၀ခန့်ရက်လုပ်ကြောင်းသိရှိရသည်။ ရောင်းဈေးနှုန်းများမှာ အမျိုးသားဝတ်ပုဆိုးတစ်ထည်လျှင် အနည်းဆုံး ၈ထောင်ကျပ်မှ အများဆုံး ၁သောင်း၆ထောင်ကျပ်အထိ၊ အမျိုးသမီးဝတ်လုံချည်တစ်ထည် (သို့မဟုတ်) အင်္ကျီနှင့်လုံချည်တွဲလျက်တစ်ထည်လျှင် အနည်းဆုံး ၈ထောင်ကျပ်မှ အများဆုံး ၄သောင်းကျပ်အထိ၊ အဆင်ဒီဇိုင်းနှင့် အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချကြသည်။ ဆိပ်ခွန်ကျေးရွာမှထုတ်လုပ်သည့် ဆိပ်ခွန်လုံချည်များကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းနှင့် မန္တလေးမြို့သို့ အများဆုံးတင်ပို့ရောင်းချကြောင်း ရက်ကန်းလုပ်ငန်းရှင်တစ်ဦးက ပြောပြပါသည်။

     ဆိပ်ခွန်ရက်ကန်းလုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်စေရန် စက်ရက်ကန်းများသည် လျှပ်စစ်မီးကိုအသုံးပြု၍ လည်ပတ်ရသဖြင့် လျှပ်စစ်မီးပုံမှန်ရရှိရန်လိုအပ်ခြင်း၊ ချည်အမျိုးမျိုး၊ ချည်ဆိုးဆေးအမျိုးမျိုးနှင့် ဆေးဆိုးပြီးချည် (အရောင်စုံ) အရောင်းဆိုင်များ၊ ရက်လုပ်ပြီးသည့်အထည်ချောများကို ပြန်လည်ဝယ်ယူမည့်ဖောက်သည်ဆိုင်ကြီးများရှိပါက ဆိပ်ခွန်ရက်ကန်းလုပ်ငန်းသည် ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း ရက်ကန်းလုပ်ငန်းရှင်တချို့ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)